လော်နဲ့ အော်ပြီး မနှိပ်စက်ပါနဲ့

သန်းနိုင်ဦး
လော်စပီကာနှင့် အလှူခံသူများ / သော်ဟိန်းထက် / ဧရာဝတီ

မန္တလေးမြို့မှာ ကမ္ဘာလှည့်ခရီးသွားတယောက် ဓမ္မာရုံက အသံချဲ့စက်ဖွင့်တဲ့ ကြိုးတွေကို ဆွဲဖြုတ်ခဲ့တာကြောင့် ပုဒ်မ ၂၉၅ အရ အမှုဖွင့်ထားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးမြို့မဟာအောင်မြေမြို့နယ်အတွင်း စက်တင်ဘာ ၂၃ ရက် ညပိုင်း (၁၀း၄၅ နာရီ)လောက်မှာ ဖြစ်ခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ အဓိက ပြဿနာက ဓမ္မစကြာ တရားတော်တွေရွတ် ဖတ်လို့ ဖြစ်တာမဟုတ်ဘဲ ညလူခြေတိတ်ချိန်မှာ လော်စပီကာ အသုံးပြုခဲ့မှုကြောင့် ဖြစ်ပွားခဲ့ရတာသာ ဖြစ်ပါတယ်။

ဘုရားဟော တရားတော်တွေက ငြိမ်းအေးမှု သန္တရသကို ပေးစွမ်းနိုင်တာချည်းဖြစ်ပါတယ်။ ဘာသာတရားအသီးသီးက ဘုရားရှင်တွေကလည်း ငြိမ်းအေးမှု တရားဒေသနာတွေကိုသာ ဟောကြားခဲ့ကြတာပါ။

ဆူညံသံတွေထဲမှာ လော်စပီကာသံ တခုတည်းပါတာတော့ မဟုတ်ပါဘူး။ ထုသံရိုက်သံ အမျိုးမျိုး၊ ယာဉ်ယန္တရားတွေရဲ့ ခုတ်မောင်းသံ၊ ယာဉ်မျိုးစုံမှာ တပ်ဆင်ထားတဲ့ ပါဝါအိပ်ဇောသံ၊ စူးစူးဝါးဝါး အာခေါင်ခြစ်အော်သံ စတာတွေလည်း ပါဝင် ပါတယ်။

စိတ်ပိုင်းဆိုင်ရာ(သို့) ရုပ်ပိုင်းဆိုင်ရာ တစုံတရာ ထိခိုက်စေတဲ့အထိ ထွက်ပေါ်လာတဲ့ ဆူညံသံမှန်သမျှကို noise pollution (ဆူညံသံ) အဖြစ် ပညာရှင်တွေက သတ်မှတ်ပါတယ်။ အသံဆူညံမှုကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်နိုင်တဲ့အပြင် စိတ်ပိုင်းဆိုင် ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

လော်စပီကာယဉ်ကျေးမှုက မြန်မာ့လူ့အဖွဲ့အစည်းနဲ့ တသားတည်း ရှိနေတယ်။ အေးအေးလူလူ ရှာဖွေစားသောက်လို့ရတဲ့ ခေတ်က လော်စပီကာသံက ဖွင့်တဲ့ ပြဇာတ်တွေ တေးသီချင်းတွေ ဇာတ်လမ်း ဇာတ်ထုတ်တွေကို နားဆင်ရတာ ဇိမ်ခံနည်း တမျိုးဖြစ်ခဲ့တယ်။

အသံချဲ့စက်ကို အခကြေးငွေယူပြီး အငှားလိုက်စားခဲ့ရတဲ့အထိ အသံချဲ့စက် အငှားလိုက်စားတဲ့ ဝန်ဆောင်မှုစီးပွားရေးက
အားကောင်းခဲ့တယ်။ ဒါပေမယ့် ဒီနေ့ခေတ်လို တက်သုတ်ရိုက် ရှာဖွေစားသောက်နေရချိန်မှာ လော်စပီကာသံတွေက သာ ယာနာပျော်ဖွယ်ဖြစ်သေးလား မေးခွန်းထုတ်စရာပါ။

တကယ်တော့ မြန်မာလူ့အဖွဲ့အစည်းမှာ လော်စပီကာနဲ့ ပတ်သက်လို့ ရှောင်ရန် ဆောင်ရန်တွေ ဥပဒေ၊ နည်းဥပဒေတွေ ပြဌာန်းပြီး ဖြစ်ပါတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေမှာ အသံချဲ့စက် အသုံးပြုမှုနဲ့ ပတ်သက် ပြီး အခုလို နည်းဥပဒေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အသံချဲ့စက် အသုံးပြုခွင့်အတွက် ကြိုတင်လျှောက်ထားရယူဖို့ လိုတဲ့အပြင် သတ်မှတ်အချိန်အတွင်းသာ အသုံးပြုရမှာ ဖြစ်တယ်။ ခွင့်ပြုသည့်ကိစ္စမှ တပါး အခြားကိစ္စအတွက် အသုံးမပြုရန် ကြီးကြပ်ခြင်းလို့ ကန့်သတ်ထားပါသေးတယ်။ လို အပ်ပါက သက်ဆိုင်ရာရဲစခန်းရဲ့ သဘောထားမှတ်ချက်ကိုပါ ယူဖို့ ဥပဒေထုတ်ပြန်ထားပြီးဖြစ်တယ်။

အများပြည်သူ အနှောင့်အယှက်မဖြစ်စေရေးအတွက် ခွင့်ပြုသည့် ဥပစာအတွင်း အများပြည်သူကြား သိနိုင်ရုံမျှသာ ဖွင့်ရ မယ်လို့ အတိအလင်း ပြဌာန်းထားပါတယ်။

တကယ်တော့ အသံချဲ့စက် အသုံးပြုမှု ဥပဒေက အသက်ဝင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ မဲဆွယ် ကာလအတွင်းမှာ အသံချဲ့စက် ဥပဒေနဲ့ တရားစွဲဆိုခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့လူမှုရေးနယ်ပယ်မှာ အသံချဲ့စက် အသုံးပြုမှုတွေက လူမှုရေးကိစ္စတွေမှာ အသုံးများနေတာကြောင့် တရားစွဲဆို အရေးယူတဲ့ ဖြစ်စဉ်တွေ နည်း ပါးခဲ့ရတယ်။

ဆူညံသံတွေနဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့အခါ စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေတယ်။ အသံချဲ့စက်တွေက လူ့အဖွဲ့စည်းအတွက်အသုံးတည့်ပစ္စည်းဖြစ်တာအမှန်ပါ။ လိုအပ်လို့လည်း ပညာရှင်တွေက အသံချဲ့စက်ကို တီထွင်ခဲ့ကြတာဖြစ်တယ်။

သို့သော် တလွဲအသုံးချသူတွေက အခမ်းအနား မစမီမှာလည်း ဖွင့်၊ အခမ်းအနား ကျင်းပနေစဉ်မှာလည်း ဂိတ်ဆုံးဖွင့်၊ အ ခမ်းအနား ပြီးဆုံးချိန်တွေမှာလည်း မရပ်မနား ဖွင့်ကြတော့ အခမ်းအနားနဲ့ တိုက်ရိုက် မသက်ဆိုင်သူတွေအတွက် စိတ် ကသိကအောက် ဖြစ်ကြရတယ်။

လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက်လေးသုံးတာ ကောင်းပေမယ့် လိုအပ်ချိန်မှာရော မလိုအပ်တဲ့အချိန်မှာပါ အသံချဲ့ စက်တွေကို ဒစ်ကုန်ဖွင့်ပြီး သုံးတာတွေလည်း ရှိနေပါတယ်။

အသံချဲ့စက်အပါအဝင် ဆူညံသံတွေကို ဘယ်လိုထိန်းကြမလဲ။ ဥပဒေ၊ နည်းဥပဒေ ရှိတယ်ဆိုပေမယ့် မြန်မာ့လူ့အဖွဲ့ အ စည်းက မေတ္တာတရားကို ရှေးရှုတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်။ ဖြစ်နိုင်ရင် တရားတဘောင် မစွဲချင်ကြဘူး။ အသုံးပြုသူတွေ ကိုယ်တိုင်က ဆင်ဆင်ခြင်ခြင် သုံးစွဲမှသာ အဆင်ပြေနိုင်မယ့် အလားအလာ ရှိတယ်။

အသံချဲ့စက် အသုံးပြုမယ့်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်။ မသုံးမဖြစ်လို့ အသံချဲ့စက် အသုံးပြုတော့မယ်ဆိုရင်လည်းအခမ်းအနားကျင်းပချိန်အတွင်း အခမ်းအနားတက်ရောက်သူတွေ ကြားနိုင်ရုံမျှသာ သုံးကြဖို့ တောင်းဆိုပါရစေ။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာ ဖြစ်သည်)

Loading