မြန်မာနှင့် စံနှုန်းကြောက် ရောဂါ

လင်းငယ်
အရေးပေါ် အခြေအနေအတွက် စံတခုသည်ပင် ကျနော်တို့အတွက် မြင့်လွန်းနေသည်
Want create site? Find Free WordPress Themes and plugins.

ကျနော်တို့ အလုပ်က လုပ်ငန်းသဘောအရ ဝန်ထမ်းများခန့်အပ်ရန် အလုပ်အင်တာဗျူး တော်တော်လုပ် ရသည်။ အလုပ်နေရာ တခုအတွက် ပျမ်းမျှ ၃၊ ၄ ယောက်လောက် ဇကာတင်စာရင်းထဲမှ ပြန်ရွေးထုတ်ခြင်း ဖြစ်သည်။

တခါတခါ လိုသည့် အရည်အချင်းနှင့် မရသဖြင့် ထပ်ခါထပ်ခါ ကြော်ငြာစာ ထုတ်ရသည်များလည်း ရှိသေးသည်။ ဖိအား များသည့် အလုပ်ဖြစ်သည့် အားလျော်စွာ ဝန်ထမ်း ဝင်ထွက်နှုန်းကလည်း များသည်။ ကြိုတင် ပြင်ဆင်ထားရသည့် မေးခွန်း များထဲမှ အင်တာဗျူးမယ့်သူ ၃ ယောက် ခွဲယူကာ မေးကြရပြီး အမှတ်ပေး စည်းမျဉ်းအတိုင်း ပေးကြရသည်။ အားလုံး ၃ ယောက်ပေါင်း၍ အမှတ်အများဆုံး ရသည့်သူက အကောင်းဆုံးဆိုသည့် သဘော။

ထိုသို့ ပြုလုပ်ရတိုင်း ကျနော် လုပ်ဖော်ကိုင်ဖက်များက လက်ရှောင်ကာ ကျနော့်ဘက်ကို ထိုးပေးလေ့ရှိသော မေးခွန်း တခု ရှိသည်။ မေးခဲ့ဖူးသမျှ လူပေါင်း ၁၀၀ နီးပါးထဲက ၉၀ ရာခိုင်နှုန်းသော ဖြေဆိုသူများကလည်း ဘဲဥများသာ ရကြသည်။

ထိုသို့ စိတ်ပျက်ရသော မေးခွန်းက သိပ်တော့လည်း မခက်။ နာမည်လေးလောက်၊ အကြမ်းဖျင်းလောက် သိရုံတင် ရသည့် မေးခွန်း။ မေးခွန်းက ဘာလဲဆိုတော့ ခင်ဗျားလုပ်ရမယ့် (ဥပမာ – ပညာရေးလုပ်ငန်း) မှာ နိုင်ငံတကာစံနှုန်း International standard တွေရှိတယ်။ ဘာတွေ ကြားဖူးလဲ။ ဒါပဲဖြစ်သည်။

အရင်ဆုံး မေးခွန်းကို ဖြေသည့်သူ နားလည်ဖို့ အတော်ကို ခက်သည်။ နိုင်ငံတကာ စံနှုန်းဆိုတာကိုက တော်တော်ကို နားမယဉ်လေသည့် စကား။ ကျနော်လည်း ဒီအလုပ်ကို ဝင်တုန်းက မဖြေနိုင်ခဲ့သည့် မေးခွန်းပေ။ တကမ္ဘာလုံးက လက်ခံ ကျင့်သုံး တန်ဖိုးထားနေရသည့် စံများကို ကျနော်တို့ မရင်းနှီးကြ။ နောက်ကျ ကျန်နေခဲ့ခြင်း၏ သိသာထင်ရှားသော လက္ခဏာ တခု ဖြစ်လေမလား။

နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အရေးပေါ်အခြေအနေ စီမံချက်များ လုပ်ရသည့်အခါ လုပ်ငန်း အရည် အသွေးအတွက် လိုက်နာကျရသော စံသတ်မှတ်ချက်များ ရှိသည်။ အရေးပေါ် အခြေအနေများအတွက် အနည်းဆုံးရှိရမည့် စံသတ်မှတ်ချက်များဟု လူသိများသည်။
အခြားသော ကဏ္ဍအလိုက် အလားတူ စံသတ်မှတ်ချက်များ ရှိသည်သာ။ ထို စံသတ်မှတ်ချက်များသည် ဘေးဒုက္ခတခုခု၊ အရေးပေါ် အခြေအနေ တုံ့ပြန် ဆောင်ရွက်မှု (Emergency Response) များတွင် ကျင့်သုံးရန် အများသဘောတူ ချမှတ် ထားခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ပုံမှန်အခြေအနေ ပျက်နေလို့ အနည်းဆုံး မရှိမဖြစ်သည့် အဆင့်လောက် ထားခြင်းဟူသည့် သဘော။ သို့သော် အများအတွက် အနိမ့်ဆုံး ဆိုသော စံ၊ အရေးပေါ် အခြေအနေမို့ မရှိမဖြစ်လောက်သာ ထားရသည့် ထို စံသတ်မှတ် ချက်သည်ပင် မြန်မာပြည်အတွက် မြင့်လွန်းနေသည်ကို ပါးစပ်အဟောင်းသားနှင့် တွေ့ရပါသည်။

နမူနာအားဖြင့် စံသတ်မှတ်ချက်တခုမှာ စာသင်ကျောင်း တကျောင်းတွင် အနည်းဆုံး ရှိသင့်သည့် အိမ်သာ အရေအတွက်သည် ကျောင်းသား ၆၀ လျှင် တလုံး၊ ကျောင်းသူ ၃၀ လျှင် တလုံးဖြစ်သည်။ ပြီးရင် ကျား/မ ခွဲထားရမည်။

အရေးပေါ် အခြေအနေအတွက် စံတခုသည်ပင် ကျနော်တို့အတွက် မြင့်လွန်းနေသည့်အခါ မြန်မာနို်င်ငံရဲ့ ပုံမှန်ဒေသ တွေရဲ့ စာသင်ကျောင်း ဘယ်နှကျောင်းကများ ဒီစံသတ်မှတ်ချက်ကို ပြည့်မီနိုင်မလဲ စဉ်းစားကြည့်လျှင် သိနိုင်သည်။

အာဏာရှင်ခေတ်နှင့် စံနှုန်းကြောက် ရောဂါ

ကျနော်တို့ကြားမှာ တိုးတိုးတိတိတ် ရယ်စရာတခု ရှိခဲ့ဖူးသည်။ အစိုးရထဲက လူကြီးတွေရှေ့ ထိုထိုသော နိုင်ငံတကာ စံ သတ်မှတ်ချက် ဆိုသော အရာများကို ယောင်၍ မပြောမိစေနဲ့။ ပြောမိ၍ အမျက်တော်ရှက ကိုယ့်ဘာသာ တာဝန်ယူ။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့၏ ဗြူရိုကရက်ကြီးများက မြန်မာနည်း မြန်မာ့ဟန်၊ မြန်မာစံတော်ချိန် ဆိုသဟာကြီးနဲ့ အသားကျနေကြတာ ကြာပြီဆိုတော့ နားများလည်း မယဉ်ကြပေဘူးကိုး။

နောက်တခါ သာမာန် စကားဝိုင်းမှာ ဖြစ်ဖြစ်၊ အောက်ခြေ ဝန်ထမ်းတွေနဲ့ ဖြစ်ဖြစ် လျှာခလုတ်တိုက်မိပါက အဲဒီ နိုင်ငံ တကာ စံတွေ ထားစမ်းပါ။ မြန်မာပြည်က ကိုယ့်နည်းကိုယ်ဟန်နဲ့ လုပ်ရဦးမှာပါဆိုပြီး မျက်နှာလွှဲတာ၊ ကြောက်လို့ ရှောင်တာဟာ ရောဂါတခုလို ဖြစ်နေပြီ။

နားလည်ဖို့ မကြိုးစားသလို နားထောင်ဖို့ပင် အားအင်များ မရှိကြပါ။ သူ့အကြောင်းနဲ့ သူကိုး။ မြန်မာ ပြည်သူပြည်သားများ ကိုပင် ဒီမိုကရေစီနဲ့ မထိုက်တန်သေးဟု ထင်မြင်နေခဲ့ကြခြင်းသည်လည်း စံနှုန်းကြောက်သည့် ရောဂါတမျိုးပင် ဖြစ်မည်။

တချို့ကတော့ လွဲမှားစွာ နားလည်နေပြန်သည်။ ကိုယ့်လုပ်ငန်းထဲမှာ နိုင်ငံတကာ အဆင့်မီအောင် အနည်းဆုံး ဘယ်အ ဆင့်ဖြစ်အောင် ပြုလုပ်သင့်သည်ဟု ပြောလျှင် အကြီးကြီးတွေ လာပြောနေတယ်။ စိတ်ကူးယဉ်နေတယ် ထင်ကြသည်။ ထင်ချင်စရာကလည်း သက်သေများ ရှိခဲ့သည်ကိုး။

