စစ်ဘေးရှောင်တွေ ပညာရေး ကိုယ်ချင်းစာစေချင်

သန်းနိုင်ဦး
ကချင်ပြည်နယ် လိုင်ဇာအနီး စစ်ရှောင်စခန်းတခုရှိ စာသင်ခန်းကို ၂၀၁၃ ခုနှစ်အတွင်းက မြင်ရစဉ် / ဂျေပိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ စစ်ဘေးသင့်သူတွေ ဘေးလွတ်ရာကို ပုန်းရှောင်နေကြရပါတယ်။ သူတို့တွေထဲမှာ ကိုယ်ဝန်ဆောင်တွေ သက်ကြီးရွယ်အိုတွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေး ငယ်တွေအပြင် ပညာသင်ယူနေကြဆဲ ကျောင်းသူကျောင်းသားတွေလည်း ပါဝင်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် ဝိုင်းဝန်းကူညီကြသူတွေရှိပေမယ့် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် လုံလောက်တဲ့ ကူညီမှုတွေ မရရှိသေးပါဘူး။

ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်က စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားဆဲ ကျောင်းသူ ကျောင်းသားတွေ ပါဝင်တယ်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြရမယ့် အချိန်ကလည်း တဖြည်းဖြည်း နီးကပ်လာနေပါပြီ။ သူတို့အတွက်လည်း ဝိုင်းဝန်းအဖြေရှာပေးကြဖို့ လိုပါတယ်။

တိုက်ပွဲဖြစ်ရာဒေသတွေမှာ ခေါင်းလောင်းသံအစား သေနတ်သံ ဗုံးသံတွေသာ ဆူညံနေပါတယ်။ တချို့ကျောင်းသူကျောင်း သားတွေ တိုက်ပွဲတွေနဲ့ လွတ်ရာပြေးရင်း စစ်ရှောင်စခန်းတွေရောက်လာကြတယ်။ ကျောင်းသားတချို့က ဆွေမျိုးသားချင်း ရှိတဲ့ မြို့ပြမှာ သွားရောက်ခိုလှုံကြတယ်။ တောထဲတောင်ထဲမှာ ပုန်းကွယ်နေကြရသူတွေလည်း ရှိတယ်။

စစ်ဘေးဒဏ်ခံ ကျောင်းသူကျောင်းသားတွေဟာလည်း အများနည်းတူ ပညာသင်ကြားခွင့်ရထိုက်သူတွေသာ ဖြစ်ကြပါ တယ်။ ကျောင်းသူကျောင်းသားတွေနဲ့ အတူ ဆရာဆရာမတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်။

မြန်မာနိုင်ငံက လွတ်လပ်ရေးရတာ နှစ်(၇၀)နီးပါးရှိခဲ့ပြီ ဖြစ်ပေမယ့် အခုချိန်ထိ ဒေသအချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ် ပါတယ်။ အယူအဆ မတူကွဲပြားမှုတွေအတွက် စားပွဲဝိုင်းမှာ ညှိနှိုင်းနေကြပေမယ့် တိုက်ပွဲတွေရှိနေဆဲဖြစ်ပါတယ်။ ငြိမ်းချမ်း ရေးရဲ့အရသာကို အပြည့်အ၀ မခံစားရဘဲ ကျီးလန့်စာစား ဘဝနဲ့ နေထိုင်နေကြရတဲ့ ပြည်သူတွေရှိနေဆဲဖြစ်ပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ကြတယ်။ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းလည်း တိုက်ကြ တယ်။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ နယ်ခြားစောင့်တပ်အချို့လည်း တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲဖြစ်ပြီဆိုမှတော့ ဘယ် သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာထက် တိုက်ပွဲဖြစ်ပွားရာဒေသက သာမန်ပြည်သူတွေက မြေစာပင်ဖြစ်ကြရစမြဲ။

တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ကိုယ့်အထုပ်ကိုယ်လွယ် ကိုယ့်ကလေးကိုယ် ဆွဲ ကျည်ကွယ်မျက်ကွယ် ပြေးကြရတော့တာပါပဲ။

စစ်ဘေးဒဏ်ခံနေကြရတဲ့ ကျောင်းသူကျောင်းသားတွေကလည်း ပြည်ထောင်စု တိုင်းရင်းသား ညီအကိုမောင်နှမတွေသာ ဖြစ်ပါတယ်။ သူတို့အတွက် ယခုအချိန်မှာ ပညာရေးအကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။ ပညာတတ်တွေများ များပေါ်ပေါက်ရေးဟာ ငြိမ်းချမ်းရေးကို အထူးအထောက်အကူပြုစေမှာဖြစ်ပါတယ်။

မငြိမ်းချမ်းတော့ ပညာသင်ကြားမှု ဆုံးခန်းမတိုင်နိုင်၊ ပညာကောင်းကောင်းသင်ခွင့်မရတော့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါး။ အလုပ်မရနိုင်တော့ ဝင်ငွေမရှိ၊ ပညာဆုံးခန်းတိုင် မသင်ကြားခဲ့ရတော့ ဝေဖန်ပိုင်းခြားနိုင်မှုအားနည်း။ ပညာနဲ့ ယှဉ်ပြီး ဆုံးဖြတ်လုပ်ကိုင်ရမယ့် ကိစ္စတွေ နှောင့်နှေးကြန့်ကြာ။ ပညာဉာဏ် မရှိတော့ ယုံကြည်မှု တည်ဆောက်လို့မရ။ နောက်ဆုံးမှာတော့ အဆိုးသံသရာလည်ပြီး ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးသထက် ဝေးသွားစေတာပါပဲ။

