မဝေးတော့သည့် ကာလတွင် မြန်မာနိုင်ငံက အပယ်ခံနိုင်ငံတခု အဖြစ်ရှိနေတော့မည် မဟုတ်ပါ။ သမ္မတ အိုဘားမား၏ အစိုးရက စီးပွားရေး၊ ကုန်သွယ်ရေး၊ သံတမန်ရေးရာ ဆက်ဆံမှုများ နှင့် မြန်မာနိုင်ငံအတွက် အကူအညီပေးရေး အစီအစဉ်များ အပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ပယ်ဖျက်ပေးရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့ပါသည်။
အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ပါဝင်နေသော ခရိုနီ အများအပြားမှာလည်း မကြာမီ စာရင်းမှ ပယ်ဖျက်ပေးခြင်း ခံရတော့မည် ဖြစ်သည်။ သို့သော်လည်း ထိန်းချုပ်ကန့်သတ်ထားသည့် စာရင်းထဲတွင် မည်သူ ဆက်လက် ကျန်ရှိနေမည် ဆိုသည်က မသဲကွဲသေးပါ။
ခပ်ရှင်းရှင်းပြောရမည်ဆိုလျှင် အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှု စာရင်းမှ သူတို့ကို ပယ်ဖျက်ပေးလိုက်ခြင်းသည် အဆိုပါ ခရိုနီများနှင့် ရာဇဝတ်မှု ကျူးလွန်သူများသည် အပြစ်ကင်းသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။
ယခုအချိန်တွင် သူတို့တာဝန်ယူမှုရှိအောင် ထိန်းချုပ်ရန်နှင့် တိုင်းပြည်တွင် တရားဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ထပ်ခါတလဲလဲ ပြောလေ့ရှိသည့် ဆောင်ပုဒ်နှင့် ကိုက်ညီသည့် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်တခုကို စတင်ရန်တို့က မြန်မာ အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့၏ တာဝန် ဖြစ်လာသည်။
ထို့အပြင် မြန်မာပြည်သူများ၊ လွတ်လပ်သော မီဒီယာများ နှင့် အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့်လည်း အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှု စာရင်းဝင်ခဲ့သော ခရိုနီများက ပြည်တွင်းနှင့် နိုင်ငံတကာ စီးပွားရေးအတွင်းသို့ တဖြည်းဖြည်းချင်း မည်ကဲ့သို့ ပြန်လည် ပေါင်းစည်းလာမည်ကို သတိကြီးကြီး ဖြင့် ဆက်လက်စောင့်ကြည့်ရန် လိုအပ်လာပါ လိမ့်မည်။ သူတို့နှင့် အလုပ်လုပ်မည့် နိုင်ငံခြား စီးပွားရေး မိတ်ဖက်များနှင့် ပတ်သက်၍လည်း အမြဲသိနေရန် လိုအပ်ပါလိမ့်မည်။ နာမည်ပျက်ရှိသော စီးပွားရေး လုပ်ငန်းရှင် တချို့နှင့် တွဲဖက်လုပ်ကိုင်ရခြင်းက အန္တရာယ်များမည် ဆိုသည်မှာ သံသယရှိရန် မလိုပါ။ သူတို့နှင့် တွဲဖက်လုပ်ကိုင်မည့် သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ သေချာစွာ ပြုလုပ်ထားရန် လိုအပ်ပါလိမ့်မည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် “ပိတ်ဆို့မှု အများအပြား ဆက်လက် ကျန်ရှိမည်။ စစ်ဘက်ခေါင်းဆောင်များနှင့် ပတ်သက်သူများ၊ မြန်မာစစ်တပ်ကို နိုင်ငံရေးနှင့် စီးပွားရေး အထောက်အကူများ ပေးခဲ့သူများနှင့် မြန်မာနိုင်ငံမှ ကျောက်မျက်နှင့် သွင်းကုန်များကို ကန့်သတ်သည့် ဥပဒေ (JADE Act) လည်း ဆက်လက် သက်ရောက်မှု ရှိနေမည် ဖြစ်သည်။ ဆက်လက် ကန့်သတ်ထားမည့် နိုင်ငံခြား အကူအညီများထဲတွင် မြန်မာ စစ်တပ်အား အကူအညီပေးခြင်းကို အကန့်အသတ် ထားရှိခြင်းလည်း ပါဝင်မည်ဖြစ်သည်” ဟုဖော်ပြထားသည်။
အမှန် စင်စစ်အားဖြင့် မြန်မာနိုင်ငံမှ နာမည်ဆိုးနှင့် ကျော်ကြားသော မူးယစ်ရာဇာများ၊ လက်နက် ရောင်းဝယ်သူများ၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် သူတို့ချမ်းသာဖို့ အတွက်လုပ်ခဲ့ကြသူများ ဖြစ်ကြသည်။ စစ်အစိုးရ လက်ထက်တွင် အဆိုပါ ခရိုနီများ ချမ်းသာကြွယ်ဝလာကြသည်။ အများစုမှာ အခွင့် အရေးသမားများ ဖြစ်ကြပြီး စစ်အစိုးရ အာဏာရှိသူများနှင့် လက်ဝါးချင်းရိုက်ကာ စီးပွားဖြစ် အကျိုးအမြတ် ရခဲ့ခြင်း ဖြစ်သည်။
စစ်ဗိုလ်ချုပ်ကြီး တချို့နှင့် လက်နက်မှောင်ခိုမှုနှင့် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်ခဲ့ကြသော စီးပွားရေး လုပ်ငန်းရှင်များကို အရေးယူပိတ်ဆို့မှု စာရင်းမှ ပယ်ဖျက်ပေးမည် မဟုတ်ဟု ယူဆရပါသည်။ အကယ်၍ သူတို့ကို နာမည်ပျက် စာရင်းမှ ပယ်ဖျက် ပေးခဲ့သည်ဆိုလျှင် မြန်မာ အစိုးရအနေဖြင့် သူတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို စနစ်တကျ စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်ပါသည်။ လူသိရှင်ကြား တာဝန်ယူခိုင်းသင့်ပါသည်။ အကယ်၍ အပြစ်ရှိကြောင်း တွေ့ရှိရလျှင် ဖမ်းဆီး အရေးယူသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းက မြန်မာနိုင်ငံသည် ကိုယ့်ပြဿနာ ကိုယ် ဖြေရှင်းနေကြောင်း ပြသလိုလည်း ဖြစ်ပါလိမ့်မည်။
အမေရိကန်နိုင်ငံ၏ အရေးယူ ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သင့်သူ စီးပွားရေး လုပ်ငန်းရှင် အများအပြား ကျန်ရှိနေဆဲ ဖြစ်သည်ဟု လက်ရှိ ပိတ်ဆို့မှု စာရင်းဝင် စီးပွားရေး လုပ်ငန်းရှင်ကြီးများက တီးတိုးပြေားခဲ့ကြသည်။ ယခုအချိန်က ရွေးကောက်ခံ အစိုးရအတွက် အိမ်စာ လုပ်ရတော့မည့် အချိန်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့သည့် စာရင်းမှ မကြာမီ ဖယ်ရှားပေးတော့မည့် သူများထဲတွင် ဦးတေဇနှင့် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော တို့ကဲ့သို့သောသူများ ပါလာခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရပါဦးမည်။
၂၀၀၇ ခုနှစ်က ဘုန်းတော်ကြီးများ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး ဒီမိုကရေစီ ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံက ဦးတေဇကို အရေးယူပိတ်ဆို့သည့် စာရင်းအတွင်းသို့ ထည့်သွင်းခဲ့ပါသည်။ ဦးတေဇက Htoo Trading Group ကို တရားဝင် ဦးစီး လုပ်ကိုင်နေသော်လည်း ယခင်စစ်အစိုးရက ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် ကြားဝင် ပွဲစားလုပ်ပေးခဲ့သူဟုလည်း သိကြပါသည်။ မြန်မာနိုင်ငံတွင် အမေရိကန်၏ အရေးယူပိတ်ဆို့မှု စာရင်း၌ ပါဝင်ခြင်းမရှိသော လက်နက်ပွဲစားသစ် အမြောက်အများ ရှိနေသည်ကိုလည်း သိထားရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဦးတေဇက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ နှင့် နီးစပ်သူ အဖြစ် သံသယရှိခြင်း ခံရသူဖြစ်သည်။ သို့သော်လည်း ယခုအခါ သူက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်လျှက် ရှိသည်။ သရော်သလို ဖြစ်နေသည့်ကိစ္စမှာ ယမန်နှစ် ဒီဇင်ဘာလအတွင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော်ကိုယ်စား လှယ်များအတွက် သင်တန်း ၂ ခု ပြုလုပ်ခဲ့သည့် နေပြည်တော်မှ ရွှေစံအိမ် ဟိုတယ်မှာ ဦးတေဇ ပိုင်ဆိုင်သည့် ဟိုတယ် ဖြစ်နေသည်။ သူက သင်တန်းအတွက် ရက်ရက်ရောရော ထောက်ပံ့ခဲ့သည်ဟုလည်း သိရသည်။ ဝါရှင်တန် အခြေစိုက် Center for Strategic and International Studies (CSIS) က ယခုလအတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစောင်တွင် ဦးတေဇက NLD ရုံးချုပ်ကို တည်ဆောက်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
ဦးထွန်းမြင့်နိုင် ကျတော့ရော။ သူ့ကို အမေရိကန်နိုင်ငံက အရေးယူ ပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်ပေးပါမည်လား။ မြန်မာနိုင်ငံမှ ကျော်ကြားသည့် မူးယစ်ဆေး ကုန်သည်တဦး ဖြစ်သော လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင်က မြန်မာနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီ အုပ်စုဖြစ်သော Asia World ကို ဦးဆောင်နေပါသည်။
သူက စစ်ဗိုလ်ချုပ်ဟောင်းများ နှင့် နီးစပ်သူတဦးအဖြစ် သိကြသလို စီးပွားရေးသမား တယောက် အနေဖြင့် တရုတ်အစိုးရ နှင့် ခိုင်မာသော ဆက်သွယ်မှု ရှိသူ ဖြစ်သည်။
မြန်မာနိုင်ငံမှ အရပ်သားအမည်ခံ ယခင်အစိုးရ လက်ထက်တွင် ရန်ကုန်လေဆိပ် Terminal သစ်တခု တည်ဆောက်ရန် ဦးထွန်းမြင့်နိုင်၏ ကုမ္ပဏီက ကန်ထရိုက်ရရှိခဲ့သည်။ စီမံကိန်းတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရှိပါသည်။
အမေရိကန် နိုင်ငံ၏ အရေးယူ ပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်းကို မျှော်လင့်နေသည့် Asia World ကုမ္ပဏီက ၎င်းတို့၏ စီးပွားရေး လုပ်ငန်းကို ပြန်လည် တည်ဆောက်ခဲ့ပြီး အခြေခံ အဆောက်အဦး၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို အဓိက ထားလာခဲ့သည်။ လမ်းဖောက်၍ ဂိတ်ကြေးကောက်ခံခြင်း၊ ကျောက်မီးသွေး စက်ရုံများ၊ ဓာတ်ဆီဆိုင်များနှင့် သတ္တု တူးဖော်ရေးကဲ့သို့သော လုပ်ငန်းများကို စွန့်လွှတ်လျှော့ချခဲ့သည်။
ယခင်စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သည့် ဦးဌေးမြင့်က ယုဇန ကုမ္ပဏီကို ဦးဆောင်ပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်းတွင် ယုဇနကုမ္ပဏီက စိုက်ပျိုးရေး လုပ်ငန်းအတွက် အသုံးပြုရန် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် မြေဧက ၃၀၀၀၀၀ ကျော် သိမ်းယူခဲ့သည်ဟု စွပ်စွဲမှုများ ရှိခဲ့သည်။
အဆိုပါဒေသတွင် လယ်ဧက ပေါင်းများစွာ ပိုင်ဆိုင်ခဲ့သည့် လယ်သမားများက ယခုအခါ မြေပြန်ပေးရန် နှင့် သူတို့ကို လျော်ကြေးပေးရန် တောင်းဆိုနေကြသည်။
ကျန်ရှိနေသည့် မေးခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရက နာမည်ပျက်ရှိသော စီးပွားရေး လုပ်ငန်းရှင်များ ပါဝင် ပတ်သက်နေသော ပြဿနာပေါင်း မြောက်များစွာကို မည်ကဲ့သို့ ဆက်လက် စုံစမ်းမှုများ ပြုလုပ်မည်နည်း ဟူ၍ ဖြစ်သည်။ အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်အားကိုးမှု ဆက်လက် ခိုင်မာနေစေရန် စွမ်းဆောင်ရည်နှင့် စိတ်အားထက် သန်မှု သူတို့တွင် မည်မျှလိုအပ်မည်နည်း။
Global Witness ၏ အဆိုအရ မူးယစ်ရာဇာ ဝေဆူးကျန် (ဝေရှောက်ခန် ဟုလည်း ခေါ်ကြသည်) ၏ ကျောက်စိမ်း ကုမ္ပဏီများ ပါဝင်သည့် ကွန်ရက်တခုကို ထိန်းချုပ်ထားသည်။ အမေရိကန် အစိုးရက သူ့ကို အမေရိကန်ဒေါ်လာ ၂ သန်း ဆုငွေထုတ်ထားသည်။ မူးယစ်ဆေးအတွက် အရေးယူပိတ်ဆို့ထားပြီး အမှုစွဲဆိုထားသည်။ သူသည် မြန်မာတွင် မနေထိုင်တော့ဘဲ တရုတ်နိုင်ငံတွင် ရောက်ရှိနေထိုင်ဖွယ်ရာ ရှိသည်။
လက်တွေ့တွင် လွတ်မြောက်နေသေးသော တခြား ရာဇဝတ်မှုမကင်းသူ အများအပြား ရှိပါသေးသည်။ သို့သော်လည်း သူတို့သည် ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာကြွယ်ဝသူများ၊ ကိုယ်ပိုင်ဂျက်လေယာဉ် နှင့် သွားလာနေသူများ၊ ဈေးကြီးသည့် ရှန်ပိန်ကို သောက်နေကြသူများ၊ အမေရိကန်-မြန်မာ ဆက်ဆံရေး ခေတ်သစ် သတင်းကို ကြည့်ပြီး ပျော်ရွှင် ရယ်မောနေကြသူများ ဖြစ်သည်ဆိုသည်မှာ သံသယ ရှိနေစရာမလိုပါ။
ဒေါ်အောင်ဆန်းစုကြည်က “အရေးယူပိတ်ဆို့မှုတွေကို ကျမ မကြောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ အရေးယူ ပိတ်ဆို့မှုတွေက တိကျတဲ့ အကြောင်းပြချက်တခုနဲ့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ အကြောင်းပြချက် တွေကလည်း တချိန်မှာ ဖယ်ရှားသွားပါလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ဖူးသည်။ သို့သော်လည်း ပြည်သူများအနေဖြင့်မူ ရာဇဝတ်သားများ၊ မူးယစ်ရာဇာများ နှင့် လက်နက်မှောင်ခိုများက လွတ်လွတ်လပ်လပ်နှင့် သူတို့၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေကြသည်ကို မြင်ချင်ကြမည် မဟုတ်ပါ။
အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးခြင်း၏ ရည်ရွယ်ချက်မှာ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီကို အတိုင်းအတာ တခုအထိ ရရှိလာအောင် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့သည့် မြန်မာနိုင်ငံသားများကို ချီးမြှောက်ရန် ဖြစ်ပါသည်။ သို့မှသာ ခရိုနီများ မဟုတ်သည့် သာမန်ပြည်သူများ အနေဖြင့် ပိုမိုကြီးမားသည့် အောင်မြင်မှုများ၊ အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ပါသည်။
သူ၏ နိုင်ငံရေး တိုက်ပွဲအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးကို ခိုင်မာစွာ ထောက်ခံ ပြောဆိုခဲ့သည်။ တိုင်းပြည်အတွင်းမှ နာမည်ပျက်ရှိသည့် စီးပွားရေး လုပ်ငန်းရှင်နှင့် ရာဇဝတ်မှု မကင်းသူတချို့ နှင့် ပတ်သက်လာလျှင် သူ့အနေဖြင့် သေချာအောင် လုပ်ရတော့မည် ဖြစ်သည်။ အကယ်၍ မလုပ်နိုင်ခဲ့လျှင် အစိုးရ၊ စနစ်နှင့် တရားဥပဒေ စိုးမိုးရေးကိုယ်တိုင်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု ပျောက်ဆုံးသွားနိုင်ပါသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော အောင်ဇော်၏ Without Sanctions, Burmese Govt Must Hold Cronies Accountable ကို ဘာသာပြန်ဆိုသည်။