ဦးသန့်မြင့်ဦးသို့ အိတ်ဖွင့်ပေးစာ

စတယ်လာ နော
ကချင်လွတ်မြောက်ရေး တပ်မတော် တပ်သားများ / Reuters
Want create site? Find Free WordPress Themes and plugins.

သို့
ဦးသန့်မြင့်ဦး

တိုင်းရင်းသားတို့ လက်နက်ကိုင် တော်လှန်ရသော အခြေခံအရင်းအမြစ်ကို လျစ်လျူရှှု အသိအမှတ် မပြုခြင်းသည် မြန်မာနိုင်ငံအတွက် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းမှု ခရီးစဉ်ကို အဟန့်အတားဖြစ်စေကြောင်း သိစေအပ်သည်။

တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ပြည်တွင်းစစ် ဖြစ်ရခြင်း၏ အကြောင်းအရင်းခံများနှင့်ပြောကြားချက်များကိုမူ လျှစ်လျှူရှုကာ တိုက်ပွဲသည် အဘယ်အကြောင်းကြောင့် ဖြစ်သည်နှင့် ပတ်သက်၍ ၎င်းတို့ကိုယ် ၎င်းတို့ မြန်မာ့အရေးကျွမ်းကျင်သူအဖြစ ်သတ်မှတ်ထားသူများမှ တီထွင် ပြောဆိုသုံးသပ်ချက်များ ပြုလုပ်ကြသည်။ ထိုကဲ့သို့သော တဖက်သတ် ပြောဆိုသုံးသပ်ချက်မျိုးကိုပင် ဦးသန့်မြင့်ဦးက သူ၏ မကြာသေးမီက ဆောင်းပါးတပုဒ်ဖြစ်သော သြဂုတ်လ ၂၈ ရက်နေ့ထုတ် Nikkei Asian Review တွင်ဖော်ပြထားသည့် “ငြိမ်းချမ်ရေးအလွန် မြန်မာနိုင်ငံ – Myanmar Beyond the Peace Process ” တွင် ထပ်မံအားဖြည့်တိုးချဲ့ ရေးသားထားသည်။

၎င်းသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ရည်မှန်းချက်များကို ၁၉၂၆ ခုနှစ်က ချီကာကိုမှ ရာဇဝတ်ဂိုဏ်းများ၏ လှုပ်ရှားမှုများနှင့် တန်းတူသဘောထားသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် Kachin Independence Army (KIA) ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ Kachin Independence Organization (KIO) က ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေများတွင် နေထိုင်သောပြည်သူများအတွက် ပြုလုပ်ပေးသော ဆင်းရဲနွမ်းပါးသည့် မိသားစုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအစီအစဉ်များ ပြုလုပ်ပေးသကဲ့သို့ အကယ်၍ ထို ချီကာကို ဂိုဏ်းများကလည်း အလားတူ ထောက်ပံ့ပေးမှုများကိုသာ ဆောင်ရွက်ပေးခဲ့မည်ဆိုပါက ထိုနှိုင်းယှဉ်မှုသည် မှန်ကန်ပါလိမ့်မည်။

ဤကဲ့သို့ မတိကျသော နှိုင်းယှဉ်မှုများက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ စီမံခန့်ခွဲသော ဒေသများတွင် ဖြစ်ပေါ်နေသည့် အုပ်ချုပ်ရေးဆိုင်ရာ၊ လူမှုရေး ဆိုင်ရာ ကိစ္စများကို ထိုစာရေးဆရာက ကျယ်ကျယ်ပြန့်ပြန့် နားလည်မှု မရှိကြောင်း ပြသနေသည်ဟု ကောက်ချက်ချနိုင်သည်။

သမိုင်းဆရာတဦးအနေဖြင့် ဦးသန့်မြင့်ဦးသည် ဖြစ်ရပ်များကို အတိအကျ မှတ်တမ်းတင်ခြင်း၏ အရေးပါမှုကို သိသည်။ သို့သော် မြင့်မားစွာ မျှော်လင့်ထားကြသော ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန်ရှိနေချိန်တွင်မူ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ၏ ပြင်းထန်မှုကို အမှန်တကယ်ဖြစ်နေသည်ထက် လျှော့လျှော့ ပေါ့ပေါ့ ဖော်ပြခဲ့သည်။ “မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတလျှောက် တရုပ်နယ်စပ်တလျှောက်တွင် လတလတိုင်းစီ၌ ဒါဇင်မျှသော တိုက်ပွဲငယ်များ ဖြစ်ပွားပြီး ထိပ်တိုက်တွေ့မှုများသည် ပြင်းထန်မှုနည်းသည်” ဟု သူက ရေးသည်။

လက်တွေ့တွင် မူကား မကြာသေးမီက ပြင်းထန်လှသော တိုက်ပွဲများတွင် မြန်မာ့တပ်မတော်မှ လက်နက်တပ်ဆင်ထားသော ရဟတ်ယာဉ်၊ အမြောက်နှင့် တင့်ကားဖျက်ဒုံးကျည်များ အသုံးပြု၍ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့များပေါ် မဆင်မခြင် တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ လူတထောင်ကျော်သည် ၎င်းတို့၏နေအိမ်များနှင့် ရပ်ရွာများမှ စွန့်ခွာထွက်ပြေးခဲ့ရသည်။ ဤသို့ နောက်ထပ် နေရပ်စွန်ခွာထွက်ပြေးရခြင်းသည် ကချင်ပြည်နယ်မှ လက်ရှိပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဦးရေ ၁၂၀၀၀၀ ကို ထပ်မံတိုးပွားလာစေသည်။ ထိုလူဦးရေ၏ ၃ ပုံ ၂ ပုံမှာ KIA ထိန်းချုပ်ဒေသတွင် ခိုလှုံနေကြသည်။

ပြည်သူများက မြန်မာ့တပ်မတော်အဖွဲ့ဝင်များ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခြင်း အန္တရာယ်မှ လွတ်ကင်းရန် နေ့စဉ်ရုန်းကန်နေရချိန်၌ ရန်ကုန် သို့မဟုတ် နေပြည်တော်မှ အလှမ်းဝေးကွာသော နေရာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို နယ်စပ်တလျောက်မှ တိုက်ပွဲငယ်များဟု သရုပ်ဖော်ခြင်းမှာ အရေးကြီးသောကိစ္စများကို မျက်ကွယ်ပြုလိုသော လုပ်ရပ်ဖြစ်သည်။

“သေနတ်ကိုင်ထားတဲ့သူတွေဟာ တယောက်နဲ့တယောက် လမ်းလွတ်အောင်ရှောင်ကြပြီး မကြာခဏ စီးပွားရေးအတူ လုပ်ကြတယ်။ တခါတခါ နယ်မြေချဲ့ထွင်ဖို့ကြိုးစားကြတယ်။ အခါအားလျှော်စွာ စစ်တိုက်ကြတယ်” ဟု ဦးသန့်မြင့်ဦးက ကောက်ချက်ချသည်။

အကယ်၍သာ လက်နက်ကိုင်အဖွဲ့အစည်း ၇ ခုဖြင့် လက်ရှိဖွဲ့စည်းထားသည့် တိုင်းရင်းသားလူမျိုးစုများ ဖက်ဒရယ်ကောင်စီ UNFC သည် တိုင်းရင်းသားပြည်နယ်အသီးသီးရှိ ၎င်းတို့ထိန်းချုပ်နယ်မြေ ပြင်ပ အစိုးရထိန်းချုပ်နယ်မြေများတွင် စစ်ဆင်ပြီး နယ်မြေချဲ့ထွင်မှုများကို လုပ်ခဲ့သည်ဆိုပါက ထိုအချက် မှန်ပါမည်။

သို့သော် အဖြစ်မှန်တွင်မူ UNFC က လုပ်ဆောင်နေသော အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးရန် နှင့် အတည်ပြုချက် ရယူနိုင်ရန် ဖက်ဒရယ်သဘောတရား အခြေခံသည့် မူဝါဒများကို အချိန်ယူကြိုးပမ်း ပြုစုနေခဲ့သည်ဆိုသည့်အချက်မှာ မိမိပြောဆို စွပ်စွဲနေသည့် အချက် နှင့် ကိုက်ညီမှု မရှိဖြစ်နေသဖြင့် ဦးသန့်မြင့်ဦးအတွက် စိတ်ပျက်စရာ ဖြစ်ကောင်း ဖြစ်နေနိုင်သည်။

မူဝါဒများ ချမှတ်သော လုပ်ငန်းစဉ်အတွင်း ထိုလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပါဝင်ဆွေးနွေး ရန်နှင့် အတွေ့အကြုံ များကို ဝေငှ တင်ပြအကြံပြုရန် အတွက် တိုင်းရင်းသားပြည်နယ်အားလုံးမှ ရပ်ရွာအခြေစိုက်လူမှု အခြေပြုအဖွဲ့အစည်းများကို ဖိတ်ခေါ် ခဲ့သည်။ ယခု UNFC တွင် မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုမှ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် စိုက်ပျိုးရေးအထိ မူဝါဒကြေညာချက် ၉ ခုရှိသည်။

KIO သည်လည်း ၂၀၁၂ ခုနှစ်နှောင်းပိုင်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်သည်မှ စ၍ ဆောင်ရွက်ခဲ့သော နိုင်ငံရေးခြေလှမ်းများနှင့် ပတ်သက်သော နောက်ဆုံးအခြေအနေများကို တင်ပြရန် လူထုဆွေးနွေးပွဲများစွာ ကျင်းပခဲ့သည်ဟု သိရသည်။

ထို့အပြင် ဥရောပသမဂ္ဂ EU မှသံတမန်တဦးသည် မကြာသေးမီက KIO အား အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်ချုပ်ရေး ဖိအားပေးရန် ကချင်နှစ်ခြင်းခရစ်ယာန်ညီလာခံ KBC ခေါင်းဆောင်များကို ချဉ်းကပ်ခဲ့ကြောင်း သိရသည်။ ၁၉၉၄ ခုနှစ်တွင် ရေးထိုးခဲ့သော ထိုအဖွဲ့ ၂ ဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ၂၀၁၁ ခုနှစ်မှစ၍ မြန်မာစစ်တပ်၏ ကြိမ်ဖန်များစွာ ချိုးဖောက်ခြင်းခံခဲ့ရသည်။ KBC ၏ တုန့်ပြန်မှုမှာ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲသို့ ဦးတည်မှု နှင့် အာမခံချက်ရှိသော အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကိုမှ ကချင်လူမျိုးများ အနေဖြင့် လက်မှတ် ထိုးနိုင်မည်၊ ထိုသို့မဟုတ်ပါက ကချင်များသည် မည်သည့်အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်မျှ လက်မှတ်မထိုးနိုင်ဟူ၍ ပြန်လည်တုံ့ပြန်ခဲ့သည်။

ဤ KBC ၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် KIO ၏ မူဝါဒများနှင့် ဆုံးဖြတ်ချက်များသည် ကချင်လူထု၏ ဆန္ဒအပေါ်အခြေခံသည်ဟူသော သဘောတရားကို EU ကိုယ်စားလှယ်အား ပိုမို ရှင်းလင်းသိသာ စွာ မီးမှောင်းထိုးပြပေးခဲ့သည်။

ဤကဲ့သို့သော အချက်ကို လေ့လာကြည့်လျှင် သိရှိနိုင်သည်မှာ ကျမတို့ တနိုင်ငံလုံးအဆင့်အနေဖြင့် ရယူရန် ကြိုးစားနေသော ဒီမိုကရေစီ နည်းလမ်းများဖြစ်သော အားလုံးအကျုံးဝင်၍ ပွင့်လင်းမြင်သာသော နည်းလမ်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ရပ်ရွာအသီးသီးအကြား အပြန်အလှန် ကျင့်သုံုးနေပြီး ဖြစ်သည်ကို ဦးသန့်မြင့်ဦးအနေဖြင့် ယခု ပိုမိုကောင်းမွန်စွာ နားလည်မှု ရရှိနိုင်လိမ့်မည်ဟု ယူဆပါသည်။

ထို့ကြောင့် ၁၉၂၆ ခုနှစ် ချီကာဂိုမှ ရာဇဝတ်ဂိုဏ်းများနှင့် ယနေ့မြန်မာနိုင်ငံမှ တိုင်းရင်းသားများ၏ တိုက်ပွဲများကို ကနဦး နှိုင်းယှဉ်ခြင်းသည် ကျိုးကြောင်းဆီလျော်မှု မရှိပါ။ စင်စစ်မှာ မြန်မာစစ်တပ်သည် ရာစုနှစ်တဝက်ကျော်မျှမက အငြင်းပွားဖွယ်ရာ ဖမ်းဆီးနှိပ်စက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် တရားလက်လွတ် သတ်ဖြတ်မှုများ အများအားဖြင့် တိုင်းရင်းသား လူမျိုးစုများအပေါ် ကျူးလွန်ခဲ့သည့် အတွက် အပြစ်ရှိကြောင်းနှင့် ဤသို့ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်သော အစီရင်ခံစာများစွာကိုလည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများစွာနှင့် ပြည်တွင်းအမျိုးသမီးအဖွဲ့များက ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝန်းနှင့် ဦးသန့်မြင့်ဦးအပါအဝင်ဖြစ်သော မြန်မာ့ရေပေါ်ဆီ နိုင်ငံရေးအလွှာသည် မြန်မာ့နိုင်ငံရေး၏ ဖြစ်ကြောင်းကုန်စင်ဖြစ်သည်ဟု ၎င်းတို့ထင်သော အမြင်များဖြင့် လုပ်ဇာတ်တခုကို ပြုစုကြသည်။ ၎င်းတို့၏ စိတ်ကူးယဉ်လုပ်ဇာတ်နှင့် ဆန့်ကျင်သည်ဟု ထင်သော အကြောင်းအရာ၊ အချက်အလက်များကို ထည့်သွင်းစဉ်းစား ခြင်းမရှိဘဲ ပယ်ချလိုက်ကြသည်။

ထို့ကြောင့် ဦးသန့်ုမြင့်ဦး တဖက်သတ် ထင်မြင် ပြောကြားချက်များသည် နိုင်ငံရေး မညီမျှမှုအတွက် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲကို တိုင်းရင်းသားများ၏ တောင်းဆိုမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုမြင်သော လွှဲမှားနေသော အမြင်နှင့် နားလည်မှုများ ဖြစ်လာစေရန် ပိုမို တွန်းအားပေးနေပါသည်။

နိုင်ငံရေးအရ မညီမျှမှုနှင့် တိုင်းရင်းသားများ ခွဲခြားဆက်ဆံခံရခြင်းများကို အဆုံးသတ်၍ နိုင်ငံရေးညီမျှမှုနှင့် ခွဲခြားဆက်ဆံခံရခြင်းမှ လွတ်မြောက်ရန် တိုင်းရင်းသားများ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဝင်သည့် အခြေခံအကြောင်းတရား နှင့် ပဋိပက္ခ၏ ပြင်ပမှ ပုဂ္ဂိုလ်များ ယုံကြည်ချက်ဖြစ်သည့် မြန်မာနိုင်ငံမှ စစ်ပွဲသည် ရာဇဝတ်ဂိုဏ်းများ၏ ပဋိပက္ခများသာ ဖြစ်သည် ဟူသော အကြောင်းအရာ ၂ ခုကြားမှ ကွာဟချက်ကို သေချာလေ့လာ သုံးသပ်ချက်ကို ပြုလုပ်နိုင်မှသာ ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်နိုင်သည်။

“အို အဖ အကျွန်ုပ်တို့သည် ရန်ကုန်တွင် ငြိမ်းချမ်းရေး ကိစ္စ အစည်းအဝေး အတွက် ခရီးစတင်နေပါပြီ။ မရပ်မနား ဖြစ်ပွားနေသော တိုက်ပွဲသံများသည် ဒေါသစိတ်ကို မပွါးစေဘဲ အမှန်တရားကို ရှာဖွေတွေ့ရှိ နိုင်မည့် သတိပေးသံများ ဖြစ်စေတော်မူပါ” ဟု KIO ၏ ဒုဥက္ကဋ္ဌ နှစ်ဦးအနက် တဦးဖြစ်သော ဗိုလ်ချုပ် ဆွန်လွတ် ဂန်မော် က လူမှုကွန်ယက်တခုတွင် ရေးသားခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်များက တိုက်ပွဲများ ဆက်လက်ဆင်နွဲနေပြီး စစ်ရေး ဖိအားများရှိသည့်ကြားမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးတွင်သာ ၎င်းတို့ရှာဖွေနေသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်လာနိုင်သည် ဟူသော ယုံကြည်ချက် နှင့် ငြိမ်းချမ်းရေး အစည်းအဝေးများတွင် ကြိုးပမ်း၍ ဆက်လက်ပါဝင် တက်ရောက်မြဲရှိသည်။

ဦးသန့်မြင့်ဦး ကဲ့သို့သော မြန်မာ့နိုင်ငံရေးလောကမှ အထက်တန်းလွှာများ နှင့် မြန်မာနိုင်ငံပြင်ပ အလှမ်းကွာသော နေရာများမှ နိုင်ငံရေး ရေပေါ်ဆီများ၏ သုံးသပ် တွေးခေါ်မှုကို ပြောင်းလဲဲခြင်းမရှိသရွေ့၊ ပြည်တွင်းစစ်ဖြစ်ရခြင်း၏ အဖြစ်မှန် အကြောင်းအရင်းကို လက်မခံလို သရွေ့၊ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော နိုင်ငံရေးစေ့စပ်ပေးသူပုဂ္ဂိုလ်များ ရှိစေကာမူ ငြိမ်းချမ်းရေး ရရှိရန် အတွက် ဆက်လက် အလှမ်းဝေးနေမြဲ ဖြစ်ပါလိမ့်မည်။ ကျမတို့ လိုအပ်သည်မှာ ဆယ်စုနှစ်များစွာကြာမြင့်နေသော ပဋိပက္ခဒေသများတွင် ပြည်သူများ၏ ဒုက္ခကို အဆုံးသတ်ရန် တီထွင်ဆန်းသစ်သော ဖြေရှင်းမှုများ ဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲနှင့် အခြေခံအကြောင်းရင်းများကို မှန်းဆပြောသော စိတ်ကူးယဉ် ဇာတ်လမ်းများ မဟုတ်ပါ။

(စတယ်လာ နော သည် တိုင်းရင်းသားလူမျိုးစုရေးရာ၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စုအရေး ဆောင်ရွက်နေသူဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ STELLA NAW ၏ To Thant Myint-U: Undermining the Root Cause of Ethnic Nationalities’ Armed Struggle Will Not Help Achieve Genuine Peace in Burma ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading