ပင်လုံစာချုပ်ကလည်း ပစ်ပယ်မရပါ

စိုင်းဝမ်းဆိုင်
ပင်လုံမြို့ရှိ အထိမ်းအမှတ် ကျောက်တိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဒေါ်အောင်ဆန်းစုကြည်၏ အလိုအရ “ပင်လုံစာချုပ်” သည် အဓိကမကျ။ “ပင်လုံ စိတ်ဓာတ်” သည်သာလျှင် ပြည် ထောင်စု မြန်မာနိုင်ငံကို ထူထောင်ရန်နှင့် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှထံမှ လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့ပြီး အဓိကကျ သော အချက်ဖြစ်သည်။

လွန်ခဲ့သော ဇွန်လနှင့် ဇူလိုင်လများတွင် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တကြိမ်၊ လက်မှတ်မထိုးသေးသော အဖွဲ့များနှင့် တကြိမ် အသီးသီး တွေ့ဆုံခဲ့ကြရာတွင် ၂ကြိမ် ၂ခါ စလုံး ဒေါ်အောင်ဆန်း စုကြည်က သူ၏ အဆိုပါ နိုင်ငံရေးအမြင်ကို အတိအလင်းပြောကြားခဲ့သည်။

နိုင်ငံရေး နိုးကြွားမှုမြင့်တက်နေသော တိုင်းရင်းသား အင်အားစု အသိုင်းအဝိုင်းနှင့် ယထာဘူတကျကျ စဉ်းစားတွေးခေါ် သည့် ဗမာနိုင်ငံရေးလောကတို့တွင် ဤကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုကို ဖြစ်စေသည်မှာ အမှန်ပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဤကိစ္စနှင့် ပတ်သက်၍ မည်သို့ တိတိကျကျပြောဆိုခဲ့သည်ကို အနီးကပ် စောကြောလေ့လာကြည့်ပါသည်။

သြဂုတ်လ ၄ ရက်ထုတ် သျှှမ်းသံတော်ဆင့်တွင် ဖော်ပြချက်အရဆိုလျင် ဇူလိုင်လ ၁ရ ရက်နေ့တွင် UNFC နှင့် ရန်ကုန် တွင် တွေ့ဆုံခဲ့စဉ်က ပင်လုံနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည်မှာ ရှမ်းပြည်ထောင်များနှင့် ချင်း၊ ကချင်တောင်တန်းဒေသများသည် ဗမာနှင့်အတူ လွတ်လပ်ရေးကို အတူ တကွ ရယူရန် ဆုံးဖြတ်ခဲ့သည့်အချက်သည် လွတ်လပ်ရေးကို ဆောင်ကျဉ်းပေးခဲ့သည့်အချက် ဖြစ်သည့်အလျောက် ပင်လုံ ဟူသော မြို့ကလေးတွင် ပင်လုံစိတ်ဓာတ်မွေးဖွားခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ပင်လုံစိတ်ဓာတ်သည်သာလျှင် ပင်လုံစာချုပ် ထက် ပို၍ အရေးကြီးသည်ဟူ၍ ဖြစ်သည်။

နောက်တချက် ထောက်ပြပြောဆိုသွားသည်မှာ ကရင်နီ၊ မွန်၊ ကရင်နှင့် ရခိုင်နှင့် အခြားလူမျိုးများ မပါဝင်ခဲ့သဖြင့် ပင်လုံ စာချုပ်သည် ကျဉ်းမြောင်း နေသည်၊ ပို၍ ကျယ်ပြန့်အောင်လုပ်ရန် လိုအပ်သည်၊ ပင်လုံစာချုုပ်ကို ပစ်ပယ်ကာ ပိုမို ပြည့်စုံ သော စာချုပ်တခုဖြင့် အစားထိုးရမည်ဟု ဆိုလိုဟန်ရှိသည်။

စောစောပိုင်း ဇွန်လ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ ၈ ဖွဲ့နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်ကလည်း အောက်ပါ အတိုင်း တိတိကျကျ ပြောဆိုခဲ့သည်။

“ပင်လုံညီလာခံဆိုတာ ဘာကိုပြောလိုတာလဲ၊ ပင်လုံစိတ်ဓာတ်ကို ပြောလိုတာလား၊ စာချုပ်ကို ပြောလိုတာလား၊ သဘောတူညီချက်ကို ပြောတာလားလို့ မေးခွန်းတွေ မေးလာတာ ရှိပါတယ်။ ပထမဦးဆုံးအားဖြင့်တော့ ပင်လုံစာချုပ်ကိုပဲ ပြောတာ မဟုတ်ပါဘူး။ ပင်လုံစာချုပ်က အဓိက မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပင်လုံစာချုပ်က အဲဒီအချိန်အခါတုန်းက လွတ်လပ်ရေးရဖို့ ချုပ်ဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။
လွတ်လပ်ရေးကိစ္စနဲ့ သက်ဆိုင်ပြီး ချုပ်ဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်၊ စာချုပ်ကို ချုပ်ဆိုတဲ့ တိုင်းရင်းသားတွေက အားလုံးသိကြတဲ့အတိုင်း အနည်းအကျဉ်းပဲ ပါတယ်။ မပါတဲ့သူတွေက ပင်လုံစာချုပ်အပေါ် အခြေခံခဲ့မယ်ဆိုရင် မိမိတို့ တိုင်းရင်းသား လူမျိုးစုတွေကို လျစ်လျူရှုထားတာလားလို့ မေးစရာဖြစ်လာမယ်”ဒေါ်အောင်ဆန်းစုကြည်၏ ပင်လုံစာချုပ်အပေါ် သဘောထားအမြင်သည် လူအတော်များများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါသည်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်သဘောထားသည် လွတ်လပ်ရေးရလုဆဲ အချိန် ၁၉၄၇ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသည့် သူ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည့်သဘော အဓိပ္ပာယ် ကောက်ယူကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ နှစ် ပင်လုံစာချုပ်ချုပ်ဆိုသည့် ကာလတွင် အဓိကဇာတ်ဆောင် ဖြစ်ခဲ့ပြီး ယင်းကာလ ကြားဖြတ် မြန်မာအစိုးရ၏ ကိုယ်စားလှယ်လည်း ဖြစ်ခဲ့ပါသည်။

သို့ဖြစ်သည့် အလျောက် ဒေါ်စု၏ အမြင်သဘောထားများသည် မည်သည့်အတိုင်းအတာအထိ ယထာဘူတကျကျ အဆက်အစပ် ရှိသည်ကို ဆန်းစစ်ရန် လိုအပ်လာပါသည်။

ပထမ အချက်ဖြစ်သည့် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးကို အတူတကွ ရယူရန်အတွက် ပူးပေါင်းခဲ့ကြခြင်းသည် အ ရေးကြီးသောအချက် တချက် ဖြစ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့ရာတွင် အပြည့်အဝ မှန်ကန်သည်ဟု မဆိုနိုင်ပေ။

ထိုစဉ်ကာလ ပင်လုံညီလာခံ တလျှောက်လုံးတွင် တောင်တန်းဒေသ ခေါင်းဆောင်များသည် တစုံတရာ အတိုင်းအတာ တခုအထိ ကြီးမားသော သံသယစိတ်များရှိခဲ့သည်ကို အထင်အရှားမြင်တွေ့ရပါသည်။ တောင်တန်းဒေသများအနေနှင့် မိမိတို့ အမှန်တကယ်လိုလားသော တန်းတူ၍ လွတ်လပ်သည့် စစ်မှန်သော ပြည်ထောင်စုနိုင်ငံသစ်အစား ဗမာက ဗြိတိသျှနေရာ ကို ဝင်ယူကာ အုပ်စိုးသူလက်သစ်အဖြစ် တောင်တန်းဒေသများအပေါ် တဖက်သတ် စိုးမိုးချုပ်ချယ် လာမည်ကို စိုးရိမ်မှုတို့ ရှိနေခဲ့သည်ကို အထင်အရှား မြင်တွေ့နိုင်ပါသည်။

ဤသို့ သံသယဝင်ကာ စိုးရိမ်ခဲ့ကြသည့်အတိုင်း အမှန်တကယ်ဖြစ်လာသည်ကို ဗြိတိသျှတို့ လက်အောက်မှ လွတ်လပ်ရေး ကို ရလာသည့် အချိန်မှ စတင်ကာ ယနေ့အထိ ဖြစ်ပျက်နေသော နိုင်ငံရေးဖြစ်စဉ်များ က သက်သေထူပြီး ဖြစ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇) တွင် ခွဲထွက်ခွင့် ပုဒ်မပါရှိလာသည်မှာ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသား လူမျိုးများ၏ စိုးရိမ်မှုများ လျော့ပါးအောင် မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်ခဲ့ရသည်ကို ထင်ရှားစေပါသည်။

သို့ဖြစ်ပါသဖြင့် ၁၉၄၇ ခုနှစ် ပင်လုံတွင် ရရှိခဲ့သည့် ပူးပေါင်းမှုဟူသည်မှာ ဒေါ်စုပုံဖော်သကဲ့သို့ သံသယစိတ်များ အကြွင်းမဲ့ ကင်းစင်သည့် ပူးပေါင်းမှုမျိုး မဟုတ်ခဲ့ပါ။

တိုင်းရင်းသားလူမျိုးများအနေနှင့် ယုံကြည်မှု အပြည့်ဖြင့် ဒုန်းဒုန်းချ ပူးပေါင်းသည့် သဘောထက် ထိုစဉ်ကာလ ပကတိ နိုင်ငံရေး အခင်းအကျင်း၏ ပြဌာန်းချက်သဘော (real politik)၊ ကောင်းတန်ရာ၏ ဆို သည့်သဘော (calcualated risk) ဖြင့် ပေါင်းစည်းခဲ့ခြင်းသာဖြစ်ပါသည်။ ထိုစဉ်ကာလ တောင်တန်းဒေသမှ ခေါင်းဆောင် ကြီးများသည် အဆုံးအဖြတ်မှားခဲ့ကြောင်း ယနေ့အထိ ဖြတ်သန်းခဲ့ရသော အတိတ်သမိုင်းက သက်သေထူခဲ့ပြီး ဖြစ်ပေသည်။

ဒုတိယအပိုင်း သူပြောသည့် အခြားတိုင်းရင်းသားများ ပါဝင်ခြင်းမရှိခဲ့ ဟူသည်မှာ ပြည့်စုံလုံလောက်သော အဆိုမဟုတ်သည့်အပြင် လုံးလုံးလျားလျား မှန်ကန်သော အဆိုလည်း မဟုတ်ပေ။ ထိုစဉ် ကာလ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ကြားဖြတ်မြန်မာ အစိုးရ လက်အောက်တွင် တိုက်ရိုက် ရှိနေသော Burma Proper ခေါ် Ministerial Burma ခေါ် ဗမာပြည်မ ဟူသည့် နယ်နိမိတ်တွင် မှီတင်းနေထိုင်ကြသည်မှာ ဗမာ အပြင် မွန်၊ ကရင်၊ ရခိုင်နှင့် အခြားတိုင်းရင်းသားများ ဖြစ်ကြပါသည်။ ကရင်နီ ခေါ် ကယားဒေသမှာ သီးခြား လွတ်လပ်သောဒေသဟု ဗြိတိသျှက သတ်မှတ်ထားသော ဒေသဖြစ်ပါသည်။

သို့ဖြစ်ပါသဖြင့် ဥပဒေကြောင်းလမ်းအရ ဆိုလျှင် ဗမာပြည်မအတွင်းတွင် နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗိုလ် ချုပ်အောင်ဆန်းက ပင်လုံညီလာခံတွင် ကိုယ်စားပြုကာ တက်ရောက်ခဲ့သည့် အပြင် ယင်းပင်လုံစာချုပ်ကိုလည်း ၎င်း တိုင်းရင်းသားအားလုံးကိုယ်စား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

ဇူလိုင်လ ၂၈ မှ ၃ဝ အထိ ကျင်းပခဲ့သည့် မိုင်ဂျာယန် အစည်းအဝေးကို တက်ရောက်ခဲ့သည့် ကေအင်ယူ ဒုဥက္ကဋ္ဌ နော်ဆေ ဖော်ရော်စိန်အား ကရင်သတင်းစင်တာမှ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် မိမိ၏ပါတီသည် အခြားတိုင်းရင်းသား များ နည်းတူ ပင်လုံလက်စွဲ စာအုပ်တွင် ပါရှိသည့် လမ်းညွှန်ချက်တို့ကို သဘောတူ လက်ခံကြောင်း၊ ပင်လုံသည် ရှမ်း၊ ချင်း၊ ကချင်တို့နှင့် တိုက်ရိုက် ပတ်သက်ခဲ့သော်လည်း အခြား တိုင်းရင်းသားတို့အတွက်ပါ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ဒီမိုကရေစီ ရေး၊ တန်းတူရေး အစရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်ရေးဆိုင်ရာ အချက်အလက်များ ပါရှိသည့် ပင်လုံ စိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း အထူးပြုပြောဆိုသွားခဲ့ပါသည်။

ထပ်မံဖြည့်စွက်ပြောဆိုရာတွင် ပင်လုံစာချုပ်သည် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနှင့် တထပ်တည်း ကျသဖြင့် ကေ အင်ယူ အနေနှင့် သဘောတူ လက်ခံပါကြောင်း ထွက်ဆိုခဲ့ပါသည်။

ဤရှုထောင့်မှ ကြည့်လျှင် ၁၉၄၇ တွင် ချုပ်ဆိုခဲ့သည့် ဤစာချုပ်အား ပစ်ပယ်ကာ စာချုပ်အသစ်တခုနှင့် အစားထိုးသင့်သည်ဟူသော အဆိုမှာ မဆိုအပ်သော ယထာဘူတ မကျသော အဆိုပင် ဖြစ်ပါသည်။

ဤစာချုပ်သည် လူမျိုးအုပ်စုများ ပြည်ထောင်များအတွင်း အချင်းချင်း သဘောတူ ချုပ်ဆိုထားသောစာချုပ် ဖြစ်၍ ယင်းသို့ သော စာချုပ်တရပ်အဖြစ်သာ သဘောထားရမည်ဖြစ်ပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အောင်မြင်စွာ ဖော် ဆောင်ရာတွင် ဤစာချုပ်အား တဆင့် နှိမ့်ခြင်း၊ သေးသိမ်စေခြင်းဖြင့် ကောင်းကျိုးတစုံတရာ ဖြစ်ထွန်းလာစရာ အကြောင်း မရှိပါ။

စာချုပ်ပါ အချက်ပေါင်း ၉ ချက်တွင် ကချင်နှင့် ရှမ်းကိစ္စများသာ ပါရှိခဲ့သည်၊ တိကျရှင်းလင်းမှုမရှိ ဟူသည့် အဆိုမှာ လည်း ယထာဘူတမကျပေ။ အထူးသဖြင့် ပင်လုံစာချုပ်တခုလုံးကို ပစ်ပယ်ရာ ကျပါသည်။

စာချုပ်ပါ အချို့အချက်အလက်တို့သည် ထိုကာလ လတ်တလော အရေးကိစ္စများနှင့် ပတ်သက်နေသည်မှာ အမှန်ပင် ဖြစ် ပါသည်။ အထူးသဖြင့် ကချင်ပြည်နယ် ထူထောင်ရေး၊ ရှမ်းပြည်နယ်၏ ဘဏ္ဍာရေးကိစ္စများ ဖြစ်ပါသည်။ ယနေ့ ကြုံတွေ့နေ ရသော နိုင်ငံရေး အခက်အခဲများကို ဖြေရှင်းရန်အတွက် လုံလောက်ပြည့်စုံမှု မရှိဟု ဆိုပါက မငြင်းသာပေ။ တရားနည်းလမ်း ကျပါသည်။

သို့ပင်ငြားလည်း အရေးကြီးသည့် အပိုင်းများမှာ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် အခြေခံမူများဖြစ်ကြသော ပြည်နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဘဏ္ဍာရေး ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ဒီမိုကရေစီရေး၊ တန်းတူရေး ဆိုင်ရာစာချုပ်ပါ အချက်အလက်များ ဖြစ်ပါသည်။

အရေးကြီးသည်မှာ ပင်လုံစာချုပ်သည် လူမျိုးများအချင်းချင်းကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အပြန်အလှန် သဘောတူချုပ်ဆိုထားသော ပဋိညာဉ် စာချုပ်ဖြစ်သည်နှင့်အညီ ဆက်လက်၍ အလေးအမြတ်ထားကြရမည် ဖြစ်ပြီး သေးသိမ်အောင် ပျက်ပြယ်အောင် ပြုလုပ်ရမည့် အရာကိစ္စတခု မဟုတ်ပေ။

ပင်လုံစာချုပ်သည် ယနေ့အထိ တရားဝင်ဆဲဟု ယူဆလျှင် ဒုတိယ ပင်လုံညီလာခံအား ခေါ်ယူရန်မလို။ ဒုတိယ ပင်လုံညီလာခံခေါ်ယူခြင်းက မူလ ပင်လုံစာချုပ် ပျက်ပြယ်ကြောင်း၊ ပယ်ဖျက်ကြောင်း ကြေညာရမည်ဖြစ်သည်။ သို့မဟုတ်ပါက ဒုတိယပင်လုံညီလာခံမှ ရရှိလာသော သဘောတူညီချက်တို့သည် မူလပင်လုံစာချုပ်နှင့်အပြိုင် တည်ရှိနေပြီး မည်သည့်စာချုပ်က တရားဝင် ဖြစ်သည်ကို ဥပဒေကြောင်းလမ်းအရ မေးခွန်းထုတ်စရာဖြစ်လာမည်ဖြစ်သည်။

သို့မဟုတ် ပင်လုံ ဟူသော အမည်နာမကို သုံးမည်ဆိုပါကလည်း ပထမပင်လုံညီလာခံမှ ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရမည်၊ သို့မဟုတ်ပါက မေးခွန်းထုတ်စရာ တသီကြီး ရှိလာမည်ဖြစ်သည်။

ရှုထောင့်အမြင် အမျိုးမျိုးရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ၁၉၄၇ တွင် ရေးထိုးခဲ့သော ပင်လုံစာချုပ်ကို အခြေခံ၍ ပြည် ထောင်စု မြန်မာနိုင်ငံ (၁၉၄၇) အခြေခံဥပဒေ ပေါ်ပေါက်ခဲ့ပြီး၊ တဆက်တည်းတွင် ပြည်ထောင်စုမြန်မာနိုင်ငံ ဟူ၍ နိုင်ငံသစ် တခုပေါ်ထွန်းခဲ့ခြင်းဖြစ်သဖြင့် ပင်လုံစာချုပ်သည် လူမျိုးများအချင်းချင်းကြား ချုပ်ဆိုခဲ့သည့် မပြုမပြင်ကောင်းသော အထွဋ်အမြတ်ထားရမည့် ပဋိညာဉ်စာချုပ်အဖြစ် သဘောထားရပေမည်။

ပင်လုံဟူသော အမည်နာမကို အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ အချိန်ကာလနှင့်အညီ လိုအပ်သော ဖြည့်စွက်ချက်များကို နဂိုမူလ ပင်လုံရည်မှန်းချက်ပန်းတိုင်ကို မပျောက်မပျက်စေဘဲ နိုင်ငံတွင်း မှီတင်းနေထိုင်ကြသော ပြည်သူတရပ်လုံး၏ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်သည့် နိုင်ငံတည်ဆောက်ရေး အဝန်းအဝိုင်းအား ချဲ့ထွင်သွားရန် အရေးကြီးပါသည်။

(စိုင်းဝမ်းဆိုင်သည် တိုင်းရင်းသားအရေး ဆောင်ရွက်နေသူတဦးဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading