လူသား တာဝန် ထမ်းဆောင်ခြင်း

လင်းငယ်
စစ်တွေမြို့အနီးရှိ ဒုက္ခသည် စခန်းတခုကို ၂၀၁၂ ခုနှစ်အတွင်းက မြင်ရစဉ် / ဂျေပိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သော နှစ်အနည်းငယ်က ရခိုင်ဒေသတခုသို့ ရောက်ရှိနေခဲ့သည်။ ဆေးဝန်ထမ်းတွေက ကျန်းမာရေး ဦးစီးဌာန၏ လက်အောက်မှနေ၍ လူမျိုးဘာသာမရွေး လိုအပ်နေသူမှန်သမျှကို ကူညီပေးရန်ကြိုး စားနေသည်တွင် အဖွဲ့ဝင် တယောက်အဖြစ် ပါဝင်နေခဲ့ခြင်း ဖြစ်သည်။

လူမူပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသော IDP ဟု အများသိထားကြသည့်၊ ဒုက္ခသည်ဟု အလွယ်ခေါ်ကြသည့် သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရခြင်းဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှု ဆိုသည်ကလည်း ဘုရားစူးစေ့ အပြင်မှာ ဖွင့်သည့် ပုဂ္ဂလိက ဆေးခန်းလေး တခုလောက်ပင် မပေးနိုင်ခဲ့ကြပါ။ အခုတော့ တိုးတက်လာမည်ဟု ယူဆရသည်။

ထိုအခါက အတားအဆီး အနှောက်အယှက်မျိုးစုံ ကြုံတွေ့ရသည်။ တချို့အပြုအမူတွေက နားလည်ပေးနိုင်သည့် အဆင့်ထက် ကျော်လွန်လာကာ အစွန်းရောက်လုနီးပါး ဖြစ်လာသည်။ ဒေသခံ တိုင်းရင်းသားတွေ အနေနှင့် နစ်နာခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးခဲ့ရသည်သာမက စိတ်ပိုင်းဆိုင်ရာ များစွာ ထိခိုက်ခဲ့ရသည်မှာ ယခုအချိန်အထိ ပြန်မကောင်းသေး။ စိတ်ဒဏ်ရာ ရနေသူတို့ကို ကောင်းကောင်းအသုံးချပြီး သွေးထိုး လှုံ့ဆော်နေသူများ ရှိနေသည်မှာ သံသယရှိစရာမလို။

စိတ်လှုပ်ရှားလွယ်သည့် သာမာန်ရပ်သူရပ်သားများရဲ့ အားနည်းချက်ကို အသုံးချကာ သူတို့ကို ထိခိုက်စေခဲ့သူ၊ သူတို့ရန်သူအဖြစ် သတ်မှတ်ထားသူများကို ကူညီသူ မှန်သမျှအား ရန်သူအဖြစ် သတ်မှတ်ရန်ကြိုးစား ပုံဖော်လာကြသည်။ အသားလွတ် စော်ကားမှုတချို့ ကြုံတွေ့ခဲ့ရသည်။ ကုလသမဂ္ဂ၊ NGO ကဟု သိလိုက်လျှင်ပင် မတူခြားနားစွာ ဆက်ဆံခံရသည်။

ဆရာဝန်ဆိုသည်က ဆေးပညာကျင့်ဝတ်ကို လိုက်နာကြရသည်။ လူမျိုးဘာသာ ကွဲပြားခြင်းကြောင့် ဆေးမကုပေးရ ဟူ၍မရှိ။ တဖက်တွင်လည်း လူသားပီပီ လူမျိုးရေးစိတ်ဓာတ်က မိမိတို့ကိုယ်တိုင် ကိုယ်ထဲမှာ နိုးထနေသည်။ ငါ့နိုင်ငံကို လာရောက် ကျူးကျော်နေထိုင်သူတွေကို ဘာကြောင့် ဆေးကုပေးရ မည်လဲ၊ ရန်သူအားပေး ဘာကြောင့် လုပ်ရမည်လဲ။ မိမိစိတ်တွင် ဝိရောဓိဖြစ်လို့မှ မရှင်းနိုင်သေး၊ ဒေသခံထဲမှ စိတ်ဓာတ် ပြင်းထန်သူတစုက ဤအကြောင်းပြချက်ဖြင့်ပင် ရန်သူအားပေးသူ၊ ရန်သူအဖြစ် ဆေးဝန်ထမ်းတို့အား ရန်ပြုနှောက်ယှက်ဖို့ ကြိုးစားလာသည်ကို ကြုံတွေ့ရသည်။ နောက်ဆုံး ၂၀၁၄ ခုနှစ်တွင် ရုံးများကို တိုက်ခိုက် ဖျက်စီးခဲ့သည်အထိပင် ထိန်းမရ ဖြစ်ခဲ့ရသည်။

