မြန်မာနိုင်ငံအနှံ့အပြားမှာ ဇူလိုင်ဒုတိယပတ်ကစပြီး သဘာဝဘေးအန္တရာယ်တွေ ကျရောက်ခဲ့ပါတယ်။ အထူး သဖြင့် မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုတွေအထိ ဖြစ်ပေါ်ခဲ့တယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ရေဘေးသင့်ဒေ သတွေအထိ သွားရောက်ပြီး ရေဘေးကြုံတွေ့ရသူတွေကို အကူအညီပေးတဲ့သတင်းတွေလည်း အစိုးရပိုင်မီဒီယာတွေ က ထုတ်ဖော်ပြသခဲ့ကြတယ်။
ပရဟိတအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ရေဘေးဒဏ်ခံဒေသတွေအထိ သွားရောက်ပြီး ကူညီလုပ်ကိုင် ပေးနေကြတယ်။ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ရေဘေးကူညီ ကယ်ဆယ်ရေးတွေ လုပ်ကိုင်နေတာ သ တင်းတွေမှာ တွေ့နေရပါတယ်။
ရေဘေးဒဏ်ခံဒေသတွေအတွက် ဝိုင်းဝန်းကူညီပေးကြတယ်ဆိုတာ မင်္ဂလာရှိတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ဘေးဒဏ်ကြုံ တွေ့ရတိုင်း ဒီလိုပဲ အကူအညီတွေပဲ ပေးနေကြတော့မှာလား။
မန္တလေးမြို့က လမ်းမကြီးတွေပေါ်မှာ သဘာဝဘေးဒဏ်ကျရောက်တဲ့ဒေသတွေကို ကူညီဖို့အတွက် လူငယ်လေးတွေ ဖလားပိုက်ပြီး အလှူခံနေကြတယ်။ ပန်းချီဆရာတွေက ပန်းချီကားတွေဆွဲပြီး ရေဘေးအတွက် ရန်ပုံငွေရှာဖွေကြတယ်။
လူငယ်အချို့က ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ သီဆိုတီးမှုတ်ပြီး ရေဘေးသင့် ဒေသတွေအတွက် ရန်ပုံငွေ ရှာဖွေပေးကြ တယ်။ တချို့အလှူခံတွေက ပရဟိတအသင်းတွေနဲ့ ချိတ်ဆက်ပြီး ကောက်ခံရရှိတဲ့ အလှူငွေတွေ လှူဒါန်းကြတယ်။ တချို့က ရေဘေးသင့်ဒေသတွေအထိ ကိုယ်တိုင်သွားရောက် လှုဒါန်းကြတယ်။
မနှစ်ကတော့ ဓာတ်ပုံဆရာတွေ၊ ကာတွန်းဆရာတွေ သဘင်သည်တွေ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာတွေ
ပါဝင်လှူဒါန်းခဲ့ကြသေးတယ်။ တက္ကသိုလ် ကောလိပ် အသီးသီးက ကျောင်းသူကျောင်းသားတွေလည်း ရေဘေးအတွက် စာသင်ခန်းထဲက ထွက်ပြီး လမ်းမတွေပေါ် ထွက်လို့ အလှူခံခဲ့ကြရတယ်။
သဘာဝဘေးဒဏ်တွေက ဒီဘက်နှစ်ပိုင်းတွေမှာ နှစ်စဉ်ဆိုသလို ဆက်တိုက်ကျရောက်နေတယ်။ နာဂစ်မုန်တိုင်း၊ တာလေ ငလျင်၊ ဂီရိ မုန်တိုင်း၊ သပိတ်ကျဉ်း ငလျင်၊ ပခုက္ကူရေဘေး၊ စေတုတ္တရာရေဘေး စတဲ့ သဘာဝဘေးအန္တရာယ်တွေက ထင် ရှားတဲ့ သာဓကတွေ ဖြစ်တယ်။
မနှစ်က ချင်းပြည်နယ်မှာ မြေပြိုမှုတွေဖြစ်ခဲ့သလို မကွေးတိုင်းဒေသနဲ့ စစ်ကိုင်းတိုင်းဒေသအချို့က ရေကြီးရေလျှံမှုတွေ ဖြစ် ပေါ်ခဲ့ပြီး လူအသေအပျောက်လည်း ရှိခဲ့တယ်။ အဲဒီတုန်းကလည်း ပြည်သူလူထုတွေကိုယ်တိုင် ကူညီကယ်ဆယ်မှုတွေလုပ် ခဲ့ကြရသေးတယ်။
သဘာဝဘေးဒဏ်တွေကို ကူညီကယ်ဆယ်ပေးတာ ကောင်းပေမယ့် အမြဲကူညီဖို့ဆိုတာ မလွယ်ပါဘူး။ ဒီနှစ်မှာလည်း သ ဘာဝဘေးဒဏ် ကြုံတွေ့ရသူတွေကို ကူညီကြပေမယ့် အလှူငွေတွေ အရင်ကလောက်မရဘဲ ကောက်ခံရရှိမှု နည်းသွားကြ တယ်။
အစိုးရအနေနဲ့ သဘာဝဘေးဒဏ်တွေကို စနစ်တကျစီမံခန့်ခွဲဖို့ အထူးလိုအပ်ပါတယ်။ ပြည်တွင်းပြည်ပ အလှူရှင်တွေဆီက ဖလားထိုး အလှူခံတယ်ဆိုတာ တပွဲထိုးနည်းသာဖြစ်ပါတယ်။
သဘာဝဘေး မကြုံတွေ့ခင်ကတည်းက အကယ်၍ကြုံခဲ့ရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။ ထိရောက်တဲ့ အကူအညီတွေ
ပေးနိုင်အောင် စနစ်တကျ ဘယ်လို ကြိုတင်ပြင်ဆင်ကြမလဲ။ နဖူးတွေ့ ဒူးတွေ့ကြုံပါပြီဆိုမှ အရပ်ကူပါ လူဝိုင်းပါ လုပ်လို့ မ ရနိုင်ဘူး။ မီးစင်ကြည့် က ကြတာပေါ့ဆိုတာ စစ်မှန်တဲ့ အဖြေမဟုတ်ဘူး။ အစစအရာရာ ကြိုတင်ပြင်ဆင်ထားကြရပါမယ်။
သဘာဝဘေးဒဏ်တွေက နောင်နှစ်တွေမှာလည်း ဆက်လာနေဦးမှာပါ။ အဲဒီအတွက် ဘာတွေ ပြင်ဆင်ထားပြီလဲ။ သဘာ ဝဘေးဒဏ်ကြောင့် နှစ်စဉ်ပျက်စီးဆုံးရှုံးမှုတွေက ကျပ်ဘီလီယံနဲ့ ချီပြီးရှိတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံအတွက် နှစ်စဉ် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေက တိုက်နယ်ဆေးရုံကောင်းကောင်း ဖွင့်လှစ်နိုင်တဲ့ငွေပမာဏဖြစ်တယ်။
အထက်တန်းကျောင်း တကျောင်း ဖွင့်လှစ်နိုင်တဲ့ ငွေပမာဏဖြစ်တယ်။
ရေရှားပါးတဲ့ဒေသတွေအတွက် သောက်သုံးရေ ဖူလုံနိုင်အောင် ရေတွင်းရေကန် တူးဖော်နိုင်တဲ့ ငွေဖြစ်တယ်။ ရေမြုပ်လို့ ပျက်စီးသွားတဲ့ ကောက်ပဲသီးနှံတွေ၊ ရေမြုပ်သွားတဲ့ လယ်ယာတွေအတွက် စိုက်စရိတ်တွေ၊ နေအိမ် အဆောက်အဦတွေ၊ သာသနိက အဆောက်အဦတွေနဲ့ ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကလည်း ဆုံးရှုံးမှုတန်ဖိုး နည်းမှာ မဟုတ်ဘူး။ သ ဘာဝဘေးဒဏ်ကြောင့် ကျန်းမာရေးချို့ယွင်းလို့ ဆေးကုသရတဲ့ စရိတ်တွေကလည်း မနည်းမနောပဲ မဟုတ်လား။
သဘာဝဘေးဒဏ်တွေက နှစ်စဉ်ကြုံတွေ့နေရမှာဖြစ်ပါတယ်။ သဘာဝဘေးဒဏ်ဆိုတာ `ရုတ်တရက် ချက်ခြင်း ရောက် လာတာ မဟုတ်ပါဘူး။ အများအားဖြင့် မိုးဦးလေဦးကာလတွေမှာ ကျရောက်လေ့ရှိတာပါ။ သဘာဝဘေးဒဏ်ကြောင့် ပျက် စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားကြဖို့ လိုပါတယ်။
မိုးလေဝသ ပညာရှင်တွေရဲ့အကူအညီတွေ တောင်းခံပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ ကြိုတင်ချိတ်ဆက်ထားကြရပါမယ်။ ဆေးဝါးရိက္ခာတွေ စနစ်တကျ သိုမှီးထားကြရပါမယ်။ မြစ်နီးကမ်းနီးမှာ နေထိုင် ကြသူတွေအတွက် အချိန်နဲ့တပြေးညီ သတိပေးချက် ထုတ်ပြန်ပေးကြရမယ့်အပြင် မြစ်ရေဝင် ဒေသတွေအတွက် တာ ဘောင်တွေ မြှင့်သင့်တာမြှင့် ဖို့သင့်တာဖို့ ပေးထားရပါမယ်။
နှစ်စဉ်ကြုံတွေ့နေကျ သဘာဝ ဘေးအန္တရာယ်ကို နှစ်စဉ်ဖလားထိုး အလှူခံ။ နှစ်စဉ် ရေဘေးဒုက္ခသည်တွေ သွားရောက် တွေ့ဆုံ အားပေး။ နှစ်စဉ်သတင်းတွေမှာ ရေဘေးအကူအညီသတင်းတွေ ဖော်ပြဆိုတာ သဘာဝဘေးစီမံခန့်ခွဲမှုအတွက်
မေးခွန်းထုတ်စရာပါ။
အလားတူ နွေရာသီ ရေရှားပါး ပြတ်လပ်တဲ့ ကာလတွေမှာလည်း ရေတွေလှူဖို့ ပြည်သူတွေကပဲ ဝိုင်းဝန်းကြံဆောင် နေကြ ရတယ်။ ဧရာဝတီမြစ်အနီးက မြို့ရွာတွေမှာသည်ပင် ရေရှားပါးပြတ်လပ်နေတာတွေရှိတယ်။ မြစ်ရေတင်စီမံကိန်း အချို့က လည်း ဘတ်ဂျက်အခက်အခဲကြောင့် စက်စွမ်းအားပြည့် မလည်ပတ်နိုင်တာတွေရှိတယ်။
ပြည်သူရွေးချယ်ထားတဲ့ အစိုးရအနေနဲ့ ပြည်သူ့ဘဝ လုံခြုံစိတ်ချရဖို့ မြင့်မားတိုးတက်ဖို့ လုပ်ဆောင်ပေးဖို့ မဖြစ်မနေ တာဝန်ရှိပါတယ်။