တရုတ်ခရီးစဉ်မှာ ပီကင်းနဲ့ ချစ်ကြည်ရင်းနှီးမှု ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အမေရိကားကိုသွားတဲ့အခါမှာ အမေရိကန်က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို အမေရိကန်အစိုးရ အဆက်ဆက်မှာ ကွန်ဂရက် အောက်လွှတ်တော် (Congress) က ချမှတ်ထားတဲ့ Sanction အရေးယူပိတ်ဆို့မှုတွေ အားလုံးကို ရုတ်သိမ်းပေးဖို့တော့ ခက်ပါလိမ့်မယ်။
ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းဖို့ရာ အချိန်မတန်သေးဘူးလို့ မြင်သူတွေလည်း အမေရိကန် လွှတ်တော်ထဲမှာရော၊ အစိုးရထဲမှာပါရှိနေသလို မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေ၊ လှုပ်ရှားသူတွေကလည်း အလားတူ အမြင်မျိုး ရှိကြပါတယ်။
မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရနဲ့ စစ်အာဏာရှင်တွေကို ဒဏ်ခတ်တဲ့အနေနဲ့ ပိတ်ဆို့မှုတွေကို ၁၉၉၆-၉၇ မှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၀၃ ဒီပဲရင်း လုပ်ကြံမှုမှာ ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နောက်မှာတော့ တဦးချင်းကို ပစ်မှတ်ထားတဲ့ ပိုပြီး တင်းကျပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့ရေးကို ဝါရှင်တန်က ချမှတ်ခဲ့ပါတယ်။ ၂၀၀၈ မှာ US က ချမှတ်ခဲ့တဲ့ Burmese JADE Act ဆိုရင် စစ်အစိုးရ ခေါင်းဆောင်တွေကိုရော၊ ခရိုနီတွေရောပါ အထိနာစေခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဖြစ်ပါတယ်။
အခုအချိန်မှာတော့ ပြည်သူတွေရွေးကောက်တဲ့ အစိုးရ အာဏာရနေချိန်ဖြစ်ပြီး မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ အိမ်နီးချင်း နိုင်ငံတွေထက် စာရင် လွတ်လပ် ပွင့်လင်းပြီး ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်တွေကို အတော်ကြီးကို ခံစားနေရပြီ ဖြစ်ပါတယ်။
ဒါကြောင့် ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လိုသေးလားလို့ မေးခွန်းထုတ်နိုင်ပါတယ်။
လိုပါတယ်လို့ ဆင်ခြေတက်သူတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ မကျဘူး၊ ပြန်လည်ရေးဆွဲရမယ်။ ဒါကို ဖိအားပေးတဲ့ အနေနဲ့ Sanction ကို ဆက်ထားသင့်တယ်။ ဒါအပြင် မြန်မာပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ အရင်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားဝင်ဆွေးနွေးတဲ့ ကော်မရှင် မဖွဲ့နိုင်သေးဘူး။ ဒါကြောင့် ပိတ်ဆို့မှုတွေ ဆက်ထားသင့်တယ်လို့ ဆိုပါတယ်။
အရေးကြီးတဲ့ အချက်ကတော့ တိုင်းရင်းသား အချို့ စိုးရိမ်နေတဲ့ Military to Military engagement လို့ခေါ်တဲ့ အမေရိကန်နဲ့ မြန်မာအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လောလောဆယ်မှာ မစတင်နိုင်ဖို့အတွက် ပိတ်ဆို့မှုတွေ ဆက်ထားသင့်တယ် ဆိုတဲ့ ဖိအားပေးမှုပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံကို တံခါးဖွင့်ခဲ့တဲ့ ၂၀၁၂ နောက်ပိုင်းကစပြီး အမေရိကန်က မြန်မာ့တပ်မတော်နဲ့ ထိစပ်မှုတွေ ရှိလာခဲ့သလို ပင်တဂွန်က အရာရှိကြီးတွေကလည်း ၂ နိုင်ငံ စစ်တပ်တွေအကြား ဆက်ဆံရေးတွေ တိုးမြင့်ဖို့ စိတ်ဝင်စားကြောင်း တရားဝင် ပြောခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်အရာရှိကြီးတွေကို ဒေသတွင်းက Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူ အဖြစ် US က စတင် ဖိတ်ကြားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ နောက်ပိုင်း မြန်မာ့တပ်မတော်အရာရှိကြီးတွေနဲ့ ပင်တဂွန်ဌာနချုပ် အကြားမှာ ကူးလူးဆက်ဆံမှုတွေ အများအပြားရှိခဲ့တာဖြစ်ပါတယ်။
၂၀၁၄ ဇွန်လ အတွင်းမှာ US ပစိဖိတ်ဒေသရဲ့ ဒုတိယ အကြီးအကဲ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး Anthony Crutchfield ဟာ မြန်မာစစ်အရာရှိကြီးတွေကို Myanmar National Defense College အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ စကားပြောဆိုခွင့် ရခဲ့ပါတယ်။ ဒါဟာ ၂ ဘက် တပ်မတော်ရဲ့ ခြေလှမ်းတွေပဲဖြစ်ပါတယ်။
ဦးသန်းရွှေအပါအဝင် မြန်မာ့တပ်မတော်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး ပြန်ကောင်းလာတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ခရီးစဉ်အတွင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းပါလို့ တောင်းဆိုမှာလား။ မြန်မာ့ရဲ့ အိမ်နီးချင်း တရုတ်ကရော မြန်မာနဲ့ အမေရိကန် စစ်တပ်နှစ်ခု တိုးမြှင့်ဆက်ဆံလာတာကို သဘောကျ ကျေနပ်ပါ့မလားဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
နေပြည်တော်က NLD စိုးမိုးထားတဲ့ ပြည်သူ့လွှတ်တော်မှာ US Sanction အားလုံး ရုတ်သိမ်းပေးရေး အဆိုကို အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အဆိုပြုချက် တင်တာ ပယ်ချခံထိပါတယ်။
ဒါကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ဒီမိုကရေစီလှုပ်ရှားမှု တလျှောက်လုံး စစ်ခေါင်းဆောင်တွေနဲ့ အပေးအယူလုပ်ရာမှာ အသုံးပြုခဲ့တဲ့ Sanction ရဲ့ ဖိအားကို စွန့်လွှတ်လိုက်မယ့်ပုံ မပေါ်သေးဘူးဆိုတာ တွေ့ရပါမယ်။
Sanction အားလုံး ရုတ်သိမ်းပေးရေး တောင်းတာထက်စာရင် မြန်မာနဲ့ US အကြား ပုံမှန်ကုန်သွယ်ရေး ပြန်လုပ်နိုင်ဖို့၊ မြန်မာ့ထုတ်ကုန်တွေကို US ကို တင်ပို့ ရောင်းချနိုင်ဖို့၊ အမေရိကန် စီးပွားရေးသမားတွေ မြန်မာနိုင်ငံလာပြီး ရင်းနှီးမြှုပ်နှံဖို့ (သူတို့ကပဲ အမေရိကန် Sanction အမြန်ရုတ်ပြီး ရင်းနှီးမြှုပ်နှံချင်နေကြတာဖြစ်ပါတယ်)၊ မြန်မာလူငယ်တွေ အဆင့်မြင့် ပညာရေး လက်လှမ်းမီဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိဖို့ အခြေခံကောင်းတွေ ဖန်တီးနိုင်ရေးကိုပဲ ဦးစားပေးမှာဖြစ်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း တရုတ်ကို ပြန်ပြီး Power balance လုပ်ဖို့အတွက် အမေရိကန်ရဲ့ အားကိုလည်း လိမ္မာပါးနပ်စွာအသုံးချရမယ်ဆိုတာ သဘောပေါက်ပြီးသား ဖြစ်မှာပါ။ ဝါရှင်တန်အနေနဲ့လည်း အာရှရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြယုဂ်တခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ထက် မနိမ့်တဲ့ အဆင့်အတန်းမျိုးနဲ့ ကြိုဆိုမယ်လို့လည်း မျှော်လင့်နိုင်ပါတယ်။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိက ခရီးစဉ်မှာ US ရဲ့ Sanction စာရင်းထဲမှာပါနေတဲ့ မြန်မာနိုင်ငံက ခရိုနီသူဌေးကြီးတွေ တချို့ကို စာရင်းထဲက ပယ်ဖျက်ပေးနိုင်ကောင်းပါတယ်။ သူတို့ဟာ မြန်မာပြည်ရဲ့ နိုင်ငံရေး Reform နဲ့ ဒီမိုကရေစီဖြစ်စဉ်မှာ တစိတ်တပိုင်း ဘက်ပြောင်း ပါဝင်လာသူတွေ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြုပြင် အမှားပြင်ခဲ့သူတွေလို့ US က သတ်မှတ်သူ တချို့ပါနိုင်ပါတယ်။
ဒါပေမယ့် စစ်တပ်ကို အကျိုးစီးပွား အကြီးအကျယ်ဖြစ်စေတဲ့ မြန်မာ့တွင်းထွက်တွေကို ပိတ်ဆို့ထားတာအပြင် Military to Military engagement လို့ခေါ်တဲ့ ၂ နိုင်ငံ စစ်တပ်အကြား ဆက်ဆံရေးတွေ ပုံမှန်လုပ်ပြီး အကူအညီနဲ့ သင်တန်းတွေပေးရေးကတော့ စစ်ဘက်ဟာ အရပ်သားအစိုးရရဲ့ အမိန့်ကို မနာခံသေးသရွေ့ အချိန် စောပါသေးတယ်လို့ အများက ပြောကြမှာ အမှန် ဖြစ်သလို NLD အစိုးရကလည်း No … No … No … ဒါတော့ ခဏ စောင့်ပါဦးလို့ တိုက်တွန်းလိမ့်မယ်လို့ ထင်မြင်သုံးသပ်မိပါတယ်။