သမိုင်းတလျှောက် စီမံကိန်းများက လေဖြင့် ရေးဆွဲခဲ့ကြပြီး မစားရ ဝခမမ်း အောင်မြင်မှုတွေ သတင်းစာထက်မှာ နေ့စဉ်သ တင်းထဲမှာ ပလူပျံခဲ့တာကို မြင်ခဲ့ရဖူးသည်လေ။ ထိုသို့ ဖြစ်ကြခြင်းသည် ဝမရှိဘဲ ဝိလုပ်ခြင်း သက်သက်မျှသာ။ လေထဲ တိုက်အိမ်ဆောက်ခြင်းသည် စံနှုန်းမြင့်ခြင်း မဟုတ်ပေ။

သေချာကြည့်လျှင် အဲဒီ အရောင်ခြယ်သထားသည့် စကားလုံး အကြီးကြီးတွေနောက်မှာ ဘာမျှ စံသတ်မှတ်ထားတာ၊ နှိုင်း ယှဉ်ပြထားတာမျိုး မရှိတတ်ပေ။

ကျောင်းဆောင်သစ် တဆောင် ဆောက်လိုက်တယ် ဆိုကြပါစို့။ အနိမ့်ဆုံး စံသတ်မှတ်ချက် ကျောင်းခန်းတခန်းသည် ကျောင်းသား ဘယ်နှယောက်အတွက်၊ ကျောင်းသား စုစုပေါင်း အတွက် လိုအပ်သည့် ကျောင်းခန်းများ ပြည့်မီခြင်း ရှိ မရှိ။ ဒါမျိုးတွေလည်း တွေ့ရမှာ မဟုတ်ပေ။

ခပ်ရှင်းရှင်း ပြောရရင် ကျနော်တို့ လူတောမတိုးခဲ့ပါ။ အခုချိန်ထိ တိုင်းတပါးသားဆို ကြောက်သည့်၊ ရွံ့သည့် နာတာရှည်က စွဲနေတုန်းဖြစ်သည်။ နိုင်ငံခြား တိုင်ပြည်ဆို်လျှင် အထင်ကြီးသည်။ နိုင်ငံခြားသားဆိုလျှင် အလိုလို ဦးကျို့ပြီးသား အမူ အကျင့်များက အံ့အားသင့်ဖွယ်။

သို့သော် ထိုထိုသော နိုင်ငံများတွင် ကျင့်သုံးသော၊ လိုက်နာ အတုယူဖွယ်ကောင်းသော စံနှုန်းများကိုတော့ ကိုယ်နှင့် မဆိုင်၊ လက်လှမ်း မမီ၊ တာဝတိ ံသာက နတ်ပန်း မလှမ်းအပ်ဟု မြင်နေကြခြင်းကလည်း ရယ်သွမ်းသွေးဖွယ် တခု။ ရည်မှန်းချက် များ အမြင့်ကြီးထားလျှင် မအောင်မြင်ရင် ဘယ်လိုလုပ်မှာလဲ တွေးပူတတ်ကြသည်။

တဆင့်ချင်း အောင်မြင်အောင် လုပ်ရမည်သာ။ အချိန်လိုသည်က အငြင်းပွားစရာမဟုတ်။ နောက်ဆုံး လုပ်ကြည့်၍ ရာနှုန်း ပြည့် မအောင်မြင်တာသည်ပင် ပြဿနာမဟုတ်။ ရည်မှန်းချက် နိမ့်ကျတာ ပြဿနာ။ ရည်မှန်းချက်ကို ရောက်အောင် သွား ဖို့အတွက် ရည်မှန်းချက်သည်ပင် နိမ့်ကျနေခြင်းသာ ပြဿနာ။

စည်ကမ်းပြည့်ဝသော ဒီမိုကရေစီကြီးပင် စံနှုန်းမပြည့်သေးသည့်အခါ ကျနော်တို့ရဲ့ စံနှုန်းကြောက် ရောဂါကို ဘယ်လို ကု ကြမည်နည်း။ ဒီမိုကရေစီသည် စံနှုန်များကို တန်ဖိုးထား လေးစားသော စနစ်ဖြစ်သည် ဆိုသောအခါ ဘယ်လို ကုနိုင်ကြ မည်နည်း။

တချိန်တည်းမှာပဲ ခပ်ရဲရဲ ချမှတ်ထားသည့် ရည်မှန်းချက်များအတွက် စံထားတိုင်းတာရမည့် စံနှုန်းများကိုလည်း ဘယ်လို ချမှတ်ကျင့်သုံးကျမည်နည်း။ မေးစရာရှိလာပါတော့သည်။

(လင်းငယ်သည် ဆရာဝန်တဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading