ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်က ချမ်းသာ၍ အာဏာရှိပြီး ယခုအချိန်အထိ အများက လက်မခံသေးသည့် လူတစုအတွက် စီးပွားရေး အခွင့်အလမ်းများ၊ စည်းစိမ်ဥစ္စာ နှင့် လွတ်ငြိမ်းချမ်းသာခွင့်များ အမြန်ဆုံး သယ်ဆောင်လာလိမ့်မည်ဆိုသည်ကို ကာလရှည်ကြာစွာ ဖိနှိပ်ခံခဲ့ရသည့် တိုင်းရင်းသား အဖွဲ့များနှင့် တိုင်းပြည်မှ စစ်ဗိုလ်ချုပ်ကြီးများကို ဝေဖန်သူများ စတင်နားလည်လာကြပြီ ဖြစ်သည်။
အရေးယူပိတ်ဆို့မှု အားလုံးကို ဖယ်ရှားပေးလိုက်ခြင်းက အမေရိကန်နိုင်ငံနှင့် အိမ်ဖြူတော်က ပြည်တွင်းစစ်၊ တိုင်းရင်း သား ဒေသများတွင် ဆက်လက်ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မပြီးပြည့်စုံသေးသည့် အသွင်ကူးပြောင်းရေး၊ ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများကို သို့မဟုတ် လောဘကြီးသည့် ခရိုနီများနှင့် သူတို့၏ မရိုးသားသည့် အပေါင်း အဖော်များက ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမှန်တကယ် ဂရုစိုက်ခြင်း မရှိဟု ပြောဆိုသည်အထိ ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
ယခုအချိန်တွင် မေးရမည်မှာ မည်သူ့ကို အပြစ်တင်ရမည်နည်း ဆိုသည့် မေးခွန်း ဖြစ်သည်။
ခရီးစဉ်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အပေါ် အမေရိကန်၏ ကူညီအားပေး မှုများကို အသိအမှတ်ပြုခဲ့သည်။ သို့သော်လည်း အမေရိကန်နိုင်ငံ နှင့် အိုဘားမား၏ အစိုးရအဖွဲ့ကို ကျေးဇူးမတင်မီ သတိရသင့်သည်မှာ သမ္မတအိုဘားမားက အရေးယူပိတ်ဆို့မှုများကို ပယ်ဖျက်ပေးလိုက်ခြင်းကြောင့် သူတို့ လိုချင်သည့် အရာကိုရခဲ့ပြီဟု ခရိုနီများ၊ ရာဇဝတ်မှု ကျူးလွန်သူများနှင့် အစုလိုက် အပြုံလိုက် လူသတ်ခဲ့သူ အချို့တို့က ယူဆနေကြသည် ဆိုသည့် အချက်ပင် ဖြစ်သည်။
အဆိုပါ အခင်းအကျင်း၌ မြန်မာနိုင်ငံအပေါ်တွင် ကျင့်ဝတ်သိက္ခာအရ မြင့်မားသည့် တန်ဘိုးထားဂုဏ်ယူမှုကို မည်သူက ပြောဆို အမှတ်ယူမည်နည်း။ အိမ်နီးချင်း တရုတ်နိုင်ငံ မဟုတ်သည်ကတော့ သေချာပါသည်။
ဆန်ရှင်အားလုံး ရုပ်သိမ်းသွားသည့်အတွက် စစ်တပ်နှင့် ညှိနှိုင်းဆွေးနွေးသည့်နေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဘက်မှ အားသာချက်များ နည်းသထက်နည်းသွားမည်ကို အချို့က စိုးရိမ်ကြသည်။ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ထိန်းချုပ်ထားသော အစိုးရက အရေးပေါ်အခြေ အနေလည်း ကြေညာခွင့် ရှိသည်။ စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေပြင်ဆင်ရေးကိုလည်း ငြင်းပယ်ခွင့် ရှိသည်။ တိုင်းရင်းသား ဒေသများတွင် မြေပြင်တိုက်ခိုက်မှုများ၊ လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက် နေသည်။ အချို့ကလည်း စစ်တပ်ခေါင်းဆောင်များက ဆန်ရှင်ရုပ်ပေးသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ ပြင်ဆင်ခွင့်များ ဆုလာဒ်အဖြစ် ပြန်ပေး လိမ့်မည်ဟု မျှော်လင့်ရင်း စောင့်နေကြသည်။ သို့သော်လည်း ကျနော်တို့ အသက်ရှုမှားလောက်စရာတော့ ဖြစ်လာမည် မဟုတ်ပါ။
အိမ်သို့ပြန်လာသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်သော သူ၏ အနေအထား အပေါ် တိုင်းရင်းသားများနှင့် လူ့အခွင့်အရေး အသိုင်းအဝိုင်း၏ မေးခွန်းထုတ်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အရေးယူပိတ်ဆို့ မှုများကို ပယ်ဖျက်ပေးလိုက်ခြင်းက တနိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် အတားအဆီး တခု ဖြစ်လာနိုင်ပါသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများဆက်ဖြစ်နေသလို စေ့စပ်ညှိနှိုင်းရေးကလည်း ကနဦး အဆင့်မှာသာ ရှိနေသေးသဖြင့် အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် စောလွန်းနေသေးသည်ဟု တိုင်းရင်းသား ခေါင်းဆောင် အချို့က ပြောကြသည်။
သူ့ကို ထောက်ခံသူများက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အသွင်ကူးပြောင်းမှု နောက်ကြောင်း ပြန်မလှည့်နိုင် တော့သည့် အချိန်အထိ အရေးယူပိတ်ဆို့မှုအချို့ကို ဆက်လက်ထိန်းသိမ်းထားစေလိုကြောင်း သို့သော်လည်း အမေရိကန် အမျိုးသား အရေးပေါ်ဥပဒေကို ပယ်ဖျက်လိုက်ခြင်းက အခြားသော ကျန်ရှိနေသေးသည့် အရေးယူ ပိတ်ဆို့မှုများ အားလုံး ကို တပါတည်း ပျက်ပျယ်သွားလိမ့်မည်ဆိုသည်နှင့် ပတ်သက်၍ သူ့ကို သေချာအောင် သတင်းပေးခြင်း မရှိခဲ့၍ ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ကြသည်။
ပြီးခဲ့သည့် အပတ်က လန်ဒန်အခြေစိုက် ဘီဘီစီ သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည်က အရေးယူ ပိတ်ဆို့မှု အားလုံး ဖယ်ရှားရေးကို အပြည့်အဝ သဘောမတူကြောင်း သို့သော်လည်း သူ့တွင် ရွေးချယ်စရာ အနည်းငယ်သာ ရှိခဲ့ကြောင်း သတင်းရင်းမြစ်တခုက ထင်ကြေးပေး ပြောကြားသည်ကို ကိုးကား ဖော်ပြခဲ့သည်။ “ အမေရိကန် တာဝန်ရှိသူတွေက သူ့ကို အားလုံးဖယ်မလား၊ လုံးဝ မဖယ်ဘူးလား လို့ ပြောခဲ့ကြတယ်။ သမိုင်းဝင် ဆုံးဖြတ်ချက်ကတော့ အရေးယူ ပိတ်ဆို့မှု အား လုံးကို ဖယ်ရှားဖို့ ဖြစ်ခဲ့ပါတယ်” ဟု ဘီဘီစီက ရေးသားခဲ့သည်။
အရေးယူပိတ်ဆို့မှု အားလုံးကို ဖယ်ရှားပေးသည့် နေရာတွင် စီးပွားရေးလုပ်လိုသည့် အဖွဲ့အစည်းများ နှင့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် (UMEHL) နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကဲ့သို့့ သော စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ အတွက် လော်ဘီ လုပ်ပေးသူများနှင့် အတူ အမေရိကန်နှင့် အိမ်ဖြူတော်တာဝန် ရှိသူအချို့တွင် အဓိက တာဝန်ရှိသည်ဟု အချို့က ယူဆခဲ့ကြသည်။
မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်(UMEHL) နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) သည် စစ်တပ်ပိုင် အကြီးဆုံး ကုမ္ပဏီ အုပ်စုကြီးများ ဖြစ်ကြပြီး တိုင်းပြည်၏ အဓိက စီးပွားရေး ကဏ္ဍများကို လွှမ်းမိုးနိုင်ရန် ထူထောင်ထားခြင်း ဖြစ် သည်။
ယခင် အစိုးရ လက်ထက်က အဆိုပါ ကုမ္ပဏီ ၂ ခုသည် စစ်ရုံးချုပ် သို့ မဟုတ် ယခု တရားဝင် နာမည် အသစ်အရဆိုလျှင် ကာကွယ်ရေး ဝန်ကြီးဌာန၏ တိုက်ရိုက် စီမံခန့်ခွဲမှု အောက်တွင် ရှိခဲ့ပါသည်။
မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်(UMEHL) ကို ၁၉၉၀ ခုနှစ်တွင် အထူးအခွင့်အရေးရ အများကိုင်ကုမ္ပဏီ တခုအနေဖြင့် ဖွဲ့စည်းခဲ့ပြီး ရှယ်ယာများကို စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ တပ်ရင်းတပ်ဖွဲ့များ နှင့် ကာကွယ်ရေး ဌာန လက်အောက်မှ အခြားအဖွဲ့အစည်းများနှင့် စစ်မှုထမ်းဟောင်းများကိုသာ အကန့်အသတ်ဖြင့် ပိုင်ဆိုင်ခွင့်ပြုခဲ့သည်။ စစ်တပ်မှ ထိပ်တန်း အရာရှိကြီးများက ကုမ္ပဏီကို စီမံခန့်ခွဲခဲ့ပါသည်။
မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ကျောက်စိမ်းတူးဖော်ရေး၊ ကျောက်မျက်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သွင်း ကုန်လုပ်ငန်း၊ ကားလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဘီယာလုပ်ငန်း၊ ပို့ဆောင်ရေး၊ အကြီးစားဆောက်လုပ်ရေး နှင့် ပုဂ္ဂလိက ဘဏ်တခု အဖြစ် စာရင်းသွင်းထားသည့် မြဝတီ ဘဏ်တို့ကို လုပ်ကိုင်နေသည်။
ကျွန်းသစ် ထုတ်လုပ်ရေးနှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများတွင်လည်း မြန်မာ့ စီးပွားရေး ကော်ပို ရေးရှင်း (MEC) က ပါဝင် ပတ်သက်နေသလို ဆက်သွယ်ရေး လုပ်ငန်းလည်း လုပ်ကိုင်ပါသည်။ ၎င်း၏ စီးပွားရေး လုပ် ငန်း များစာရင်းက အဆုံးမရှိသလို အကျင့်ပျက်ခြစားမှု နက်ရှိုင်းစွာ ရှိနေမည်ဆိုခြင်းကလည်း သံသယ ရှိစရာ မလိုပါ။
သို့သော်လည်း စစ်တပ်နှင့် ၎င်း၏ စီးပွားရေး လုပ်ငန်းများက ရွေးကောက်ခံ အစိုးရထင်ထားသည်ထက်ပင် ပို၍ လျှင်မြန်စွာ လှုပ်ရှားနေကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ပိုင် ကုမ္ပဏီ အား လုံးကို သင့်တော်သည့် အချိန်တွင် အများပိုင်ကုမ္ပဏီများအဖြစ်ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
မတ်လ ၃၁ ရက်နေ့တွင် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်(UMEHL)က အများပိုင် ကုမ္ပဏီတခု ဖြစ်လာရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ လျှောက်ထားခဲ့သည်။ ကုမ္ပဏီများ ဥပဒေ နှင့် အညီမှတ်ပုံတင်၍ ပွင့်လင်းမြင်သာမှုနှင့်တာဝန် ယူမှု ပိုမိုကျယ်ပြန့်စွာပေးမည် ဖြစ်ကြောင်း ပြသရန် ဖြစ်သည်။
သို့သော်လည်း စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများက ကြီးထွားနေဆဲဖြစ်သလို မြန်မာ့ စီးပွားရေး၏ အဓိကနေရာမှ ဆက် လက်ပါဝင်နေဆဲ ဖြစ်သည်။ သူတို့လုပ်မြဲအတိုင်း လက်တွေ့တွင် အစိုးရအတွင်းမှ အစိုးရတခု အနေဖြင့် ဆက်သွားလိမ့် ဦး မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ကြီးစိုးထားသော အကျိုးစီးပွားနှင့် စီးပွားရေးလုပ်ဆောင်မှုများ၏ သမိုင်းကြောင်းက ရှည်လျားစွာ ရှိခဲ့သည်။ အဆို ပါ စီးပွားရေုးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု ပိုရှိလာရေးက စိန်ခေါ်မှုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သူတို့ တာဝန်ယူမှုရှိလာအောင် ထိန်းချုပ်နိုင်ရေး အတွက် ပြည့်စုံသော အင်အားရှိသူ မရှိပါ။
အဘယ်ကြောင့် ဆိုသော် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများက အစိုးရထက် ကြီးနေ၍ ဖြစ်ပါသည်။ အမေရိကန်နို်င်ငံ နှင့် အိမ်ဖြူတော်၏ နောက်ဆုံး ချီးမြှင့်မှုက အရေးယူပိတ်ဆို့မှုများ၏ မူလရည်ရွယ်ချက်ဖြစ်သော သာမန် မြန်မာ ပြည်သူများကို ကူညီရေးနှင့် ဆန့်ကျင်ဘက် ဖြစ်သွားပြီး သူတို့(စစ်တပ်)သည်သာ အမှန်တကယ် အောင်နိုင်သူများအဖြစ် ယူဆသွား ကြပါလိမ့် မည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Lifting Burma’s Sanctions: Who is the Real Winner? ကို ဘာသာပြန်ဆိုသည်။ မူရင်းဆောင်းပါးကို ဖတ်ရှုရန် ဤနေရာကို http://www.irrawaddy.com/commentary/lifting-burmas-sanctions-who-is-the-real-winner.html နှိပ်ပါ။)