စစ်ဘေးသင့်သူတွေအတွက် ပညာသင်ကြားခွင့်ရဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေ အထူးကြိုးစားကြဖို့ မေတ္တာရပ်ခံပါရ စေ။ အာဏာပိုင်တွေအနေနဲ့ စစ်ဘေးသင့်သူတွေ ပညာသင်ကြားနိုင်စေဖို့ လိုအပ်ရင် မြို့မိမြို့ဖတွေ၊ အရပ်ဘက် အဖွဲ့အ စည်းတွေ၊ ပရဟိတအသင်းတွေနဲ့ လက်တွဲညီညီ ချိတ်ဆက်ဆောင်ရွက်ဖို့ လိုပါတယ်။

စာသင်ခန်းအတွက် နေရာထိုင်ခင်း စီစဉ်ပေးတာ၊ ဆရာဆရာမတွေ စာလာသင်ပေးနိုင်အောင် အစစအရာရာ ကူညီပေး တာ။ ကျောင်းသူကျောင်းသားတွေအတွက် စာရေးကိရိယာ ထောက်ပံ့ကူညီတာတွေ ဒေသဆိုင်ရာအာဏာပိုင်တွေ လုပ် ပေးနိုင်ပါတယ်။

နိုင်ငံတော်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင်က ဗဟိုဦးစီးစနစ်ကို လျှော့ချနေချိန်ဖြစ်လို့ ကိုယ့်တိုင်း၊ ကိုယ့်ဒေသ ဖွံ့ဖြိုး တိုးတက်စေဖို့ အရင်ခေတ်လို အမိန့်အဆင့်ဆင့် နာခံနေစရာမလိုတော့ပါဘူး။ ကိုယ့်မြို့ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်စေဖို့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပြီး မှန်မှန်ကန်ကန်ဆောင်ရွက်ရမယ့် အချိန်ရောက်ပါပြီ။ ငွေကုန်ကြေးကျလည်း မများ၊ ဒေသဖွံ့ဖြိုးရေးအတွက်လည်း အမှန်တကယ် လိုအပ်တယ်ဆိုရင် စေတနာကောင်းကောင်းနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြရမယ့် အချိန်ရောက်ပါပြီ။

ပရဟိတ သင်ကြားပေးနိုင်မယ့် ဆရာဆရာမတွေ ဖိတ်ခေါ်ပြီး သင်ကြားပေးနိုင်ခဲ့ရင် လူသာဓုခေါ် နတ်သာဓုခေါ်စရာဖြစ်မှာ ပါ။ နေရေးထိုင်ရေး စီစဉ်ပေးရုံနဲ့ ကိုယ့်စရိတ်ကိုယ်စားပြီး ပညာဒါနလုပ်ကြမယ့် ပရဟိတ လူငယ်တွေရှိနေပါတယ်။ အဲဒီလို လုပ်ပေးနိုင်ရင် တဦးနဲ့တဦး ယုံကြည်မှု ရှိသွားပြီး ငြိမ်းချမ်းရေး လမ်းစဉ်ကိုပါ အထောက်အကူပြုသွားမှာဖြစ်တယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းခေတ်ကတည်းက ငြိမ်းချမ်းရေး မရခဲ့တာဟာ ယုံကြည်မှုမတည်ဆောက်နိုင်ခဲ့ကြလို့ပါ။ ယုံ ကြည်မှုတည်ဆောက်တယ်ဆိုတာ ချက်ချင်းတွေ့ရုံနဲ့ ချက်ချင်း မယုံကြည်နိုင်ပါဘူး။ ထိတွေ့ဆက်ဆံပေါင်းသင်းပါများမှသာ တယောက်နဲ့ တယောက် ယုံကြည်မှု ဆိုတာ ရှိလာတာပါ။

စစ်ဘေးရှောင်တွေရှိရာ ဒေသက တိုင်းရင်းသားတွေထဲမှာလည်း အခမဲ့သင်ကြားပေးမယ့် ဆရာတွေ ရှိနိုင်ပါတယ်။ ဒေသ ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ဖြစ်နိုင်ရင် ပြည်မမှာ နေထိုင်ကြတဲ့ ပရဟိတစိတ်ဝင်စားတဲ့ ဗမာလူငယ်ဆရာတွေကို ဖိတ် ကြားရင် ပိုအဆင်ပြေပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ရာလည်း ရောက်သလို စစ်ဘေးသင့် ကျောင်းသူကျောင်းသားတွေအ တွက်လည်း ပညာသင်ကြားခွင့်ကို ရရှိစေပါတယ်။ ပရဟိတဆရာတွေဖြစ်လို့ ငွေကုန်ကြေးကျလည်း သက်သာနိုင်ပါတယ်။

ပြည်မက လာရောက်သင်ကြားမယ့် လူငယ်တွေအတွက်လည်း တိုင်းရင်းသားတွေကြားမှာ လက်တွေ့နေထိုင်ခွင့်ရလို့ တိုင်း ရင်းသားတွေရဲ့ လက်တွေ့ဘဝကို ပိုမိုစာနာ နားလည်နိုင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသား အားလုံး ပညာရေးကို တန်းတူရည်တူ သင်ကြားပိုင်ခွင့်ရှိတယ်ဆိုတာ အားလုံးကို သိစေချင်တာပါပဲ။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading