မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်ကြီးများ၏ မိသားစုများအကြောင်း ပြောဆိုခြင်းသည် ပုဂ္ဂလိကကိစ္စများကို အရဲစွန့် စူးစမ်းရာ ရောက်ကောင်းရောက်နိုင်သည်။ သို့သော် နိုင်ငံရေးသည်လည်း ပုဂ္ဂလိကကိစ္စဖြစ်သည်ကို ကျနော်တို့နိုင်ငံတွင် ငြင်းပယ်၍ မရပေ။ ကျနော်တို့၏ နိုင်ငံရေးကံကြမ္မာသည်ပင် တစိတ်တပိုင်းအားဖြင့် ပုဂ္ဂလိက ကိစ္စများဖြစ်သည်မှာ သေချာသည်။
လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် အလွှာစုံမှ နိုင်ငံသားများ၏ ပုဂ္ဂလိက သူရဲကောင်း ဖြစ်သည်။ သူသည် ကျနော်တို့အတွက် အဖိုးတန်သောလက်ဆောင်ကို လူထုက အကြီးအကျယ် ချစ်ခင်ယုံကြည်သော သူ၏သမီး ဒေါ်အောင်ဆန်းစုကြည်အသွင်ဖြင့် ထားခဲ့သည်။
ယခုနှစ် အာဇာနည်နေ့ အခမ်းအနားသည် လွန်စွာ ထူးခြားသည်။ တနိုင်ငံလုံးက ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား အမျိုးသားသူရဲကောင်း အာဇာနည် ၈ ဦး တို့ သေဆုံးမှု ၆၉ နှစ်မြောက် နှစ်ပတ်လည်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းအား စောင့်ကြည့်ကြသည်။ ယခုနှစ် ဇူလိုင် ၁၉ သည် ဖခင်ဖြစ်သူ၏ မပြီးဆုံးသေးသော လုပ်ငန်း တာဝန်အမွေကို ၂၁ ရာစုထဲထိ ဆက်လက်ဖော်ဆောင်မည့် ပင်လုံစာချုပ်၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင်းအထန် ကြိုးစားနေချိန်ဖြစ်သောကြောင့် လူထုက နိုးနိုးကြားကြား ဖြစ်နေကြသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးသည် ဒေါ်စု၏ မူဝါဒဦးစားပေး ဖြစ်သည်။ ထိုအတွက်ပင် သူသည် တချိန်က သူ့ကို ထိပ်တန်းရန်သူအဖြစ် သတ်မှတ်ခဲ့သော လက်ဟောင်းနှင့် လက်ရှိ ဗိုလ်ချုပ်ကြီးများနှင့် လက်တွေ့ကျသော ပြန်လည်သင့်မြတ်ရေး ဆက်ဆံရေးကို တည်ဆောက်နေရသည်။ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အာဇာနည်နေ့ နှစ်ပတ်လည်အခမ်းအနားများကို တက်ရောက်သဖြင့် ယခုနှစ်တွင် ပြန်လည်သင့်မြတ်ရေး သင်္ကေတများ ဖြစ်လာခဲ့သည်။
တချိန်တည်းတွင် တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် ၅၄ ရှေ့တွင် စစ်ကားများနှင့် ရဲအစောင့်ကားများ ထိုနေ့က တန်းစီထားသည်ကို တွေ့ရသည်မှာလည်း ထူးဆန်းနေသည်။ အစိမ်းရောင်နှင့် ရေတပ်အပြာရောင် ယူနီဖောင်းဝတ် လုခြုံရေးတပ်ဖွဲ့ဝင်များက လမ်းဘေးတွင်နေရာယူထားကြသည်။ ယခင်နှစ်များကမူ တော်လှန်သော ပင်နီတိုက်ပုံနှင့် ကချင်လုံချည်ကို ဝတ်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းအတွင်း ပြည့်ကျပ်နေခဲ့သည်။ ယခုနှစ် တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် ၅၄ မှ အာဇာနည်နေ့အခမ်းအနားသည် အနှစ်သာရနှင့် အသွင်သဏ္ဌန် နှစ်မျိုးလုံး ပြောင်လဲသွားသည်။ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဝါရင့်ခေါင်းဆောင်အချို့ ရှိခြင်းမှလွဲ၍ ထိုနေ့ကအခမ်းအနားမှာ ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏မိသားစုများ အထူးတွေ့ဆုံပွဲ ပုံသာပေါက်နေသည်။ ဒေါ်စုအိမ်သို့ တပ်ချုပ် ပထမဆုံး လာရောက်လည်ပတ်ခြင်းလည်း ဖြစ်ဖွယ်ရှိသည်။
