အစိုးရသစ်ကို စိန်ခေါ်နေတဲ့ တရားဥပဒေ စိုးမိုးရေး

ခင်ဦးသာ
ပြီးခဲ့သည့် မေလအတွင်း က ရန်ကုန်မြို့တွင်း လုံခြုံရေး၊ စစ်ဆေးရေးများ ပြုလုပ်နေသော ရဲ ဝန်ထမ်းများ အား မြင်တွေ ့ရစဉ် / ပြေကျော် / ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ အဖွဲ့ တာဝန်ယူပြီးနောက် ရက် ၁၀၀ စီမံချက်များ လုပ်ဆောင်ရာတွင် တရား ဥပဒေ စိုးမိုးရေး အတွက်လည်း ဆောင်ရွက်ခဲ့သည်။

သို့သော် ကာလအတန်ကြာ ယိုယွင်းပျက်စီးနေသည့် တရားဥပဒေ စိုးမိုးမှုအား လအနည်းငယ်ဖြင့် ဖြေရှင်းနိုင်မည် မဟုတ် ပေ။

တရားဥပဒေ စိုးမိုးမှုသည် ယခင် အစိုးရ လက်ထက်ကဲ့သို့ပင် အားနည်းနေဆဲဟု ဆိုရပေမည်။

ရဲတပ်ဖွဲ့၏ လူမှု ကွန်ရက် စာမျက်နှာများ၊ အများ ပြည်သူတို့၏ လူမှုကွန်ရက် စာမျက်နှာများ နှင့် သတင်းဌာနများ က နေ့စဉ် ရေးသား ဖော်ပြနေကြသည့် မှုခင်း သတင်းများသည် တရားဥပဒေ စိုးမိုးရေး၏ အားနည်းချက်ကို ထင်ဟပ်စေသည်။

နိုင်ငံ တဝန်း၌ ရာဇဝတ်မှုများ ထူပြောများပြားနေဆဲဖြစ်ပြီး အစိုးရအနေဖြင့်လည်း နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်မှု မရှိ သေးပေ။

ရာဇဝတ်မှုများ ပိုမို များပြားလာနေခြင်းသည် အများပြည်သူ၏ နေ့စဉ် လူနေမှုဘဝကိုလည်း ခြိမ်းခြောက်ခံနေရပြီး ကိုယ့် နေအိမ်၌ နေရသည်ကိုပင် လုံခြုံမှု မရှိသကဲ့သို့ ခံစားနေရသည့် အခြေအနေ ဖြစ်နေသည်။

မြန်မာနိုင်ငံ၏ မှုခင်းကျဆင်းမှု အခြေအနေနှင့်တရား ဥပဒေ စိုးမိုးမှု အခြေအနေသည် အလွန် နိမ့်ကျနေသည့် အတွက် ယင်းပြဿနာကို ဖြေရှင်းရမည့် ကိစ္စသည် လက်ရှိအစိုးရအတွက် စိန်ခေါ်မှုကြီး တရပ်ဖြစ်နေသည်ဟု လွှတ်တော်၌ မှုခင်း ကျဆင်းရေး အဆိုတင်သွင်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ် က ဆိုသည်။

မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် ရန်ကုန် နှင့် မန္တလေး တို့သည် ဒုစရိုက်မှု အများဆုံး ဖြစ်ပွားနေပြီး အုပ်စုဖွဲ့ လု ယက်မှု၊ တိုက်ခိုက်မှု၊ ဖောက်ထွင်းမှု၊ လူသတ်မှု၊ မူးယစ်ဆေး ရောင်းဝယ်မှုများကို လက်ရဲ ဇက်ရဲု ကျူးလွန်နေကြသည်။ ရာဇဝတ်မှု ကျူးလွန်သူ အများစုသည် လူငယ်၊ လူလတ်ပိုင်းများ ဖြစ်ကြသည်ကို တွေ့ရသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ဒု တိုင်းဒေသ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေကမူ မှုခင်းဖြစ်ပွားမှုသည် ယခင်နှစ်ထက် လျော့ကျသွား သည်ဟု ပြောသည်။

ပြစ်မှုများအနက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုသည် အများဆုံးဖြစ်ပြီး၊၂၀၁၆ ခုနှစ်၊ ဇူလိုင်လ အထိ လူ ၆၀၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့သည်။ မူးယစ်ဆေး ပြဿနာကိုလည်း ဖြေရှင်းနိုင်မှု မရှိသေးပေ။

ရခိုင်ပြည်နယ် မောင်တော နယ်စပ်ရှိ လုံခြုံရေး ရဲကင်း၌ပင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု တခုကို ဇူလိုင်လ အတွင်း ဖြစ်ပွား ခဲ့သေးသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအတွက် ရပ်ရွာအခြေပြု (Community Based Policing ) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုစီမံချက်အရ တောင်ဒဂုံ၊ ကမာရွတ်၊ သံလsင်၊ လှိုင်သာယာ စသည့် မြို့နယ် ၄ ခု ကို ကနဦး စမ်းသပ် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု ရရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ထိုမြို့နယ်များမှ ရရှိခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ နောက်တိုး ၈ မြို့နယ် အတွင်းမှ ဒုစရိုက်မှုများကို ဆောင်ရွက် သွားရန် ပြင်ဆင် နေသည်ကိုလည်း တွေ့ရသည်။

ဒုစရိုက်မှု နှိမ်နင်းရာတွင် အသုံးပြုရန် မြို့နယ်တခုလျှင် ကျပ် သိန်း ၁၀၀ စီ ကိုလည်း ရန်ကုန်တိုင်း အစိုးရ အဖွဲ့က ထောက် ပံ့ ပေးမည် ဖြစ်ကြောင်း သိရသည်။

ဒုစရိုက်မှုများ ကျဆင်းရေး ဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့ဝင်များ အတွက် လိုအပ်သည့် ခေတ်မီ လက်နက်ကိရိယာများနှင့် အရေးပေါ် သွားလာနိုင်ရန် ဆိုင်ကယ် သို့မဟုတ် မော်တော်ယာဉ်များ ထောက်ပံ့ပေးရေးသည်လည်း အဓိကကျပေသည်။

အဘယ့်ကြောင့်ဆိုသော် ရန်ကုန်တခွင်၌ ဒုစရိုက်မှု ကျူးလွန်သူအများစုသည် ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့ ကျူးလွန်နေခြင်း ကြောင့် ဖြစ်သည်။ အလားတူ လိုင်စင်မဲ့ဆိုင်ကယ်များ စီးခွင့်ရနေခြင်းလည်း ဒုစရိုက်မှု ကျူးလွန်သူများ အတွက် အထောက် အပံ့ ဖြစ်နေသည်။

မြန်မာနိုင်ငံ တဝန်း၌ ဒုစရိုက်သမားများသည် ဆိုင်ကယ်၊ မော်တော်ကားများဖြင့် ရာဇဝတ်မှုများ ကျူးလွန်မှုများ ရှိသည်ကို လည်း သိရသည်

လက်ရှိ ဖြစ်ပွားနေသည့် ဒုစရိုက်မှုများအား ထိရောက်စွာ မနှိမ်နင်းနိုင်ခြင်းသည် ရဲတပ်ဖွဲ့ အင်အားနည်း ပါးခြင်းကြောင့် ဖြစ်ပြီး၊ ပြည်သူ ၁၂၀၀ အား ရဲတပ်ဖွဲ့ဝင် တဦးကသာ ထိန်းသိမ်းနေရသည်ဟု ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုထားသည်။ ရဲ တပ်ဖွဲ့ အင်အား တိုးပွားလာရေးအတွက် လူငယ်များကို အခွင့်အလမ်းကောင်းများ ဖန်တီးပြီး မက်လုံးများ ပေး၍လည်း စုဆောင်း သင့်ပါသည်။

ရာဇဝတ်မှု လျှော့ချရေး လုပ်ငန်းများအောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များကို ဆိုင်ကယ်စီးခွင့် ပေးခြင်း၊ ရဲ တဦးလျှင် ကောင်းမွန်သည့် လက်ထိပ် ၂ ခု၊ သေနတ် တလက်၊ နံပါတ်တုတ် စသည့် အသုံးအဆောင်များကို အသုံးပြု ခွင့် ပေးထားသင့်သည့်အပြင် လွတ်လပ်သည့် လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့် ရှိသော အစိုးရ ဌာန တရပ်အနေဖြင့် ရပ်တည် ခွင့်ပေးရန်လည်း လိုအပ်သည်ဟု ထင်ပါသည်။

ရဲတပ်ဖွဲ့ အနေဖြင့် ရာဇဝတ်မှုများ လျော့ကျရေး အတွက် အသိပညာပေး ဟောပြောမှုများကို ဆောင်ရွက်နေပြီး တရား ဥပဒေ စိုးမိုးရေးအတွက် ရဲတပ်ဖွဲ့နှင့်အတူ ပြည်သူများကလည်း ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကာ၊ ရဲတပ်ဖွဲ့ အနေဖြင့် လည်း ပြည်သူကို ဗဟိုပြုသည့် ရဲတပ်ဖွဲ့ ဖြစ်ရေးကို ဆောင်ရွက်နေဟု ရဲတပ်ဖွဲ့ က ဆိုသည်။

အစိုးရ၏ ရက် ၁၀၀ စီမံချက်တွင် ပါဝင်သည့် လှိုင်သာယာမြို့နယ်၌ နေ့လယ် နေ့ခင်း အချိန်မျိုး၌ပင် လုယက်မှုများ ကျူးလွန်နေဆဲ ဖြစ်ပြီး ဓားမြမှု နှင့် လောင်းကစားဝိုင်း များသည်လည်း ယခင်ထက်ပင် တိုးပွားနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

ထို့အတူ ရန်ကုန်တခွင်၌ ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများသည် ရန်ကုန်မြို့၏ မြို့လယ်ကောင်ကဲ့သို့ နေရာများ၌ပင် ပေါ်ပေါ်ထင်ထင် ကျူးလွန် နေကြဆဲဖြစ်သည်။

ဒုစရိုက်မှုများ အပြင် မုဒိမ်းမှုများသည်လည်း လျော့ကျသွားခြင်း မရှိဘဲ နိုင်ငံတဝန်း၌ ဖြစ်ပွားနှုန်း မြင့်မားနေဆဲ ဖြစ်သည်။ အထူးသဖြင့် သက်ငယ်မုဒိမ်းမှု များပြားနေဆဲ ဖြစ်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့၌ သမီးရည်းစား စုံတွဲတတွဲ ချိန်းတွေ့နေကြစဉ် လူငယ်လေးဦး ရောက်ရှိလာပြီး ၎င်းတို့သည် ရဲ ဖြစ်၍ စစ်ဆေးမှုခံယူရန် ရဲစခန်းသို့လိုက်ခဲ့ကြဟု ခေါ်ဆိုကြောင်း၊ မလိုက်နိုင်ပါက ငွေပေးရမည်ဟုဆိုကာ ခြိမ်းခြောက်ပြီး မိန်းကလေးကို အုပ်စုဖွဲ့၍ အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထား သည်။

တရား ဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍ ယခင် အစိုးရ လက်ထက် လွှတ်တော်များ၌ တရားဥပဒေ စိုးမိုးရေး ကော်မတီများ ဖွဲ့ စည်း ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှု မရှိခဲ့ပေ။ လွှတ်တော်သည် မှုခင်းကျဆင်းရေးအတွက် ဥပဒေများ ပြဌာန်းနိုင် သော်လည်း အာဏာပိုင် အစိုးရ ကသာ ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ ယခင် အစိုးရ မဖြေရှင်းနိုင်ခဲ့သည့် တရားဥပဒေ စိုးမိုးရေးသည် NLD အစိုးရ အတွက် စိန်ခေါ်မှု တခု ဖြစ်နေ သော်လည်း မလွဲမသေ ဖြေရှင်းရမည်သာ ဖြစ်ပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading