မြန်မာနိုင်ငံ၏ အစိုးရသစ်က အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ တန်ဘိုးရှိသည့် ကျောက်စိမ်းလုပ်ငန်း ကဏ္ဍကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းက ဥပဒေချိုးဖောက်မှုများ၊ အကျင့်ပျက် ခြစားမှုများနှင့် ခရိုနီစနစ်တို့ ကာလရှည်ကြာ လွှမ်းမိုးထားသည့် ကျောက်စိမ်းလုပ်ငန်းတွင် အခြေခံကျကျ ပြောင်းလဲမည် ဖြစ်ကြောင်း သတင်းပေးလိုက်ခြင်း ဖြစ်နိုင်သည်။
သယံဇာတ အရင်းအမြစ်များပြားလှသည့် ကချင်ပြည်နယ်တွင် အသက်အန္တရယ်များသည့် မြေပြိုမှုများ၊ ဥပဒေဖြင့် ထိန်း ချုပ်မှု မရှိသည့် အပေါ် ဆန့်ကျင် ဆန္ဒပြမှုများ၊ NGO များနှင့် မီဒီယာများက မြန်မာနိုင်ငံ၏ ကျောက်စိမ်း ကုန်သွယ်ရေးမှ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်မှုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်လာကြပြီးသည့်နောက် လက်ရှိ ကျောက်စိမ်းတူဖော်မှုမှန်သမျှကို သက်တမ်းတိုးခွင့် ရပ်ဆိုင်းရန် နှင့် လိုင်စင်အသစ်ချပေး မှုများ ရပ်နားရန် ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်သည်။
Global Witness မှ Juman Kubba က “တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် ကမ္ဘာက မြင်တဲ့ အမြင်ကို ပြောင်းမယ်ဆိုရင် ဒီနေရာက စလုပ်ဖို့ တကယ်ကောင်းတဲ့ နေရာပါ။ ကျောက်စိမ်းဆိုတာက ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အစိုးရက ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်တွေ ဖြစ်တဲ့ ခရိုနီဝါဒ၊ အကျင့်ပျက်ခြစားမှုနဲ့ ဥပဒေချိုးဖောက်မှုတွေရဲ့ သင်္ကေတဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းကဏ္ဍကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခြင်းခံခဲ့ရသည်။ ကျောက်စိမ်း လောကကို ထိန်းချုပ်ထားသော စစ်ဗိုလ်ချုပ်ကြီးများ၊ အစိုးရ နှင့် နီးစပ်သော ခရိုနီများနှင့် မူးယစ်ရာဇာများ၏ အကျိုးအမြတ်ကိုလည်း စနစ်တကျ စစ်ဆေးခြင်း အပြည့်အဝ မပြုလုပ်နိုင်အောင် ကာကွယ်ထားခဲ့သည်။ တနှစ်ကြာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး ယမန်နှစ်က ထုတ်ပြန်ခဲ့သော Global Witness ၏ အစီရင်ခံစာတွင် ကျောက်စိမ်းကုမ္ပဏီ အများအပြားသည် ယခင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ စစ်တပ်နှင့် ယခင် စစ်အစိုးရအဖွဲ့အတွင်းမှ အဆင့်မြင့်အရာရှိများ နှင့် အမေရိကန်နိုင်ငံက အလိုရှိနေသော မူးယစ်ဂိုဏ်းခေါင်းဆောင် ဝေရှောက်ခန်တို့နှင့် အဆက်အသွယ်ရှိသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။
Global Witness က ၂၀၁၄ ခုနှစ် အတွင်းတွင် ကျောက်စိမ်း တရားဝင် ထုတ်လုပ်မှုတန်ဘိုးက အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ရှိမည်ဟု ခန့်မှန်းခဲ့သည်။ မြန်မာနိုင်ငံ GDP ၏ တဝက်နီးပါး ရှိသည့် ပမာဏလည်း ဖြစ်ပါသည်။ သို့သော်လည်း ကမ္ဘာပေါ်တွင် ကျောက်စိမ်း အများဆုံး ထုတ်လုပ်ပေးနေသည့် ကချင်ပြည်နယ်သည် အလွန်ဆိုးရွားသော ဆင်းရဲ နွမ်းပါးမှု၊ ပြည်တွင်းစစ်ကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရခြင်းနှင့် မူးယစ်ဆေးစွဲမှုများကို ခံစားနေရသည်။ မြန်မာနိုင်ငံမှ ကျောက်စိမ်းများကို ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ပေး နေသည်ဟု Global Witness ၏ အဆိုအရသိရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီး အာဏာရရှိလာသော ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် အစိုးရသည် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော အရပ်သား အစိုးရ ဖြစ် ပါသည်။ အခြေခံဥပဒေအရ သမ္မတတာဝန် ထမ်းဆောင် ခွင့် မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး ရာထူးများရယူထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဌ အဖြစ်လည်း ဆောင်ရွက်နေပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရိုဟင်ဂျာကိစ္စအပါအဝင် သူကိုင်တွယ်နေရသည့် ပြဿနာများနှင့် ပတ်သက်၍ ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသော်လည်း လတ်တလော သီတင်းပတ်များ အတွင်း ကျောက်စိမ်း ပါမစ်များကို ယာယီ တားမြစ်ခြင်း၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် သစ်ထုတ်လုပ်ခြင်းကို တားမြစ်ခြင်း နှင့် စစ်တပ်က သိမ်းယူခဲ့သော မြေများကို မူလပိုင်ဆိုင်ခွင့်ရှိသည့် နိုင်ငံသားများကို တနှစ်အတွင်းပြန်ပေးရန်တို့ကို ကြေညာခဲ့သည်။
ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင် ယာယီရပ်ဆိုင်းခြင်းကို ကချင် အခွင့်အရေး အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက မဖြစ်မနေ လိုက်နာပြီး သဘာဝ အရင်းအမြစ်များနှင့် အကျိုးအမြတ်များအပေါ် ဒေသခံများက ပိုမိုထိန်းချုပ်နိုင်မည့် ကျောက်စိမ်းတူးဖော်မှုဆိုင်ရာ ဥပဒေ မူဘောင်သစ်တခုက အမှန်တကယ် အပြောင်း အလဲဖြစ်ရေးအတွက် အရေးပါကြောင်း ပြောကြသည်။
“လိုင်စင်တွေကို ရပ်တန့်လိုက်တာက သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဆိုင်ရာ သက်ရောက်မှုတွေကို အလေးမထားဘဲ တိုင်းပြည်ရဲ့ သယံဇာတတွေကို နှစ်ပေါင်းများစွာ လုယူနေခဲ့တဲ့ လူ လက်တဆုပ်စာထံကနေ ထိန်းချုပ်မှုကို ပြန်လည်ရ ယူ တဲ့နေရာမှာ အလွန်အရေးပါတဲ့ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။ အခုဆိုရင် ဒေသခံပြည်သူတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ပထမ ဦးစားပေးထားတဲ့ လိုင်စင်ချပေးမှု ပုံစံသစ်တခု လိုအပ်ပါတယ် ” ဟု Kachin Development Networking Group မှ Tsa Ji က ပြောသည်။ Kachin Development Networking Group သည် ကချင်ပြည်နယ်အတွင်းတွင် အရပ်ဘက် အဖွဲ့အစည်း များ၊ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့တခု ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် ဗမာအများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် ခရစ်ယန်ဘာသာဝင် အများစုဖြစ်သည့် ကချင်တိုင်းရင်းသားများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကာလရှည်ကြာစွာ အစိုးရနှင့် တိုက်ခိုက်ခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် အစိုးရကြားတွင် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီး နှစ်ပေါင်း ၂၀ နီးပါးအကြာ ၂၀၁၁ ခုနှစ်တွင် ပြည်တွင်းစစ် ပြန်လည် စတင်ခဲ့ခြင်းမှာ ကျောက်စိမ်းလုပ်ငန်းမှ အကျိုးအမြတ်ခွဲဝေမှု မညီမျှခြင်းကြောင့်လည်း တစိတ်တပိုင်း ဖြစ်သည်။ တိုက်ပွဲများ ပြန်လည်စတင်ခြင်း၏ အကျိုးဆက်အနေဖြင့် ပြည်သူ ၁၀၀၀၀၀ ခန့် နေအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။
ကျောက်စိမ်းလုပ်ငန်း ကဏ္ဍကို ရှင်းလင်းရေးက ရှုပ်ထွေးလိမ့်မည် ဖြစ်သော်လည်း မဖြစ်နိုင်သည့် အရာမဟုတ်ဟု တက် ကြွလှုပ်ရှားသူများကပြောသည်။ မြန်မာ့တပ်မတော်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တို့က သူတို့၏ လှုပ်ရှား မှုများ နှင့် ပဋိပက္ခ အတွက် ကျောက်စိမ်းတူးဖော်ရေးမှ ငွေကြေး ရှာဖွေကြသည်။
“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချို့အတွက် ကျောက်စိမ်းက အရေးပါတဲ့ ဝင်ငွေအရင်းအမြစ်တခု ဖြစ်ပါတယ်။ သူတို့က အစိုးရ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ဒေသတွေမှာ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုလိုမျိုး ဒါမှမဟုတ် အစိုးရတပ်နဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ရှောင် ဒုက္ခသည်တွေကို ထောက်ပံ့တာလိုမျိုး ဝန်ဆောင်မှုတွေ ပေးဖို့ ဖြစ်ပါတယ်” ဟု Burma Campaign UK မှ ဒါရိုက်တာ Mark Farmaner ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ ဦးစားပေးလာပြီး နောက်ဆုံးမှာ အပြောင်းအလဲ တချို့ ရလာဖို့ ကြိုးစားနေချိန် လိုင်စင်တွေကို ရပ်ဆိုင်းလိုက်တာက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သဘောတူအောင်လို့ ဖိအားပေးခြင်းလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က ယူဆသွားနိုင်ပါတယ်။ ဒါကြောင့် ကျောက်စိမ်းလုပ်ငန်းကို သန့်ရှင်းအောင် လုပ်ဖို့ဖြစ်ကြောင်း သူတို့ သဘောမတူချင်တဲ့ သဘောတူညီချက်ကို ရအောင်လို့ တွန်းအားပေးတာလိုမျိုး တခြားနိုင်ငံရေး ရည်ရွယ်ချက် မရှိတဲ့ အကြောင်း ရှင်းပြဖို့ လိုပါတယ်” ဟု သူကပြောသည်။
ယခုလကုန် ကချင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၂၀ နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် တခု လက်မှတ်ရေးထိုးရန် အတွက် ၂၁ ရာစု ပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ကျင်းပလိမ့်မည်ဖြစ်သည်။ အဆိုပါအစည်းအဝေးသည် ၁၉၄၇ ခုနှစ်က သူ၏ ဖခင်ဖြစ်သူ မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ကချင်၊ ရှမ်း နှင့် ချင်း ပြည်သူများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် အာမခံချက်ပေးရန် ပြုလုပ်ခဲ့သော ပင်လုံ ညီလာခံကို အစွဲပြုထားခြင်း ဖြစ်ပါသည်။
“နောက်လာမယ့် မျိုးဆက်သစ်အတွက် ငြိမ်းချမ်းရေးက အကောင်းဆုံး အမွေဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရှိမှသာ ကျမတို့ တိုင်းပြည်တိုးတက်လာပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ပြောခဲ့သည်။
(The Guardian ပါ Kate Hodal ၏ Aung San Suu Kyi moves to clean up Myanmar’s murky jade trade ကို ဘာသာပြန်သည်)