ဖိလစ်ပိုင်ရှိ ဒါဗာအို (Davao) မြို့က ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး၏ ဇာတိမြို့ ဆိုခြင်းထက် ပိုပါသည်။ သူ့အတွက် ဗန်းပြစရာ နေရာတခု၊ သူ၏ နိုင်ငံရေး လိပ်စာကတ်နှင့် Davao အခြေစိုက် ဘလော့ဂါ ကားလို့စ် မွန်ဒါ (Carlos Munda) ရေးသလို “အထီးကျန်မှု၏ ခံတပ်” တခုလည်း ဖြစ်ပါသည်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအို (Mindanao) ကျွန်းပေါ်မှ ဒါဗာအိုမြို့ ပြန်လည် အသက်ဝင်လာရေးအတွက် သူ၏ ဘဝသက်တမ်း တခုလုံးနီးပါး ဒူတာတေး အသုံးပြုခဲ့သည်။ တခါတရံ ဒါဗာအိုမြို့၏ လက်တွေ့ အမှန်တရားများဖြစ်သော သေနတ်ဆောင် ထားကြသည့် အလေ့အထများ၊ ၀န်ဆာင်မှု အလွန်ကောင်းသည်ဟု ကျော်ကြားသော အငှားကား မောင်းသူများစသည့် သူ၏ဝန်းကျင်မှ မြို့ပြယုံတမ်းစကားများနှင့် ခွဲခြားရ ခက်ပါသည်။
စက်တင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သော Roxas ညစျေးဗုံးပေါက်ကွဲမှု (Abu Sayyaf အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်ဟု ယူဆရပြီး လူ ၁၄ ဦးသေ၍ ရ၂ ဦး ဒဏ်ရာရခဲ့သည်) က Davao မြို့၏ အောင်မြင်မှုအတွက် တိုက်ရိုက် စိန်ခေါ်မှုတခု ဖြစ် လာခဲ့သည်။
ထိုဖြစ်ရပ်က ဒူတာတေး၏ ငြိမ်ဝပ်ပိပြားရေးဆိုင်ရာ ယုံကြည်ချက်နှင့် မြို့တော် မနီလာ မဟုတ်သည့် ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေးမည့်သူ၏ ရည်ရွယ်ချက်ကြီးသော အစီအစဉ်များအတွက်လည်း ထိုးနှက်မှုတခု ဖြစ်ခဲ့သည်။
အဝတ်အထည်ဟောင်းများ၊ အကြော်အလှော်များနှင့် နာမည်ကျော် Mang Danny ရေခဲမုန့် ရောင်းသည့် ဆိုင်ခန်းများ ရှိနေသည့် Roxas ညစျေးက ဒါဗာအို၏ ငြိမ်းချမ်းစွာ စည်းကမ်းရှိစွာ နေထိုင်ကြသည့် ဓလေ့စရိုက်၏ သင်္ကေတတခု ဖြစ်သည်။
မကြာသေးမီက ကျနော်နှင့် တွေ့ဆုံခဲ့သော ဒါဗာအိုမြို့တော် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဘိုနီဖာစီယို တန် (Bonifacio Tan) က သမ္မတ ဒူတာတေးအပေါ် သူ၏ အကောင်းမြင်မှုကို ရှင်းပြသည်။
“စီးပွားရေးကို လည်ပတ်ဖို့အတွက် သူ့မှာ အလွန် လက်တွေ့ကျတဲ့ အမြင်တခုရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရပါမယ်။ နောက်ပိုင်းကျရင် ကျန်တဲ့ဟာတွေ အား လုံး ဖြစ်လာပါလိမ့်မယ်။”
၁၉၈၈ ခုနှစ်မှစ၍ မြို့တော်ဝန်အဖြစ် အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ဖူးသော ဒူတာတေးက သူ၏ မြို့တွင် အင်အားကောင်း သော မြို့ပြယဉ်ကျေးမှုတခုကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်မှာ သံသယမရှိပါ။ အဆိုပါ အလေ့အထက ယခု အချိန်တွင် ဖိလစ်ပိုင်နိုင်ငံအတွင်း ပျံ့နှံ့နေသည် အကြောင်းအရာများနှင့် နှိုင်းယှဉ်ပါက ခြားနားစွာ ရပ်တည်နေသည်။
အမှန်တကယ်အားဖြင့် ဒုစရိုက်မှု တိုက်ဖျက်ရေးစည်းကမ်းများ (အများပြည်သူနှင့် ဆိုင်သောနေရာတွင် ဆေးလိပ်သောက် ခွင့်မရှိခြင်း သို့မဟုတ် အရက်သောက်ခွင့် မရှိခြင်း) ဆိုသည်မှာ ယခုအချိန်တွင် နာမည်ပျက်နေသော မူးယစ်ဆေးဝါးတိုက် ဖျက်ရေးကို ရည်ညွှန်းရန် မဟုတ်ပါ။ ထိုနည်းတူ တရားစီရင်ခြင်းမရှိဘဲ သတ်ဖြတ်ခြင်းကလည်း ယခုအခါ ဒါဗာအို၏မြို့တွင် အလွန်ရေပန်းစားနေသည်။
