ဆန်ရှင်ရုပ်သိမ်းပြီး မြန်မာတွေ ကြီးပွားတော့မလား

ယော်ထုန်
ဆန်ရှင်ရုပ်သိမ်းအပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဟု မျှော်လင့်နေကြသည် / Reuters

မကြာသေးမီက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပြီးပြီးချင်း အမေရိကန်နိုင်ငံသို့ သွားရောက်စဉ်အတွင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် တွေ့ဆုံအပြီး အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း ကတိကဝတ် ရရှိခဲ့သည်။ ယင်း ကတိအတိုင်း အခု ရက်ပိုင်းတွင် ပိတ်ဆို့မှု အားလုံးကို ကွင်းလုံးကျွတ် ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်သည်။ ကွင်းလုံးကျွတ် ဆိုသည့် အတိုင်း စစ်အာဏာရှင်ဟောင်းများ ဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့် ဒုုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးတို့မှသည် ဦးတေဇ၊ ဦးဇော်ဇော်၊ စတီဗင်လော ကဲ့သို့သော ပုဂ္ဂိုလ်ပေါင်း ရာနှင့်ချီသည့် စာရင်းများနှင့် ၎င်းတို့ လုပ်ကိုင်လျက်ရှိသော စီးပွားရေး ကုုမ္ဗဏီကြီးငယ် အားလုံး ပါဝင်သွားပြီ ဖြစ်ပါသည်။

၎င်း ကွင်းလုံးကျွတ် ရုပ်သိမ်းခြင်း၏ ရလဒ်အဖြစ် အမေရိကန်နိုင်ငံ စီးပွားရေးသမားများနှင့် နိုင်ငံကို တရားမဝင် သွေးစုတ် ခြယ်လှယ်နေခဲ့သော ခရိုနီ ကြီးငယ်တို့ စီးပွားရေး လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တော့မည် ဖြစ်ရာ ထိုသို့ လုပ်ကိုင်ခြင်းကြောင့် မိမိတို့ ပြည်သူပြည်သား တိုင်းရင်းသား လူမွဲများ အတွက် မည်မျှ အကျိုးဖြစ်ထွန်းမည်၊ မည်သို့သော ဆိုးကျိုးများကို ပိုမိုခံစား လာနိုင်မည် ဆိုသည်များကို စဉ်းစားချင့်ချိန်၍ ပြင်ဆင်မှုများ ပြုလုပ်ရတော့မည် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ တတိုင်းပြည်လုံး အသွင်သဏ္ဌာန် ဆောင်သည့် ဖွ့ံဖြိုးတိုးတက်ရေး အတွက် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိသော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် မဖြစ်မနေ အကောင်အထည် မဖော်၍ မရသည့် ဖြစ်စဉ် ဖြစ်ပါသည်။ ထိုသို့ဆိုသော် ဤ အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်မှု ကွင်းလုံးကျွတ် ရုပ်သိမ်းပေးမှုသည် တတိုင်းပြည်လုံးရှိ ပြည်သူများနှင့် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကျိုးပြုနိုင် မည်လော။

မြန်မာပြည်၏ စီးပွားရေးသည် စစ်တပ်နှင့် ၎င်းတို့နှင့် နီးစပ်သည့် အပေါင်းအပါတို့ လက်ထဲတွင်သာ ဆက်လက် ရှိနေဆဲ ဆိုသည်ကို မည်သူမျှ မငြင်းနိုင်ပါ။ ထို့ကြောင့် အကျိုးအမြတ်ကို ၎င်းတို့သာ တိုက်ရိုက်ခံစားရမည် ဖြစ်သည်။ အချို့သော သူများသည် ၎င်းတို့ စီးပွားရေး လုပ်ကိုင််ရာမှ နိုင်ငံ၏ အခွန်ဘဏ္ဍာတိုးလာမည်၊ ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဟု ဆိုကြပေလိမ့်မည်။

အခွန်ဘဏ္ဍာ တိုးလာရေးနှင့် ထို အခွန်ဘဏ္ဍာတို့ကို သုုံးစွဲရေးသည် လက်ရှိ နိုင်ငံတွင်း ဖွဲစည်းပုုံ အခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေများသည် နိုင်ငံသားများကို အမှန်တကယ် အကာအကွယ် ပေးသော ဥပဒေများ ဖြစ်နေဖို့ လိုသည်။ တချိန်တည်းမှာ ထိုဥပဒေများကို မောင်းနှင်မည့် ဒီမိုကရေစီ စစ်စစ် ဖြစ်ပြီး ဥပဒေစိုုးမိုးသည့် အစိုုးရ ယန္တယား ဖြစ်နေခြင်း ရှိ မရှိ အပေါ် မူတည်သည်။ ထိုသို့ မဟုတ်လျှင် ၎င်းအခွန်ဘဏ္ဍာများသည် ကြက်ပျေက်၊ ငှက်ပျောက် ပျောက်သွားနိုင်သည့် အပြင် ပြည်နယ်နှင့် တိုင်းများသို့ တပြေးညီ အကျိုး မဖြစ်ထွန်းနိုင်ပါ။

လက်ရှိတွင် ၂၀၀၈ ခြေ/ဥ အပါအဝင် မကြာသေးမီက ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သည့် “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ” များသည် နိုင်ငံသားများကို အကာအကွယ် ပေးခြင်းတွင် အင်မတန် အားနည်းပြီး ငွေရှင် ကြေးရှင်နှင့် အုုပ်ချုပ်သူ လူတန်းစားများကို ပိုမို ဦးစားပေးနေသည့် ဥပဒေများသာ ဖြစ်နေရာ ဤ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းခြင်းမှ ရရှိမည့်အကျိုး ရလဒ်သည် “ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ” ဆိုသကဲ့သို့ ဆင်းရဲသား လူမွဲပြည်သူများ အတွက် မဖြစ်နိုင်ဘဲ စစ်အာဏာရှင် လွှမ်းမိုး ထားသည့် အင်္ဂလိပ်လို အိုလီဂါခီ (Oligarchy) ခေါ် လူအနည်းစု အသိုုင်းအဝိုင်း တရပ်ကို ကိုယ်စားပြုထားသည့် စီးပွားရေး ယန္တယားကို ပိုမိုခိုင်မာ စေမည်ကို စိုးရိမ်ရပါသည်။

အဆိုးဆုံးမှာ လက်ရှိ စစ်မှန်သည့် ငြိမ်းချမ်းရေး လမ်းကြောင်း ဖြစ်ပေါ်လာရန်မှာလည်း ၂၁ ရာစု ပင်လုံ ပထမအကြိမ် ညီလာခံ ကျင်းပပြီး ဖြစ်သော်လည်း ဗမာအပါအဝင် တိုင်းရင်းသားများ လိုလားနေသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရန် နိုင်ငံရေးဆွေးနွေးပွဲများ လုံးဝ မစတင်နိုင်သေးသည့် အပြင် စစ်ပွဲများမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ် မရေးထိုးထားသေးသည့် KIO ကို မြန်မာ့ တပ်မတော်က ဂျက်လေယာဉ်များ အသုုံးပြု၍ ထိုးစစ် အကြီးအကျယ် ဆင်နေသည်။ ထုုိ့အပြင် NCA ကို လက်မှတ်ရေးထိုးထားသော RCSS/SSA နှင့်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေသည်။ ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးသည် လုံးဝ ဝေဝါးသွားပြီ ဖြစ်ပါသည်။

ယင်းကဲ့သို့ ငြိမ်းချမ်းရေး ဝေဝါးမှုသည် ပြည်တွင်း စစ်ပွဲများကို ဘာကြောင့် တိုက်သည်ဟု စဉ်းစား မရအောင် ဖန်တီးနေသည့် မြန်မာ့တပ်မတော်တွင် တာဝန်အရှိဆုံး ဖြစ်သည်။ သို့သော် လက်ရှိ NLD ဦးဆောင်သည့် အစိုုးရ တာဝန်ရှိသူများမှ ကြိုးစား မဖြေရှင်းနေသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် ထို မငြိမ်းချမ်းသေးသည့် နယ်မြေအတွင်းရှိ တိုင်းရင်းသား ပြည်သူများမှ ဤကဲ့သို့ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ကွင်းလုံးကျွတ် ရုပ်သိမ်းခြင်းမှ ရရှိ ဖြစ်ပေါ်လာသည့် အကျိုးကို မည်သည့် ပုုံစံမှ ခံစားနိုင်စရာ အကြောင်းမရှိသည့် အပြင် စစ်တပ် စီးပွားရေး ပိုမိုအားကောင်းလာကာ လက်နက် ပိုမိုဝယ်ယူခြင်း အားဖြင့် ပြည်တွင်းစစ်ကို ပိုမိုဖန်တီးဖို့သာ ရှိပါသည်။ ယင်းကြောင့် အမေရိကန်သည်လည်း မြန်မာစစ်တပ်က တိုင်းရင်းသား ဒေသအတွင်း တိုက်နေသည့် စစ်ပွဲများကို သွယ်ဝိုုက်သော အားဖြင့် ထောက်ခံနေသလို ဖြစ်နေခြင်းသည် ငြိမ်းချမ်းရေး ဆက်လက် အကောင်အထည်ဖော်ရန် တိုင်းရင်းသားများ၏ ယုုံကြည်မှု လုံးဝ ပျောက်ဆုံးသည့် အနေအထားသို့ ပြန်လည် တွန်းပို့ နေပါသည်။

ထို့ကြောင့် အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ကွင်းလုံးကျွတ် ရုပ်သိမ်းခြင်းသည် အများစု ဖြစ်ကြသည့် ဗမာအပါအဝင် တိုင်းရင်းသား လူမွဲပြည်သူများကို အကျိုးဖြစ်စေမှာ မဟုတ်သည့် အပြင် လက်ရှိ ငြိမ်းချမ်းရေးကိုလည်း အဟန့်အတား ပိုမိုဖြစ်စေကာ လူအနည်းစု အသိုင်းအဝိုင်း တရပ်ကို ကိုယ်စားပြုထားသည့် စီးပွားရေး ယန္တယားကို ပိုမို ခိုင်မာစေမည်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

(ဆောင်းပါးရှင် ယော်ထုန် (Yaw Htung) သည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မဟီဒေါတက္ကသိုလ် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး လေ့လာမှု သိပ္ပံဌာနတွင် ပါရဂူဘွဲ့ အတွက် တက်ရောက်နေသူ တဦးဖြစ်သည်။)

Loading