မြန်မာအစိုးရ ခေါင်းဆောင် အဆက်ဆက်သည် အိမ်နီးချင်း တရုတ်ပြည်ကို အမြဲတမ်းထည့်သွင်း စဉ်းစား သုံးသပ်ကြရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ပြည်တွင်းရေးတွင် တရုတ်သည် အမြဲတမ်းလိုလို ဝင်ရောက်စွက် ဖက်သည့် သာဓက များစွာလည်း ရှိခဲ့သည်။
၂၀၁၁ -၂၀၁၂ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးအရ တံခါးဖွင့်ဝါဒကို ပြောင်းလဲကျင့်သုံးပြီး နိုင်ငံရေး အပြောင်းအလဲကို စတင် ကျင့်သုံးချိန်မှစ၍ တရုတ်ကို ဦးတည်ပြီး စဉ်းစားရသည်။ ပထဝီနိုင်ငံရေး ချိန်ခွင်လျှာသည် အကြီးအကျယ် ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။
မြန်မာနှင့် အမေရိကန် အကြား သံတမန် ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်ထားခဲ့သည်။ သံအမတ်အဆင့် ပြန်ထားခဲ့သည်။ ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့သည်။ အမေရိကန် သမ္မတ အိုဘားမား ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက် လည်ပတ် ခဲ့သည်။ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။
ထိုကဲ့သို့သော အပြောင်းအလဲတွင် မြန်မာ့တန်ဖိုးက တက်သွားသည်။ မြန်မာ့စျေးကွက်က ပြောင်းသွားသည်။ ထို့အပြင် ဦးသိန်းစိန် လက်ထက်တွင် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့သောကြောင့် ဆွေမျိုးပေါက်ဖော်ဟု ကြွေးကြော်ခဲ့သော တရုတ်အတွက် သင်ခန်းစာ အကြီးအကျယ် ရသွားခဲ့သည်ကို တွေ့ရသည်။
တရုတ်အစိုးရနှင့် တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ဝေဖန်တိုက်ခိုက် ရေးသားမှုတွေက ပွင့်လင်းလာသောခေတ်မှာ နေ့စဉ်လိုလို မြင်ရတွေ့ရဖတ်ရသော စာပေယဉ်ကျေးမှုထဲမှာ ပါသွားသည်။
တရုတ်က မြန်မာကို မည်သူ၏ လက်ထဲကိုမှ သြဇာခံ မဖြစ်ရအောင် ကျားကုတ်ကျားခဲ ပြန်ဆွဲယူဖို့ ကြိုးစားမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်၏ အရေးကြီးသော အိမ်နီးချင်း နိုင်ငံသာမက ပထဝီ နိုင်ငံရေး ကစားကွက်လည်း ဖြစ်သည်။ ဘင်္ဂလား ပင်လယ်အော်နှင့် အိန္ဒိယ သမုဒ္ဒရာကို ထိုးဖောက်ရေးအတွက်လည်း အသုံးတည့်သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ စွမ်းအင် ဖူလုံရေး ပေါ်လစီအရ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များက တရုတ်၏ လိုအပ်ချက်များပင် ဖြစ်သည်။
တရုတ်နိုင်ငံက မြန်မာအနေနှင့် အနောက်နိုင်ငံများနှင့် ပေါင်းသင်း ဆက်ဆံခြင်းကို အားပေးသော်လည်းပဲ အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ သြဇာ မြန်မာအပေါ်တွင် တိုးမြှင့်လာသည်ကိုမူ စိုးရိမ်သည်မှာ အမှန် ဖြစ်သည်။ မြန်မာသည် အရင်က သူ့အတွက် သူတဦးတည်း ရထားသော ပထဝီဝင် မဟာဗျူဟာ စျေးကွက်တခု ဖြစ်နေသော ကြောင့်ပင်။
တရုတ်ဘက်က Policy Adjustment ဟု ခေါ်၍ရသော မြန်မာနှင့် ပတ်သက်ထိတွေ့ ဆက်ဆံမှုများကို အပြောင်းအလဲ လုပ်လာသည်ကို တွေ့ရသည်။ တရုတ်သံရုံးက သံတမန်များကိုု အသစ်လဲပြီး လူထုဆက် ဆံရေးကို မြှင့်တင် လုပ်ဆောင်ခဲ့သည်။ အတိုက်အခံနှင့်လည်း ထိတွေ့ ဆက်ဆံခဲ့သည်။ နောက်ဆုံး အတိုက်အခံ ခေါင်းဆောင် ဘဝမှာ ရှိနေသေးသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ဇွန်လတွင် ပီကင်းကို ဖိတ်ခဲ့သည်။ ကော်ဇောနီ ခင်းကြိုခဲ့သည့် အခမ်းအနားဟု ဆိုကြသည်။ တရုတ်သမ္မတကြီး ကိုယ်တိုုင် လက်ခံတွေ့ဆုံခဲ့သည်။
NLD အာဏာ ရလာချိန်တွင်လည်း ပူပူနွေးနွေး အစိုးရကို ပထမဆုံး လာရောက် တွေ့ဆုံသူမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (Wang Yi) ကိုယ်တိုင် ဖြစ်သည်။ နောက်ပိုင်း တရုတ်က နေပြည်တော်ကို ချောင်းပေါက်အောင် လာတော့သည်။ အခု သံအမတ်သစ် လက်ထက်မှာ တရုတ်၏ မြန်မာအပေါ် ဆက်ဆံမှုက ပိုပြီး အဆင့်မြင့်သည်။ တိုးတက်မှုတွေ ရှိမည်ဟုလည်း ပီကင်းက ယုံကြည်ထားသည်။
ထို့ကြောင့် ဇွန်လအတွင်း တရုတ်သံအမတ် Hong Liang က ကချင်ပြည်နယ်ကို သွားပြီး မြစ်ဆုံဆည် ပြန်စရေးကို ဆွေးနွေး တိုက်တွန်းပြီး Lobby လုပ်ခဲ့သည်ကိုု တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ် မတိုင်ခင် လာရောက်ခဲ့သူကမူ တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနက အကြီးအကဲ မစ္စတာ ဆောင်းတောင် ဖြစ်သည်။ သူက ပညာစုံကို ထုတ်သုံးသွားသည်ဟု သုံးသပ်နိုင်သည်။
မစ္စတာ ဆောင်းတောင်သည် စစ်ဘက်နယ်ဘက် အစိုးရဘက်နှင့် လွှတ်တော် အပါအဝင် လူဟောင်းလူသစ်များကို တွေ့ဆုံခဲ့သကဲ့သို့ အာဏာရှင်ဟောင်း ဖြစ်သူ၊ တရုတ်ကို တိုင်းပြည်၏ သယံဇာတ အများအပြား ရောင်းချခဲ့သူဟု စွပ်စွဲခံရသူ ဦးသန်းရွှေကိုုလည်း တွေ့ဆုံခွင့် ရခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ် တရားဝင် ခရီးစဉ်တွင်လည်း တရုတ်-မြန်မာ ဆက်ဆံရေး အပြောင်းအလဲများ ဖြစ်လာနိုင်သည်။
ထို့အပြင် တရုတ် အထူးကိုယ်စားလှယ်က မိုင်ဂျာယန် ဆွေးနွေးပွဲကို တက်ရောက်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ် နှင့်အတူ တိုင်းရင်းသား လက်နက်ကိုင်များကို စကားပြောခဲ့သည်။ မြန်မာပြည်တွင် ငြိမ်းချမ်းရေးရဖို့ တည်ငြိမ်မှုရှိဖို့ အရေးကြီးကြောင်း၊ တရုတ်က ငြိမ်းချမ်းရေးကို ထောက်ခံကူညီမည် ဖြစ်ကြောင်း ပြောခဲ့သည်။ တရုတ်နယ်စပ်က ကိုးကန့် နှင့် ၀၊ တရုတ်က လက်နက်၊ လူအင်အားနှင့် တခြား ထောက်ပံ့ပစ္စည်းများ ပေးထားကြောင်း သိပြီးသား ဖြစ်ပါသည်။
မြစ်ဆုံပြန်စရန် မလွယ်ဟူသော အသိဖြင့် ဒေါ်အောင်ဆန်းစုကြည် တရုတ်သို့ သွားသည်ဟု ဆိုနိုင်သည်။ ပြန်စမည် ဆိုလျှင်လည်း သူ့ နိုင်ငံရေးကို သတ်သလို ဖြစ်နိုင်သည်။ ထို့ကြောင့် မကြာခင်က ကော်မရှင်ဖွဲ့ခဲ့ပြီး ဧရာဝတီမြစ် တလျှောက် စီမံကိန်းများနှင့် ပတ်သက်သည့် အစီရင်ခံစာကို နိုဝင်ဘာလ နောက်ဆုံးထားပြီး တင်ခိုင်းထားခြင်း ဖြစ်သည်။ တရုတ်ဘက်က ဤကိစ္စကို တင်လာလျှင် သူ့ဘက်က ဖြေစရာအဖြေက ရှိပြီးသားဖြစ်သွားပါပြီ ဖြစ်သည်။
မြစ်ဆုံထက် အရေးကြီးသည်မှာ စစ်တွေနှင့် ယူနန်ကို ဖောက်လုပ်ရန် အရင် စစ်အစိုးရလက်ထက် သဘောတူခဲ့သည့် ရေနံ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်သည်။ ရထားလမ်း ဖောက်လုပ်ရန်လည်း အစီအစဉ်ရှိသည်။ ဤမဟာဗျူဟာ ကျသော စီမံကိန်းသည် တရုတ်၏ ပင်လယ်ထွက်ပေါက်နှင့် အိန္ဒိယသမုဒ္ဒရာကို ထိုုးဖောက်ရေး ဖြစ်သည်။ ဤစီမံကိန်းကို အသစ် ဝင်လာသော အိန္ဒိယ၊ ဂျပန်တို့နှင့် မည်ကဲ့သို့ ပြန်ပြီး Balance လုပ်မည်လဲ ဆိုသည်က အရေးကြီးသည်။ ဤနေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေး အရည်အချင်းကို တွေ့ရမည် ဖြစ်သည်။
နောက်တချက်က ငြိမ်းချမ်းရေး ဖြစ်သည်။ တရုတ်ကမူ မြောက်ပိုင်းမှ လက်နက်ကိုင်များက သူ့လူများ ဖြစ်သည် ဆိုသည်ကို မပြောသော်လည်း သူက ချုပ်ကိုင်ပြီးသား ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာအစိုးရနှင့်ရော တပ်မတော်နဲ့ပါ စကားပြောသည့်အခါတွင် သူ့ဘက်က အလျော့အတင်း လုပ်ရသည့် ပါ၀ါက ပိုကြီးသည်ကို တွေ့ရမည် ဖြစ်သည်။
ဤသည်ကို ဒေါ်အောင်ဆန်းစုကြည်က မည်သို့ ကိုင်တွယ်မည်နည်း၊ မည်သို့ ညှိနှိုင်း ဆွေးနွေးမည်နည်း ဆိုသည်မှာ အရေးကြီးပါသည်။
တတိယ အချက်ကမူ မြန်မာသည် တရုတ်နှင့် သာမက နိုင်ငံတိုင်းနှင့် သဟဇာတဖြစ်ရမည်၊ ဆက်ဆံရမည်ဟု ပြောသည့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နှင့် အနောက်နိုင်ငံများ အကြား မည်ကဲ့သို့ ချိန်ခွင်လျှာ ညှိပြီး ဆက်ဆံရေး မပျက်အောင် အိမ်နီးချင်းကောင်း တယောက်အနေဖြင့် အရင်က ဆွေမျုုိးပေါက်ဖော် ဆက်ဆံရေး ပုံစံ တမျိုးနဲ့ တန်းတူရည်တူအဆင့် ရောက်အောင် ဆွဲယူမည်နည်း ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့် သုံးသပ်ရမည် ဖြစ်ပါသည်။