အဆိုပါ မူဝါဒများက ပြောက်ကျား ခေါင်းဆောင်စတိုင် သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုအပြီးတွင် သူ့ကို မနီလာမြို့ရှိ Malacanang သမ္မတနန်းတော်သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သည်။
ဒါဗာအိုမြို့၏ အဆင်းရဲဆုံး ကမ်းရိုးတန်းရပ်ကွက်တခုမှ ဒေသခံ အကြီးအကဲ တယောက် ဖြစ်သည့် မန် ရမ်မီ (Mang Remy) က ဒူတာတေးကို ရဲရဲတင်းတင်း ထောက်ခံသူ တယောက်ဖြစ်သည်။ “ဒါဗာအိုမြို့က အရမ်းအေးချမ်းတယ်။ အရင်ကဆိုရင် အရမ်း ကို ဗရုတ်သုတ်ခ ဖြစ်ခဲ့တယ်။ ဒူတာတေး မြို့တော်ဝန်အဖြစ် တာဝန်မယူခင် သူနဲ့ စကား ပြောခဲ့တာကို ကျနော် မှတ်မိနေပါ တယ်။ သူက ဒီစနစ်ကို ပြောင်းပစ်မယ်လို့ ပြောခဲ့တယ်။ သူက ဖိလစ်ပိုင်နိုင်ငံ အတွင်းမှာလည်း အလားတူ လုပ်ပေးနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု မန်ရမ်မီက ပြောသည်။
အငြင်းပွားဖွယ်ရာ နည်းဗျူဟာများအပြင် ဒူတာတေးက ပြည်သူလူထုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ရရန်အတွက် လုံခြုံရေးကို တိုးမြှင့်ခဲ့သည်။ မြို့ပြများကို အသစ်ပြန်လည် ဖွဲ့စည်းခြင်း၊ အုပ်ချုပ်ရေးပိုင်း၏ စွမ်းဆောင်ရည်နှင့် အခြခံ အဆောက် အအုံ ဖွံ့ဖြိုးရေးတို့မှာ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဒါဗာအိုမြို့တွင် အောင်မြင်ခဲ့ပါသည်။
အခြေခံအားဖြင့် ဒူတာတေးက သူ၏ မြို့တွင် လုံခြံုရေးနှင့် စီးပွားရေးအတွက် အဆင်ပြေစေမည့် အခြေအနေများကို တည် ဆောက်ရန် ကြိုးစားခဲ့သည်။ အားလုံး အခြေတကျ ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်ချက်နှင့် ဖြစ်သည်။ လတ်တလော အချိန် အထိ အဆိုပါ နည်းဗျူဟာက အကျိုးဖြစ်ထွန်းခဲ့ပုံရပါသည်။
Roxas ညစျေးဗုံးပေါက်ကွဲမှုက ဒူတာတေး နည်းလမ်း၏ ထိရောက်မှုများကို စိန်ခေါ်ရန် ရည်ရွယ်ခဲ့ကြောင်း ထင်ရှားပါ သည်။ မြို့တော်ဝန်ဟောင်း တယောက်က တနိုင်ငံလုံးအတွက် သူ၏ တာဝန်များကို ထမ်းဆောင်နိုင်ပါမည်လား။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒူတာတေး၏ တုံ့ပြန်မှုက တင်းမာပြတ်သားခဲ့သည်။ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ အမျိုးသားအရေးပေါ် အခြေအနေတခုကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံအတွင်းမှ အခြားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားနေသော်လည်း Abu Sayyaf အဖွဲ့ကို ထိပ်တိုက်ရင်ဆိုင်မှုများ တိုးမြှင့်ခဲ့သည်။
ဖိလစ်ပိုင်သမ္မတ၏ ခပ်ကြမ်းကြမ်း အပြောအဆိုများက အလုပ်သမား လူတန်းစားများကြားတွင် ရေပန်းစားသော်လည်း ပြ ဿနာ ဖြစ်ရသည်များလည်း ရှိနေသည်။ လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အမေရိကန် သမ္မတအိုဘားမားနှင့် တွေ့ဆုံရန် ငြင်းပယ်ခံရခြင်းက သက်သေဖြစ်သည်။
၁၉၈၀ နှစ်များအတွင်းက ဥပဒေမဲ့ ဖြစ်ခဲ့သည့် ဒါဗာအိုမြို့ကို ပြောင်းလဲရာတွင် အမြဲမပြတ် သတိပေးနေခြင်းက အရေးပါ ခဲ့သည်။ ထိုစဉ်က ဒါဗာအိုမြို့၏ စီးပွားရေး အချက်အချာ ဒေသတခု ဖြစ်သည့် အဂ်ဒါအို (Agdao) တွင် အကြမ်းဖက်မှု များပြားလွန်း၍ အာဖရိကမှ နီကာရာဂွာ (Nicaragua) နှင့် နှိုင်းယှဉ်၍ နီကာ အဂ္ဂါဒါအို (Nicar-Agdao) ဟု ခေါ်ဝေါ်ခဲ့ကြသည်။ သို့သော်လည်း ဖိလစ်ပိုင် တနိုင်ငံလုံး သို့မဟုတ် ကျန်သည့် အာရှ-ပစိဖိတ် ဒေသများတွင်မူ ကောင်းစွာ အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။
တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ သည် ဟိဂ် (The Hague) နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက် နောက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ဗီယက်နမ် တို့ကဲ့သို့သော တောင်းဆိုဖက် နိုင်ငံများနှင့် လိမ္မာပါးနပ်စွာ ကိုင်တွယ် ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်သည်။
ပြည်တွင်းရေးကို ကြည့်ပြန်လျှင် လူဦးရေ ၁၀၅ သန်းကျော်ကို အုပ်ချုပ်ရခြင်းက မဲဆန္ဒနယ်မြေအလိုက် ကြီးမားသော ကွဲ ပြားမှုများ ရှိနေမည် ဖြစ်သည်။
အများစုကမူ ဖိလစ်ပိုင်နိုင်ငံ၏ ကောင်းမွန်နေသည့် GDP တိုးတက်မှုနှုန်း (လက်ရှိ ရ ရာခိုင်နှုန်း) ကို ဆက်လက်ထိန်းသိမ်း ရမည့် ဒူတာတေး၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေကြမည် ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး အားနည်းနေသည့် အချိန်တခု တွင် စီးပွားရေးလုပ်ငန်းအများစုက ဒူတာတေးအပေါ် စွပ်စွဲမှုများကို ကျော်လွန်၍ မြင်သာသော ကိန်းဂဏန်းများကို အလေး ပေးကြမည်ဖြစ်သည်။
သို့သော် လုံခြံုရေးက အရေးကြီးသော်လည်း သူတယောက်တည်းနှင့် အလုပ်အကိုင်များနှင့် အောင်မြင်မှုများကို ထုတ် လုပ်ပေးနိုင်မည် မဟုတ်ပါ။ ဥပမာအားဖြင့် Mang Remy သည် ဘဝတလျှောက်လုံး ဒေသဆိုင်ရာ တာဝန်ခံတယောက် အဖြစ် အစိုးရအလုပ်ကို လုပ်ပေးခဲ့သော်လည်း သစ်သားနှင့် ဝါးများ ရောနှော ဆောက်လုပ်ထားပြီး အပြည့်အစုံ တန်ဆာ ဆင် မထားနိုင်သည့် သူ့အိမ်လေးကို အဆင့်မမြှင့်နိုင်ခဲ့ပါ။ အစိုးရပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် သူ့အိမ်လေးမှ လည်း အချိန်မရွေး နှင်ထုတ်ခံရနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။
အမေရိကန်နိုင်ငံများသို့ ဒါဗာအို မြို့သူမြို့သားများ အပါအဝင် ဖိလစ်ပိုင် နိုင်ငံသား အများအပြားက နိုင်ငံခြားသို့ သွားရောက် နေကြဆဲ ဖြစ်သည်။ အရှေ့အလယ်ပိုင်း၊ မြောက်အာရှနှင့် သွားရောက်၍ အလုပ်အကိုင် ရှာဖွေနေကြရသည်။ သူတို့က အိမ်သို့ ပြန်ပို့သည့် ငွေပမာဏက များပြားသည် မှန်သော်လည်း လူနေမှုစရိတ်ကလည်း အလွန်မြင့်မားနေသည်။
ထို့ကြောင့် ဒူတာတေး အနေဖြင့် လူဆိုးလူမိုက်များကို နှိမ်နင်းခြင်းထက် ပို၍ အားထုတ်ပြီး သူ့တွင် နည်းလမ်းကောင်းများရှိ နေကြောင်း ပြသရတော့မည် ဖြစ်သည်။ ကောင်းမွန်သော စည်းကမ်းနှင့် လိုအပ်သည့်သည်များကို ဖြေရှင်းပေးလိုသည့် ဆန္ဒရှိကြောင်းကိုလည်း ပြသရတော့မည် ဖြစ်သည်။
Roxas ညစျေးဗုံးပေါက်ကွဲမှုက ဒူတာတေးကို ကြိုဆို နှုတ်ဆက်လိုက်ခြင်း တမျိုး ဖြစ်ပါသည်။ သူက ရှေ့ကို မည်သို့ ချီတက်မည် ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်သေးပါ။
(ကရင်မ် ရတ်စ်လာမ် (Karim Raslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦး ဖြစ်သည်။)