မြန်မာနိုင်ငံသည် ဖက်ဒရယ်စနစ်သို့ ဦးတည်သော မှန်ကန်သည့် ခြေလှမ်းတလှမ်း ရွေ့လျားနိုင်ခဲ့သည်။ ၎င်းမှာ ပြီးခဲ့သောနှစ် အောက်တိုဘာလက လက်မှတ်ရေးထိုးခဲ့သော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ ရလဒ်တခုဖြစ်သည်။ ကျင့်သုံးမည့် ဖက်ဒရယ်စနစ်နှင့် ထိုစနစ်ကို တည်ထောင်မည့် လုပ်ငန်းစဉ်များသည် လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးရမည့် အကြောင်းအရာများ ဖြစ်သည်။ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ပါဝင်မည့် ထိုဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်စဉ်၏ အဓိက အရေးပါသော အစိတ်အပိုင်းတခုဖြစ်သည်။
သို့သော်လည်း သမိုင်းပညာရပ်နှင့် သမိုင်းပညာရှင်များက ထိုဖြစ်စဉ်တွင် မည်သည့်နေရာ၌ အံဝင်နေပါသနည်း။
ထိုမေးခွန်းတွင် အဓိက အရေးကြီးသည့် အချက် ၂ ချက်ရှိသည်။ ပထမအချက်မှာ နိုင်ငံရေး ဆွေးနွေးပွဲများသည် မြန်မာပြည်၏ နှစ် ၇၀ သက်တမ်းရှိ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်မည့် နည်းလမ်းတခုဖြစ်သည်။ ထိုပဋိပက္ခများသည် ကိုလိုနီခေတ်နှင့် ကိုလိုနီ ခေတ်လွန် သမိုင်းများ၏ ရလဒ်ဖြစ်သည်။ အဆိုပါ သမိုင်းအမွေအနှစ်အပြင် လွတ်လပ်ပြီးခေတ် နိုင်ငံရေးအနိုင်ရသူများက သမိုင်းရေးရာတွင် လူနည်းစုများ၏ ကိုယ်ပိုင်သီးခြား သမိုင်းများအား ပယ်ဖျက်ပြီး လူများစု လက်အောက်ခံဖြစ်စေရန်နှင့် ၎င်းတို့၏ ဖက်ဒရယ်စနစ်နှင့် တန်းတူညီမျှမှု တောင်းဆိုမှုကို နှိပ်ကွပ်ရာမှ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခဖြစ်သည်။
ဒုတိယ အချက်မှာ ယခုကဲ့သို့ အဖွဲ့ပေါင်းစုံအကြား တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် သမိုင်းပေး ပဋိပက္ခများ ဖြေရှင်းမည့် ကြုံတောင့်ကြုံခဲ နိုင်ငံရေးလမ်း ဖွင့်နေစဉ်ကာလတွင် ရန်ကုန်တက္ကသိုလ်၌ ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်အတွက် သမိုင်းဘာသာရပ် တက်ရောက်မည့် ကျောင်းသားသစ် တယောက်မျှ မရှိခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တခုတည်းကသာ သမိုင်းဌာနရှိသည် မဟုတ်သော်လည်း ရန်ကုန်တက္ကသိုလ်သည် မြန်မာ နိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက သမိုင်းရေးသားခြင်းကို ရာစုနှစ်ဝက် ခန့်ကြာအောင် လက်ဝါးကြီး အုပ်ထားခဲ့ပါသည်။ သမိုင်းဌာနတွင် တက်ရောက်မည့် ကျောင်းသားသစ် မရှိခြင်းသည် သမိုင်းပညာရပ်နှင့် သမိုင်းပညာရှင်တို့၏ အခန်းကဏ္ဍ ကျဆင်းမှုကို ထင်ဟပ်နေသည်။
ထို့ကြောင့် သြဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဆရာမ/ဆရာများ၊ စာရေးဆရာများနှင့် ကျောင်းသားများ ပါဝင်သော “လူငယ်များ၏ သမိုင်းဘာသာရပ်အပေါ် စိတ်ဝင်စားမှုအခြေအနေ” စကားဝိုင်းဆွေး နွေးပွဲတခုကို ရန်ကုန်အခြေစိုက် မြန်မာ့ ယဉ်ကျေးမှု သုတေသနအသင်း (Myanmar Cultural Research Society) က ပြုလုပ်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများက ယခင်စစ်အစိုးရများလက်ထက်က သမိုင်းဘာသာရပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သော ပြုမူဆောင်ရွက်မှုများကို ထောက်ပြဆွေးနွေးခဲ့ကြသည်။
သမိုင်းရေးသားရာတွင် အစိုးရဝင်ရောက်စွက်ဖက်ခြင်း၏ အဓိကရလဒ် တခုမှာ အစိုးရအကြိုက် သမိုင်းဇာတ်ကြောင်းများ ရေးသားခြင်းဖြင့် စစ်အုပ်ချုပ်ရေးအား ပံ့ပိုးပေးခဲ့ရခြင်းဖြစ်သည်။ သမိုင်းဌာန၏ ကိုယ်ပိုင်သမိုင်း ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့ရသည်။ ပညာရှင်အများအပြားက မနှစ်မြို့ကြသော်လည်း (တခါတရံ အစိုးရနှင့် အကျွမ်းဝင်သူများက ဌာနအကြီးအကဲဖြစ်လေ့ရှိသော) သမိုင်းဌာနက အစိုးရ၏ လိုအင်ဆန္ဒကို မဆန့်ကျင်နိုင်ခဲ့ပါ။ အစိုးရ အလိုကျအတိုင်း ဗမာလူမျိုးတို့၏ အဓိကကျမှုနှင့် မြို့ပြရှု့ထောင့်မှနေ၍ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သော သမိုင်းဇာတ်ကြောင်းများကို ရေးသားခဲ့ကြသည်။
သမိုင်းကို ဗမာရှုထောင့်တခုတည်းကမှ ချည်းကပ်ပြီး ဗမာဘုရင်လက်အောက်မဟုတ်ပဲ သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့သည့် တိုင်းရင်းသားနိုင်ငံများနှင့် ၎င်းတို့၏သမိုင်းတို့ကို တက္ကသိုလ်တွင် ဖယ်ထုတ်ရေးသားခြင်းဖြင့် တိုင်းရင်းသားများအား လူများစု၏ ထာဝရသြဇာခံသဖွယ် ပုံဖော်ပေးခဲ့သည်။
Myanmar Cultural Research Society ၏ အခမ်းအနားတွင် ဆွေးနွေးသည့် ခေါင်းစဉ်တခုမှာ လက်ရှိ (လူသိများသော) သမိုင်း အချက်အလက်များအပေါ် ယုံကြည်အားထားနိုင်မှု ဖြစ်သည်။ သမိုင်းပညာရှင်များက သမိုင်းဆိုသည်မှာ အချေအတင် ဆွေးနွေးငြင်းခုံရသည့် ကိစ္စဖြစ်သည်ဟု တင်ပြသည်။ သို့သော် သိနေသော်လည်း နိုင်ငံရေးအရ တို့ထိမရသေးသော အမှားအယွင်းများရှိနေကြောင်း၊ ထိုအမှားအယွင်းများအား ပြင်ရန်လိုအပ်ကြောင်း၊ သမိုင်းသုတေသနနှင့် သင်ကြားရေး နည်းလမ်းများကိုလည်း အပြောင်းအလဲ ပြုလုပ်သင့်ကြောင်း အကြံပြုခဲ့သည်။
အဆိုပါ အကြံပြုချက်များကို ပြည်တွင်း ပြည်ပ၊ အစိုးရနှင့် ပြည်သူများက ထောက်ခံသင့်သည်။ အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိ တပ်မတော်နှင့် ပြည်သူများ နားလည်ထားသည့် မြန်မာနိုင်ငံသမိုင်းသည် လက်နက်ကိုင် ပဋိပက္ခ (တနည်းအား ဖြင့် အစိုးရမှ ဖယ်ဒရယ်၊ တန်းတူရေးကို ငြင်းဆန်ပြီး တိုင်းရင်းသားများကို “သောင်းကျန်းသူ” များအဖြစ်သတ်မှတ်ကာ တရားဝင်နှိပ်ကွပ်ရန်) ကိုသာ အားပေးသည့်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရာတွင် တပ်မတော်၊ အစိုးရနှင့် ပြည်သူတို့၏ သမိုင်းနားလည်မှုကို ပြန်လည်တည့်မတ်ရန် လိုသည်။ အထူးသဖြင့် လူ့အဖွဲ့အစည်းနှင့် နယ်မြေ ဆက်စပ်မှုဆိုင်ရာ သမိုင်း နားလည်ယုံကြည်မှုကို ပြန်လည်တည့်မတ်ရန် အရေးကြီးသည်။
လူသား ပထဝီ (Human Geography) ရှုထောင့်မှကြည့်လျှင် သမိုင်းသည် ပထဝီဆိုင်ရာ ဖြစ်စဉ်များ ဖြစ်သည်။ အစိုးရတခု၏ အုပ်ချုပ်ရေးအာဏာဟုဆိုရာတွင် သတ်မှတ်ပိုင်နက် နယ်မြေအပေါ် အုပ်ချုပ်ရေးဖြစ်သည်။ ထိုနယ်မြေတွင်းရှိ လူများကို အုပ်ချုပ်ခြင်းဖြစ်သည်။ သို့ရှိရာ အာဏာဆက်လက်ကျင့်သုံးနိုင်ရေး၊ အာဏာကျယ်ပြန့်ရေးအတွက် ထိုနယ်နိမိတ်များကို အမြဲမပြတ် သတ်မှတ်ဖန်တီးနေရသည်။ ထိုနယ်မြေနှင့် ပြည်သူတို့၏ ဆက်နွယ်မှုများကိုလည်း အမြဲသတ်မှတ် ဖန်တီးနေရသည်။ နယ်မြေအပေါ် စိုးမိုးအုပ်ချုပ်နိုင်ရေးသည် အဓိက သော့ချက်ဖြစ်သည်။
ဥပမာ တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုသည်မှာ ၎င်းတို့ယူဆသည့် ဘိုးဘွားပိုင်နယ်မြေများအပေါ် ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ရန်ဖြစ်သည်။
ထိုနည်းတူစွာ အစိုးရအမြဲ ပြောဆိုနေသည့် အချုပ်အခြာ အာဏာတည်မြဲရေးဆိုသည်မှာ လက်ရှိမြန်မာနိုင်ငံ နယ်နိမိတ်တွင်းရှိ နယ်မြေအားလုံးကို ဗဟိုအစိုးရက ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ရေး ဖြစ်သည်။ အစိုးရက ထိုနယ်မြေများအားလုံးသည် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်နယ်မြေဟု ဆိုသည်။ လူနည်းစု တိုင်းရင်းသားများဘက်မှ ကြည့်ပါက တိုင်းရင်းသားပြည်နယ်များဟု ယနေ့အချိန်တွင် သိထားကြသော နယ်မြေများသည် ဗမာအစိုးရများ၏ ကိုလိုနီပြုမှုကြောင့် အုပ်ချုပ်ခွင့် ဆုံးရှုံးခဲ့ရသော သူတို့၏ ဘိုးဘွားပိုင်မြေများ ဖြစ်သည်။
မြန်မာနိုင်ငံ၏ အမျိုးသား သမိုင်းစာပေများတွင် အနော်ရထာမင်း တည်ထောင်သည့် “ပထမမြန်မာနိုင်ငံ” နှင့် စတင်ပြီး “ဒုတိယ မြန်မာနိုင်ငံ”၊ “တတိယ မြန်မာနိုင်ငံ” အဖြစ် ဗမာဘုရင့်နိုင်ငံများသာလျှင် ကျယ်ပြန့်စွာဖြင့် တလျှောက်လုံး သြဇာ အာဏာ ကြီးမားစွာ ရှိခဲ့သကဲ့သို့ ဖော်ပြထားခဲ့သည်။ အင်္ဂလိပ်ကိုလိုနီခေတ် မတိုင်မှီကတည်းက သီးခြားရှိခဲ့သည့် တိုင်းရင်းသားနယ်မြေများ၊ အင်အားကြီး မွန်နှင့် ရခိုင် နိုင်ငံတော်များ၏ အခန်းကဏ္ဍကို မှေးမှိန်ထားပြီး တိုင်းရင်းသားတို့သည် ဗမာဘုရင်များ၏ ယေဘုယျ လက်အောက်ခံအဖြစ် လည်းကောင်း၊ အင်အားကြီး ဗမာဘုရင်များကို ပုန်ကန်သည့် သစ္စာဖောက်များအဖြစ်လည်းကောင်း၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် ၎င်းတို့အား ကြမ်းတမ်းစွာ ဖိနှိပ်ဖြိုခွဲခဲ့ရကြောင်းဖြင့် လည်းကောင်း ဆိုသည်။ တိုင်းရင်းသားတို့၏ လွတ်လပ်စွာ ရပ်တည်ခဲ့ခြင်း၊ ကိုယ်ပိုင်နိုင်ငံ ကိုယ်ပိုင်နယ်မြေဖြင့် အုပ်ချုပ်ခဲ့ခြင်း၊ ဗမာဘုရင်များကို အနိုင်ရရှိခဲ့ခြင်းစသည်တို့ကို ဖျောက်ထားပြီး ဖြိုခွင်းခံရသည့် လက်အောက်ခံ များအဖြစ်သာ ဖော်ပြသည်။
ပြဿနာက ထိုမျှနှင့် မပြီးပါ။ လူနည်းစု၏ ဘိုးဘွားပိုင်မြေပိုင်ဆိုင်မှု ကိုလည်း အသိအမှတ်မပြုပါ။ ဥပမာကောင်းတခု ပြရလျှင် နိုင်ငံတော် သီချင်းတွင် “တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ” ဟု စပ်ဆိုထားသည်။ မေးစရာ ရှိလာသည်မှာ “တို့” ဆိုသည်မှာ မည်သူနည်း။ မည်သူ၏ “မြေ” ဖြစ်သနည်း။ “ဘိုးဘွား” ဆိုသည်မှာ မည်သူတို့ကို ရည်ညွှန်းပါသနည်း။
အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်သီချင်းက “နိုင်ငံ” ဆိုသည်ကို လူများစု၏ ရှုထောင့်မှ ကြည့်ထားသည်။ ထို့ကြောင့် အင်အားကြီးသည့် အုပ်စုက ယူဆထားသော နိုင်ငံပိုင်နက် နယ်မြေရှိ အရာအားလုံးနှင့် မြောက်ပိုင်းထိပ်မှသည် တောင်ပိုင်း အစွန်အထိ သူတို့ပိုင်ဆိုင်သည်ဟု ထင်မြင်သဖြင့် လူနည်းစုများ၏ ဘိုးဘွားပိုင်မြေဆိုသည့် အမှတ်လက္ခဏာ ကွယ်ပျောက်သွားသည်။ ထိုသို့ဆိုပါလျှင် လူနည်းစုများအတွက်မူ နိုင်ငံတော်သီချင်းသည် လှည့်ဖျားမှုတခုသာ ဖြစ်သည်။ သမိုင်းဆိုင်ရာ စုံစမ်းလေ့လာမှု အသစ်များ လိုအပ်နေပါသည်။
အတိုချုံးရလျှင် အမျိုးသား သမိုင်းဇာတ်ကြောင်းများနှင့် နိုင်ငံတော် သီချင်းတို့သည် လူနည်းစု အသိုင်းအဝိုင်းများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး သမိုင်းများနှင့် ဘိုးဘွားပိုင်မြေ အခွင့်အရေးကို ထိထိရောက်ရောက် ငြင်းပယ်ထားသည်။ ထို့ကြောင့် လူနည်းစုများက ဖက်ဒရယ်စနစ်နှင့် ပတ်သက်ပြီး သတ်မှတ် နယ်မြေများ၌ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် တောင်းခံလာသည့်အခါ သြဇာအင်အား ကြီးမားသည့်နေရာတွင် ရှိနေသူများက မည်သည့်အတွက်ကြောင့် လူနည်းစုများက ငါတို့၏ ဘိုးဘွားပိုင်မြေကို သူတို့ပိုင်မြေ အဖြစ် တောင်းဆိုရတာလဲဟု နားမလည်နိုင်ဘဲ ဖြစ်ကြရသည်။
ယခု ဆွေးနွေးမှုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့နှင့် မည်သို့ သက်ဆိုင် နေပါသနည်း။
သက်ဆိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့၏ အစိတ်အပိုင်း အများစုမှာ ဖက်ဒရယ်စနစ်နှင့် ပတ်သက်ပါသည်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၏ အတိုင်းအတာနှင့် ပုံသဏ္ဍာန်အမျိုးမျိုးတို့နှင့် ပတ်သက်နေပါသည်။ ပိုင်နက်နယ်မြေအတွက် ရုန်းကန်လှုပ်ရှားရခြင်းဆိုင်ရာ မေးခွန်းများနှင့် ခွဲခြား၍ မရပါ။
လက်ရှိ အမျိုးသားသမိုင်းက အလုပ်မဖြစ်ပါ။ အမှားအယွင်းများက လူနည်းစုများကို လက်အောက်ခံဖြစ်စေခြင်း၊ ဘိုးဘွားပိုင်မြေ ရရှိခွင့်ကို အသိအမှတ်မပြုခြင်း နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့် သမိုင်းကြောင်းများကို အသိအမှတ်မပြုခြင်းတို့ ဖြင့် ပြဿနာကို ပိုဆိုးသွားစေပါသည်။
သဘောတရားရှုထောင့်အပြင် သမိုင်းသုတေသန၊ သမိုင်းရေးသားမှုနှင့် သင်ကြားမှုတို့တွင် ချဉ်းကပ်မှုအသစ်များ ဖော်ဆောင်နိုင်ခြင်း မရှိသည့်အတွက် ပြဿနာများ မြင့်တက်လာစေသည်။ ဆိုလိုသည်မှာ လူများစုနှင့် လူနည်းစုအဖွဲ့များ ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို ဆွေးနွေးသည့်အချိန်တွင် အတိတ်ကို မြင်သည့် အမြင်များက တူညီကြလိမ့်မည် မဟုတ်ပါ။
အနော်ရထာမင်း ကဲ့သို့ သူရဲကောင်းများသည် (ဗိုလ်ချုပ် အောင်ဆန်း ပင်လျှင်) လူနည်းစု ပြည်သူများ၏ သူရဲကောင်းများ မဟုတ်ပါ။ ပုဂံသည်လည်း လူနည်းစု တိုင်းရင်းသားများအတွက် ဂုဏ်ယူစရာ သမိုင်း အထောက်အထား မဟုတ်ပါ။ ပထမမြန်မာနိုင်ငံ (ပုဂံ)၊ ဒုတိယ မြန်မာနိုင်ငံ(တောင်ငူ) နှင့် တတိယ မြန်မာနိုင်ငံ (ကုန်းဘောင်) တို့ကိုလည်း လူနည်းစု တိုင်းရင်းသားများ၏ နိုင်ငံများကို ဖျက်ဆီးခဲ့သည်ဟုသာ နားလည်ထားပါသည်။ အဆိုပါ သူရဲကောင်းဆိုသူများနှင့် နိုင်ငံတော်များ အပေါ် ဂုဏ်ယူကြောင်း ဖော်ပြရန် တိုင်းရင်းသားလူနည်းစုများကို ဖိအားပေးခြင်းကလည်း မကျက်သေးသည့် အနာပေါ်သို့ ဆားသိပ်သလိုသာ ဖြစ်ပါလိမ့်မည်။
သို့သော်လည်း ယခင်စစ်အစိုးရများက ထိုကဲ့သို့သော သမိုင်းကြောင်းများကို ပြောသည့်အခါတွင် “အချုပ်အခြာ အာဏာ”အမည်ကို အသုံးပြု၍ သူတို့၏ တန်းတူညီမျှခွင့်နှင့် နယ်မြေပိုင်ဆိုင်ခွင့်များကို ငြင်းပယ်ခြင်းဖြစ်သည်ဟု တိုင်းရင်းသားလူနည်းစုများက မြင်ခဲ့ကြသည်။ စစ်အစိုးရ လုပ်နေကျ အတိုင်းဟု နားလည်ခဲ့ကြသည်။
သို့သော် ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး လုပ်နေသည့်ကာလတွင် ဗမာပြည်သူများက အထက်ပါ အမျိုးသား သမိုင်းကြောင်းများကို ထပ်မံပြောဆိုနေခြင်းက လူနည်းစုအမြင်တွင် ဗမာပြည်သူများပင်လျှင် ယခင်စစ်အစိုးရများနှင့် အကြံတူဖြစ်သည်ဟု သတ်မှတ်သွားဖို့သာ ဖြစ်စေနိုင်ပါသည်။
ပြည်သူများ (အစိုးရနှင့် နိုင်ငံရေးအသိုင်းအဝိုင်းအချို့ အပါအဝင်) က အဆိုပါ သမိုင်းကြောင်း များကို ငြိမ်းချမ်းသည့် ဖက်ဒရယ်ပြည်ထောင်စုတခု ၂ ဦး ၂ ဘက်တည်ထောင်ကြရန် ရည်ရွယ်ချက်ဖြင့် အမှန်တကယ် ရိုးသားစွာ ပြောနေကြခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် အတိတ်သမိုင်းကို ပြန်ကြည့်ရာတွင် ပြဿနာကိုသာ ဆွပေးသော အမျိုးသားသမိုင်းအမြင်က သူတို့ကို မှားယွင်းသော အယူအဆများအတွင်းတွင် ပိတ်မိစေပြီး လူနည်းစုတိုင်း ရင်းသားများနှင့် ဆက်ဆံရာတွင် ကသိကအောင့် ဖြစ်စေခဲ့သည်။
နိဂုံးချုပ်ရလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားလူနည်းစုများ၏ ဂုဏ်သိက္ခာ ရှိသော ကိုယ်ပိုင်အုပ်ချုပ်မှု သမိုင်းများ၊ စုံလင်ကွဲပြားသည့် အတိတ်အကြောင်းများကို လူများစု သမိုင်းများကဲ့သို့ အသိအမှတ်ပြုရန် လိုအပ်ပါသည်။ တဘက်နှင့် တဘက် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည့် သွေးလွှမ်းသော အတိတ်သမိုင်းများရှိခဲ့သည့်တိုင် တဘက်၏ အတိတ်သမိုင်းကို တဘက်က ဂုဏ်သိက္ခာရှိစွာဖြင့်၊ ခင်မင်ရင်းနှီးမှုဖြင့် လူသားဆန်သည့် အမြင်များမြင့် မြင်ကြရန် လိုအပ်သည်။ လက်ရှိ နိုင်ငံသမိုင်းက ထိုသို့ပြုလုပ်ရန် ခွင့်မပြုသည့်အတွက် သမိုင်းဆိုင်ရာ ချဉ်းကပ်မှု အသစ်များ အရေးတကြီးလိုအပ်နေပါသည်။
သမိုင်းပညာရှင်များ အနေဖြင့် သုတေသနပြုလုပ်ရန်၊ သင်ကြားပေးရန် နှင့် အဆုံးအဖြတ်ချမှတ်သူများ၊ ပြည်သူများကို သမိုင်းဆိုင်ရာ အသိအမြင်များ ဖြန့်ဖြူးပေးရန် နည်းလမ်းသစ်များရှာဖွေရာတွင် အရေးပါသည့်နေရာမှ ပါဝင်ပေးနိုင်ပါသည်။ ပါဝင်ပေးသင့်ပါသည်။ ဤသို့ဖြင့် အတိတ်အကြောင်းကို လေ့လာသူများက လက်ရှိ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတွင် ပါဝင်ပံ့ပိုးပေးနိုင်ပါသည်။
သမိုင်း (နှင့် ဘာသာရေး) ကို ပြောမည်ဆိုလျှင် ဓားထမ်းပြီးပြောရသည်ဆိုသည့် စကားတခုရှိပါသည်။ အဘယ်ကြောင့် ဆိုသော် သမိုင်းအကြောင်းကို ဆွေးနွေးညင်းခုန်ခြင်းက ပဋိပက္ခနှင့်သာ အဆုံးသတ်သော ကြောင့်ဖြစ်သည်။ ရှုပ်ထွေးသော အခြေအတင် ငြင်းခုန်မှုများကို ရှောင်လွှဲနိုင်ရန် အချို့က သမိုင်းဆိုင်ရာ မေးခွန်းများကို ရှောင်ရှားကြသည်။ သို့သော်လည်း သမိုင်းကြောင်းအရ ဖြစ်လာသည့် လက်နက်ကိုင် ပဋိပက္ခ များကို ဖြေရှင်းရာတွင် သမိုင်း၊ အထူးသဖြင့် ထိုသမိုင်းကို ပြောဆိုရေးသားပုံကို မျက်ကွယ်ပြုပါက အချိန်ဖြုန်းခြင်းသာ ဖြစ်ပါလိမ့်မည်။
(ဒေါက်တာစိုင်းလတ်သည် Human Geography Ph.D. ဘွဲ့ကို ကနေဒါနိုင်ငံ ဆိုင်မွန် ဖရေဇာ တက္ကသိုလ်မှ ရရှိသည်။ လတ်တလော York တက္ကသိုလ်၏ ယော့ခ် အာရှလေ့လာရေးစင်တာ၏ သုတေသီအနေဖြင့် ပဋိပက္ခ၊ လုံခြုံရေး၊ ဌာနေရပ် ရွှေ့ပြောင်းရေးကိစ္စရပ်များကို သုတေသနပြုနေသည်။)