ထိုနေ့ အခမ်းအနားမှ ထွက်ပေါ်လာသောပုံများတွင် အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ဟောင်း ဦးရွှေမန်းသည် သူ၏ဇနီး ဒေါ်ခင်လေးသက်သာမက အခြားမိသားစုဝင်များကိုပါ ခေါ်ဆောင်လာသည်။ အထက်တွင် ဖော်ပြထားသောပုံတွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်လျက် အနေအထားဖြင့် ဒေါ်ခင်လေးသက်ကို စကားလှည့်ပြောနေသည်။ ဒေါ်ခင်လေးသက်နောက်တွင် သူမတို့ ဇနီးမောင်နှံ၏ ချွေးမများဖြစ်သော ဦးတိုးနိုင်မန်း၏ဇနီး ဒေါ်ဇေဇင်လတ်နှင့် ဦးအောင်သက်မန်း၏ ဇနီး ဒေါ်ခင်နှင်းသန္တာတို့ ထိုင်နေကြသည်။
နိုင်ငံတခု၏ အဓိက နိုင်ငံရေး စစ်ရေးခေါင်းဆောင်းများ၏ ပုံမှတဆင့် ထိုနိုင်ငံ၏ နိုင်ငံရေးရာသီဥတု အခြေအနေကို ဖွင့်ဆိုရန် ကြိုးစားခြင်းမှာ လူထုအတွက် ထူးဆန်းသည်ဟု မဆိုသာပေ။ သေချာသည်မှာ ထိုဓာတ်ပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်နှင့် ကြံ့ခိုင်ရေးပါတီဘက် နှစ်ဘက်လုံးတွင် ကွဲပြားခြားနားသော ခံစားမှုများ၊ အဓိပ္ပာယ်ဖွင့်ဆိုမှုများ၊ ခန့်မှန်းပြောဆိုမှု အများအပြားကို ဖြစ်စေမည်ဟူသောအချက် ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီ ဦးဆောင်သောအစိုးရမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရသို့ အကူးအပြောင်းသည် အပေါ်ယံတွင် ချောမွေ့ပုံရသော်လည်း ဥပမာအားဖြင့် တောင်အာဖရိကတွင်ကဲ့သို့ အမှန်တရားကော်မရှင် မပါသော လတ်တလော ပြန်လည်သင့်မြတ်ရေး ပတ်ဝန်းကျင် အခြေအနေများ၏ သွင်ပြင်လက္ခဏာအချို့ နှင့်ပတ်သက်၍ ဒီမိုကရေစီအင်အားစုအချို့မှာ မြိုသိပ်နေရသည်။ ပြည်သူများသည် လက်စားချေခြင်းကို မလိုလားကြပါ။ သို့သော် အများအပြားမှာ အတိတ်က ဗိုလ်ချုပ်ကြီးများလုပ်ခဲ့သော လုပ်ရပ်များနှင့်ပတ်သက်၍ တရားမျှတမှု လိုအပ်ခြင်းကို ခံစားကြရသည်။ ထိုသို့သောသူများအတွက်မူ ညှင်းပမ်းနှိပ်စက်မှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် အဂတိလိုက်စားမှု အလေ့အထဟောင်းများကို ကိုယ်စားပြုသောသူများက ၎င်းတို့၏ အချစ်ခင်ဆုံးခေါင်းဆောင်ကို ဝန်းရံချီးကျူးနေသည်ကို ရှုမြင်ရသည်မှာ အခက်အခဲတခုဖြစ်သည်။
လူဟောင်းဟု သတ်မှတ်နိုင်သည့်သူများအနက် ဒေါ်အောင်ဆန်းစုကြည်၏ အာရုံကို ပထမဆုံး ဖမ်းစားနိုင်သူမှာ ၂၀၁၁ ဖေဖော်ဝါရီမှ ၂၀၁၆ ဇန်နဝါရီအထိ ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်ယူခဲ့သူ ဦးရွှေမန်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းအကြား ဆက်ဆံရေးတိုးတက်မှုကို ဒီမိုကရေစီအင်အားစုဘက် သာမက စစ်တပ်ဘက်ကပါ စောင့်ကြည့် ဝေဖန်ကြသည်။ ထိုဆက်ဆံရေးသည် မြန်မာ့ နိုင်ငံရေးအခြေအနေအပေါ် သက်ရောက်မှု ကြီးမားသောကြောင့် ဖြစ်သည်။ ထိုဆက်ဆံရေးသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေးသို့ စတင်ဝင်ရောက်သည့် လွန်ခဲ့သော ၄ နှစ်က စတင်ခဲ့သည်။ ထို့နောက် ဦးရွှေမန်းသည် သူ၏ လွှတ်တော်ဥက္ကဌရာထူးကို သုံးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးထူထောင်ရန် အချိန်ပေး အားထုတ်ခဲ့သည်။ လွှတ်တော်ကော်မတီဥက္ကဌများအကြားနှင့် လူထုအခမ်းအနားများတွင် သူမကို အထူး အလေးပေးဆက်ဆံသည်။ ထိုလုပ်ရပ်များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်မှုအတွင်း အကွဲအပြဲများ မွေးဖွားပေးခဲ့သည်။
ဒီမိုကရေစီအင်အားစုဘက်တွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲပြီး ဆယ်စုနှစ် ၃ ခု ကျော် စစ်တပ်၏ ဖိနှိပ်မှုကို ဆန့်ကျင်တိုက်ခိုက်ခဲ့သူများသည် ဦးရွှေမန်းနှင့် မည်သည့်ဗိုလ်ချုပ်ကိုမဆို ယုံကြည်ရန် ခက်ခဲနေကြသည်။ အခြား ဗိုလ်ချုပ်များကဲ့သို့ အလျှင်အမြန် ချမ်းသာလာပြီး မိသားစု စီးပွားရေးအင်ပါယာကို ထူထောင်ခဲ့သူနှင့် ဆက်ဆံရေးအပေါ် ကြီးမားစွာ စိုးရိမ်ကြသည်။
ထိုမဟာမိတ်ဖြစ်နေသော ဘက်နှစ်ဘက်တွင် နိုင်ငံရေး၊ စီးပွားရေးအရ အကျိုးအမြတ်အများဆုံးရသူမှာ ဦးရွှေမန်းဖြစ်သည်ဟူသော ယူဆမှုတခု ရှိနေသည်။ ကြံ့ခိုင်ရေးပါတီမှ သူ့ကိုဖြုတ်ချစဉ် အရေးပါသောကာလတဝိုက်အတွင်း အများအပြားက သူသည် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် နောက်လိုက်များအပေါ် ကျရောက်ခဲ့သော ကံဆိုးမိုးမှောင်ကျမှုမျိုး ကျရောက်မည်ဟုထင်ခဲ့ကြသည်။ ဦးရွှေမန်း၏ သားများနှင့် ပတ်သက်သော စီးပွားရေးအသိုင်းအဝိုင်းမှာ ဖြစ်လာနိုင်သော နောက်ဆက်တွဲပြဿနာများနှင့် ပတ်သက်၍ အထူးစိုးရိမ်ခဲ့ကြသည်။
ဦးရွှေမန်း ကံကောင်းသည်။ မိသားစု စီးပွားရေးလုပ်ငန်း အကျိုးစီးပွားနှင့်ပတ်သက်၍ အာဏာအလွဲသုံးစားပြုမှု၊ အဂတိလိုက်စားမှုတို့ဖြင့် စွဲချက်တင်ခံရခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာမိတ်ဖွဲ့ခြင်းသည် သူ၏ နိုင်ငံရေးအခန်းကဏ္ဌကိုသာမက သူ့သားများဖြစ်သော ဦးအောင်သက်မန်းနှင့် ဦးတိုးနိုင်မန်းတို့၏ ဧရာရွှေဝါ လယ်ယာစီးပွားရေးလုပ်ငန်းနှင့် Redlink အင်တာနက်ဘရော့ဘန်းကုမ္ပဏီ တို့အတွက် အကောင်းဆုံး အကာအကွယ်ကို ဖန်တီးပေးခဲ့သည်ဟု အချို့ သုံးသပ်သူများက ယုံကြည်ကြသည်။
တဘက်တွင်မူ ဒေါ်အောင်ဆန်းစုကြည်ကို တခါကဝန်းရံခဲ့သော ဒီမိုကရက်များမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအကြောင်းပြပြီး အပစ်ပယ်ခံရသည်ဟု ခံစားကြရသည်။ သို့မဟုတ် အနည်းဆုံးအနေဖြင့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ မှ ယခုနှစ် အာဇာနည်နေ့က ထွက်ပေါ်လာသောပုံမှာ အမေစုသည် လတ်တလောတွင် ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့မိသားစုများကို တွေ့ဆုံပြီး အလုပ်များနေသည်ဟူသော သတင်းစကားကို ပေးသည်။ ဤကား အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် လက်ခံရန် ခက်ခဲသောအမှန်တရားများ၏ နိဒါန်းမျှသာတည်း။
(သုတ သည် မြန်မာနိုင်ငံမှ အလွတ်တန်းစာရေးဆရာနှင့် နိုင်ငံရေးလေ့လာသူဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Thuta ၏ The Lady, Surrounded by the Generals and Their Families ကို ဘာသာပြန်ဆိုသည်)