ဆရာဝန်နှစ်ယောက်ကို သတိရမိသည်။

ပထမ တယောက်က နော်မန်ဘက်သွန်း။

ဥရောပတိုက်သား ဒေါက်တာ နော်မန်ဘက်သွန်းဟာ တရုတ်ပြည်ထဲအထိ ကိုယ့်စိတ်သဘောနဲ့ကိုယ် အရောက်သွား၊ ကွန်မြူနစ်ရဲဘော် တပ်သားတွေကို ဆေးကုပေးခဲ့သည်။ ဆေးဝါးကုသမှု လိုအပ်နေတဲ့ တပ်သားတွေနဲ့ တရုတ် ပြည်သူတွေကို သူ့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကူညီဖေးမခဲ့သည်။ ဆေးကုပေးခဲ့ရာမှာလည်း သူလုပ်ချင်တဲ့ သူ့ရဲ့ ဆေးကုသသော ပညာဖြင့် ဆေးဝါးကုသရေး၊ လူသားကူညီရေးကိုသာ လုပ်ခဲ့တာဖြစ်ပြီး ကွန်မြူနစ်ဝါဒကို ယုံကြည်တာတွေ၊ ကွန်မြူနစ် လူ့ဘောင် တည်ထောင်တာတွေ လုံးဝမလုပ်ခဲ့။

ဆရာဝန်တယောက် ဖြစ်တဲ့ နော်မန်ဘက်သွန်းဟာ ဆရာဝန်တယောက် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ခြင်းအားဖြင့် လူသားတွေကို ကူညီခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတဲ့ လူသားတွေကို ကူညီရမယ်ဆိုတဲ့ ဆရာဝန်ပီသမှု၊ လူသားပီသမှု စိတ်ဓာတ်ကို ကမ္ဘာကြီးက အသိအမှတ်ပြုခဲ့သည်။ အဲဒီအတွက် သူ့ကို ကွန်မြူနစ် တရုတ်တွေက ချစ်ခင်မြတ်နိုးကြသလို ကမ္ဘာက ကွန်မြူနစ်မဟုတ်တဲ့ လူသားတွေကလည်း လေးစား ဂုဏ်ပြုခဲ့ကြသည်။

နောက်တယောက်က တွမ်ဒူလီဆိုတဲ့ အမေရိကန်ဆရာဝန်။

အမေရိကန်စစ်တပ်က ဒေါက်တာ တွမ်ဒူလီကတော့ ဗီယက်နမ် စစ်မြေပြင်မှာ အမေရိကန် စစ်သားတွေကို စိတ်စွမ်းကိုယ်ဆောင် ထူးထူးချွန်ချွန် ကုသပေးခဲ့သူ ဖြစ်သည်။ ဗီယက်နမ်စစ် ဆိုတာ အမေရိကန်က ကွန်မြူနစ်ကို ဆန့်ကျင်တိုက်ခိုက်သော စစ်ပွဲဖြစ်သည်။ အမေရိကန်တွေ ကြီးကြီးမားမား အထိနာခဲ့သော စစ်ပွဲတပွဲလည်းဖြစ်သည်။ စစ်ပွဲမှာ ထိခိုက်ဒဏ်ရာ ရရှိလာသော စစ်သားတွေကို တွမ်ဒူလီတို့က ကုသပေးရသည်။
စစ်တပ်ဆရာဝန် တယောက်က စစ်သားတွေကို ကုသပေးရတာ ဘာဆန်းလဲလို့ မေးစရာရှိနေသည်။ သူဟာ သူ့တာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်ရုံ ကုသပေးခဲ့တာ မဟုတ်ဘဲ သူတတ်စွမ်းသမျှ အတတ်နိုင်ဆုံး ကြိုးစားပမ်းစား ကုသခဲ့သည်။

သူ့ရဲ့ ဆရာဝန်စိတ်က တာဝန်ဝတ္တရားထက် ပိုလွန်ခဲ့သည်။ သူ့စိတ်မှာ စစ်ကို ယုံကြည်လို့ စစ်တိုက်တဲ့ စစ်သားတွေကို ကူညီတာ မဟုတ်ဘဲ ဒဏ်ရာရနေလို့ ဆေးကုသဖို့ လိုအပ်နေတဲ့ လူသားတွေကို ကူညီခဲ့တာသာ ဖြစ်သည်။ သူ့စိတ်ဓာတ်ကို လုပ်ရပ်တွေနှင့် ထင်ဟပ်စေခဲ့သည်။ ဒါကြောင့်လည်း (ကမ္ဘာကြီးက သိပ်မသိကြပေမယ့်) အမေရိကန် ပြည်သူတွေက သူ့ကို လေးလေးစားစား ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါသည်။
သူတို့နှစ်ယောက်က ဘာလို့များ ဒီလိုလုပ်ခဲ့ကြတာလဲ။

နော်မန်ဘက်သွန်းဟာ ကိုယ့်စိတ်နဲ့ကိုယ် တရုတ်ပြည်ကိုသွားပြီး စေတနာ့ဝန် ထမ်းခဲ့တာဖြစ်ပြီး တွမ်ဒူလီကတော့ အထက်က ပေးအပ်လာခဲ့တဲ့ တာဝန်ကို စေတနာပါပါ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တာသာ ဖြစ်ပါသည်။ တယောက်က ကွန်မြူနစ်တွေကို ကူညီတဲ့သူ၊ တစ်ဦးက ကွန်မြူနစ် ဆန့်ကျင်သူတွေကို ကူညီတဲ့သူဖြစ်သည်။

ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်လို့ သာမာန်ကြည့်ရင် မြင်ပါလိမ့်မည်။ ဒီလို ကွာခြားချက် ရှိနေပေမယ့်လည်း ကွန်မြူနစ် လူသားတွေကိုရော၊ ကွန်မြူနစ်ဆန့်ကျင်တဲ့ လူသားတွေကိုရော လူသားတွေ အဖြစ်နဲ့သာမြင်ပြီး ကူညီစောင့် ရှောက်ခဲ့ကြရာမှာတော့ အတူတူသာ ဖြစ်ကြပါမည်။ သူတို့ လုပ်ခဲ့တဲ့ အလုပ်ကြောင့် နော်မန်ဘက်သွန်းကို ကွန်မြူနစ် အားပေးကောင်လို့ မစွပ်စွဲအပ်သလို တွမ်ဒူလီကိုလည်း ကွန်မြူနစ်ဆန့်ကျင်တဲ့ ဖောက်ပြန်ရေးသမားလို့ အမည်မတပ်အပ်ပါ။ သူတို့ နှလုံးသားတွေဟာ ဝါဒတွေ တာဝန်ဝတ္တရားတွေထက် ကျော်လွန်ကာလူတွေကို လူအဖြစ် မြင်နိုင်ကြလို့ပါ။

သူတို့နှစ်ယောက်ကတော့ မဟာလူသားတွေ ဖြစ်သည်။ မဟာလူသားတွေ၏ စံပြလုပ်ရပ်များက ခပ်ရိုင်းရိုင်း ကျနော့်စိတ်ကို နည်းနည်း ချွန်းအုပ်ပေးနိုင်ခဲ့သည်။ လူကိုလူလိုမြင်၊ တာဝန်ဝတ္တရားကို စေတနာပါစေ၊ ဆရာဝန်ဟာ ဆရာဝန်ပီသ၊ ကိုယ့်ဖာသာ အားတင်းဟု အတွေးတွေကို ဖြည့်ရသည်။

သို့သော် ကိုယ့်ဖာသာ ကိုယ့်အလုပ်ကိုယ် လုပ်ရခြင်း၌ပင် ရန်ပြုခံရခြင်းက ရှိတတ်သည်။ ရန်သူကို အားပေသူအဖြစ် တစိုက်မတ်မတ် အတိုက်အခံရ၊ အငြိုးအတေး အထားခံလာရသည်။

ထိုအခိုက် တရားတပုဒ်ကို နာယူဖြစ်သည်။

ဓမ္မဒူတဆရာတော် အရှင် ဆေကိန္ဒက ၅ တန်းကျောင်းသား အရွယ်တုန်းက အဖြစ်အပျက်လေး တခုကို မိန့်သည်။ ဘုန်းဘုန်းငယ်စဉ်က အမေ၏မောင်၊ ဦးလေးဖြစ်သူ ဘောလုံးကန်သည်ကို ဘောလုံးကွင်း ဂိုးတိုင်နောက်ဘက်နားက ရပ်ကြည့်နေသည်။ ဖြစ်ချင်တော့ သူ့ဦးလေးကန်လိုက်သည်ဟု ယူဆရသော ဘောလုံးက ရပ်ကြည့်နေသောသူ့ကို လာမှန်သည်။ အခန့်မသင့်တော့ လက်ကိုမှန်ပြီး လက်ကျိုးသွားသည်။ ထိုအခါ သူ့အဖေ ရောက်လာပြီး သူ့ကို လက်ကျိုးလို့ နာကျင်နေသည့်ကြားက ဒေါသတကြီး ရိုက်နှက်သည်။ ဘာကြောင့် ရိုက်မှန်းလည်းမသိ။ သူ့မှာလည်း ဘာအပြစ်မှမရှိ။

ဤတွင် ကလေးဘဝ သူ့စိတ်ထဲတွင် အပြစ်မရှိဘဲ ဘာကြောင့် ရိုက်ရသလဲလို့ ဇဝေဇဝါဖြင့် စိတ်ဒဏ်ရာ ဖြစ်ကျန်ခဲ့ရသည်။ နောက်မှသိရသည်က ထိုအချိန်က သူ့ဖခင်နှင့် သူ့ဦးလေးတို့သည် စိတ်သဘောထားချင်း မတည့်ကြ။ သူ့ဦးလေးနှင့် မတည့်သည့်အတွက် ဦးလေးကန်သည့် ဘောလုံးပွဲကြည့်သောသူ့ကို ဒီဘောလုံးပွဲကြည့်လို့ ဖြစ်ရတာဟုဆိုကာ ရိုက်ခြင်းဖြစ်သည်။ ဦးလေးကို မကျေနပ်သော စိတ်သည် သားအပေါ်သို့ ပုံချလိုက်ခြင်းဖြစ်သည်။ ဤတွင်ဆရာတော်က ဤသို့ကောက်ချက်ဆွဲပြပါသည်။

“လူတွေဟာ ကိုယ်ချစ်တဲ့သူရဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ချစ်ဖို့လွယ်ပြီးတော့ ကိုယ်မုန်းတဲ့သူရဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ဘာလို့ မုန်းလွယ်ကြတာတုန်း၊ မစဉ်းစားကြဘူးလား …
ကိုယ်ချစ်တဲ့သူနဲ့ သက်ဆိုင်တဲ့သူတွေကြတော့ ချစ်ဖို့လွယ်လိုက်ကြတာ၊ ကိုယ်ချစ်တဲ့သူကို နှောက်ယှက်တဲ့ သူကိုကြတော့ မကျေမနပ် ဖြစ်လွယ်လိုက်ကြတာ …
ကိုယ်မုန်းတဲ့သူနဲ့ သက်ဆိုင်တဲ့သူတွေကြတော့ မုန်းလွယ်လိုက်ကြတာ၊ ကိုယ်မုန်းတဲ့သူကို ကူညီသူတွေကိုကြတော့ မုန်းလွယ်လိုက်ကြတာ …
လူတယောက်ဟာ ရန်သူလို့ သတ်မှတ်ထားရင် အဲဒီသူနဲ့ သက်ဆိုင်တဲ့သူကို ရန်သူလို့ သတ်မှတ်ထားတာ။ ဟိုလူတွေ ရန်သူဟုတ်၊ မဟုတ် မစဉ်းစားကြဘူး။ လူတယောက်ဟာ မိတ်ဆွေလို့ သတ်မှတ်ထားရင် အဲဒီသူနဲ့ တွဲနေတဲ့သူကို မိတ်ဆွေအဖြစ် သတ်မှတ်ရော။ ဟိုလူတွေ တကယ်ကောင်း၊ မကောင်း သူမသိတော့ဘူး။
ဒါထက်ပိုဆိုးတာက မိတ်ဆွေကို ရန်လုပ်တဲ့သူကို ရန်သူလို့ သတ်မှတ်ပြီးတော့ ရန်သူကို ကူညီတဲ့သူကိုပါ ရန်သူလို့ သတ်မှတ်တာ။ ကူညီတဲ့သူကိုပါ ရန်သူလို့သတ်မှတ်ကုန်ကြတော့၊ ဘာလို့ဖြစ်နေကြတာလဲ၊ ငါသာဆိုရင်တော့ ငါ့မိတ်ဆွေရဲ့ မိတ်ဆွေတွေကို ရမ်းမယုံဘူး၊ ကောင်း၊ မကောင်း စဉ်းစားဦးမယ်။ ငါ့ရန်သူကို ကူညီတဲ့သူကို ရမ်းမမုန်းဘူး။ ကူညီတတ်တဲ့ စိတ်ဓာတ်ရှိနေတာကိုက လေးစားစရာ။ သူကောင်းရင် ရင်းနှီးရမယ်။ မိတ်ဖွဲ့ရမယ်”

သြော် … ဆရာတော် ၅ တန်းကျောင်းသားဘဝက အတွေးက ရဲရင့်လိုက်တာ။ ဘယ်လောက်များ ရိုးစဉ်း လှပလိုက်ပါသလဲ။ အမှန်တရားဆီကို ချဉ်ကပ်ဖို့က သူတော်ကောင်းတွေအတွက် လွယ်လိုက်တာ။ သူတော်ကောင်းပီပီ (ကြုံတွေ့ရသည့် အတွေ့အကြုံက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ) အတွေးက ငြိမ်းချမ်းသော ကောင်းသောဘက်သို့သာ ဦးတည်နေသည်။

လူလောကမှာတော့ ငါနဲ့မတူ ငါ့ရန်သူ၊ ငါရန်သူကို ကူညီသူငါ့ရန်သူဆိုသော ဒေါသအရင်းခံသော စိတ်တွေကသာ လွှမ်းမိုးနေသည်ကို ကြုံနေရသည်။ ဒေါသမီးလျှံဆိုသည်က ကူးစက်လောက်ကျွမ်း လွယ်သည်။ မိမိယုံကြည်မှုကို ထိပါးလာသောအခါ မီးလောင်ရာ လေပင့်သလို ပိုဆိုးလာသည်။ သို့သော် ထိုသို့သော ဒေါသ အမုန်းများက ကောင်းကျိုး ဘယ်သောအခါမျှ ပေးလိမ့်မည် မဟုတ်။

ယခုရခိုင်အရေးက နိုင်ငံနှင့်ချီ ဖြေရှင်းရမည့်ကိစ္စ။ ကမ္ဘာနှင့်ချီ၍ နှိုင်းယှဉ်သုံးသပ်ရမည့် ကိစ္စ။ ဓားဓားချင်း၊ လှံလှံချင်း ဖြေရှင်းလို့ ရမည်မဟုတ်။ တဘက်ဘက်မှ ဆေးကုသဖို့ လိုအပ်နေသော သူအတွက် ဆေးဝါးကုသပေးခြင်းသည် ရန်သူကို ကူညီသူ၊ ရန်သူအဖြစ် တခြားတဘက်မှ မသတ်မှတ်အပ်။

ဆရာဝန်ဆိုသည်က ဆရာဝန် အလုပ်ကို လုပ်ရမည်ဟုသာ ခံယူထားကြသူတွေ ဖြစ်သည်။ ဤဆရာဝန်တွေထဲမှာ နော်မန် ဘက်သွန်းလည်း မပါ၊ တွမ်ဒူလီလည်း မရှိ။ သူတို့ကို မမီနိုင်သော်လည်း ဆရာဝန်တို့၏ အသွေးအသားထဲက လူနာကသာလျှင် မိမိ၏ အဓိက အရေးကြီးဆုံးဟူသော အသိကတော့ အနည်းဆုံးရှိကြသည်ချည်းသာ ဖြစ်သည်။

သတ္တိကောင်းကောင်း စေတနာဒလဟောနဲ့ မဟုတ်ကြသော်ငြား မိမိကို ရန်ပြုခံရမှာကို ကြောက်ခြင်းဟူသော စိတ်လှုပ်ရှားမှုကို တတ်နိုင်သလောက် ထိန်းချုပ်လျက် ရိုးရှင်းစွာ အလုပ်လုပ်နေကြသည်သာ ဖြစ်သည်။ ဤသည်ကို နားလည်စွာ လက်ခံပေးနိုင်မည်လား ဆိုသည်ကတော့ ဘုန်းဘုန်း အရှင်ဆေကိန္ဒ၏ ၅ တန်းကျောင်းသား ဘဝကအတွေးမျိုး လူဘယ်နှစ်ယောက်မှာ ရှိနေမည်လဲ ဆိုသည်ပေါ်မှာသာ မူတည်ပေလိမ့်မည်။
နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကစားကွက်များ မရှိမဟုတ်၊ ရှိသည်ဟု ယူဆဖွယ်ရာ ရှိသည်သည်သာ။ သို့သော် အားလုံးကို အုတ်ရောကျောက်ရော ရောချပြီး ရမ်းသမ်းပြီး စွပ်စွဲမည်ဆိုတာကိုတော့ လက်မခံနိုင်စရာ မရှိဟု ယုံကြည်ပါသည်။

ဆရာဝန်များနည်းတူ အရေးပေါ် ကယ်ဆယ်ရေးမှသည် တခြားသော လူသားချင်း စာနာထောက်ထားမှု အကူအညီများ အတွက် အကြောက်တရားနှင့် လူပီသမှုကို တပြိုက်နက် ထမ်းပိုးရင်း လုပ်ကိုင်နေကြသည့် သူများကိုလည်း အနည်းဆုံး သူတို့တွေထဲမှာ ကူညီချင်တဲ့ စိတ်ဓာတ်လေးတွေ ရှိနေသေးတာလေးကိုတော့ သတိရသင့်သည် မဟုတ်ပါလား။ နိုင်ငံရေး ကစားကွက်ထဲမှ သားကောင်များအနေနှင့် နောက်ထပ် သားကောင်ထပ်ဆင့် မရှာမိပါစေကြောင်းလည်း ဆုတောင်းရမည်သာ။

(လင်းငယ်သည် ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဆရာဝန်တဦးဖြစ်သည်။)

စာကိုး
– အတွေးအမြင်၊ အတွဲ (၂၄၃)၊ ဇွန်၊ ၂ဝ၁၂၊ စံမြတ်၏ လူမှုရေးနှင့် နိုင်ငံရေးဆောင်ပါး
– ဘဝဖြောင့်ကြောင်း တစေ့တစောင်းတရားတော် အပိုင်း (၁၈)၊ ဓမ္မဒူတဆရာတော်

Did you find apk for android? You can find new Free Android Games and apps.
Loading