မြန်မာလူ့အဖွဲ့အစည်းမှာ ဆရာတွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်။ ဆရာတွေကို အနန္တငါးပါးထဲမှာ ထည့် သွင်းထားပြီး အရေးတယူ နေရာပေးကြသူတွေလည်းဖြစ်တယ်။ ဒါပေမယ့် ပညာရေးလောကအတွက် သတင်းဆိုးတခုနဲ့ သတင်းကောင်းတခု မကြာသေးမီက တပြိုင်နက် ထွက်ပေါ်လာပါတယ်။
သတင်းဆိုးကတော့ ဧရာဝတီတိုင်းအတွင်းက အလယ်တန်းပြဆရာတယောက် အဌမတန်းကျောင်းသူတွေကို အဓမ္မပြု ကျင့်တဲ့သတင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားပါတယ်။ သတင်းကောင်းက မကွေးတိုင်းအတွင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ အလယ်တန်းပြဆရာမက သူ့ကျောင်းသူ၊ ကျောင်းသားတွေကို ဌာန်ကရိုင်းကျကျ ကဗျာရွတ်ဆိုပြီး သင်ကြားပြသပေးသူဖြစ်ပါတယ်။
သာယာနာပျော်ဖွယ်အသံနဲ့ စိတ်ပါလက်ပါ သင်ကြားပြသပေးတဲ့ အဖြူ၊ အစိမ်းဝတ်ထားတဲ့ ဆရာမရုပ်သွင်က ကျက်သ ရေရှိလှတယ်။
အထက်ပါ သတင်းနှစ်ခုစလုံး လူမှုကွန်ရက်မှာ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အဓမ္မပြုကျင့်တဲ့ ကျောင်း ဆရာကို ဝိုင်းဝန်းဝေဖန် ပြစ်တင်ခဲ့ကြပြီး ကဗျာရွတ်ဆို သင်ကြားတဲ့ ဆရာမကိုတော့ ချီးကျူးထောပနာ ပြုခဲ့ကြပါတယ်။
မြန်မာ့အနာဂတ် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးဝန်ထမ်း ဆရာဆရာမတွေက အရေးပါတယ်။ မတော် မတရားပြုကျင့်တဲ့ ဆရာတယောက်ရှိရုံနဲ့ ဆရာအားလုံး အဲဒီလို လူချည်းပဲလို့ သတ်မှတ်လို့မရနိုင်ပါဘူး။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဆိုရင် အပြောင်းအရွှေ့တာဝန်ကျလာတဲ့အခါ ကျေးရွာ သူရွာသားတွေက သူတို့ဆရာအတွက် ဝမ်းနည်းမဆုံး ဖြစ်ကြရတယ်။ ချောင်းဦးက ကျောင်းဆရာလေးက ထူးချွန်ဆုရ လောက်အောင်အထိ ထူးချွန်ပြောင်မြောက်ခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။
မြန်မာတွေရဲ့လူမှုရေးက ဆရာ၊ ဆရာမတွေကို အိမ်ဦးခန်းမှာ ထားပြီး စားဦးစားဖျား ကျွေးမွေးလိုတဲ့ ဆန္ဒရှိကြတယ်။ အခြားအစိုးရဝန်ထမ်းတွေ အရှက်မဲ့တဲ့ အပြုအမူ အပြောအဆိုတွေ လုပ်ခဲ့ရင် ခွင့်လွှတ်နိုင်ကြပေမယ့် ဆရာ၊ ဆရာမတွေ မဟုတ်တာ လုပ်ခဲ့ရင် တသက်တာ ပြောမဆုံးတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်။
ဆရာ၊ ဆရာမတွေခမျာ အခြား အစိုးရဝန်ထမ်းတွေလောက် ဝင်ငွေလည်းမများ လာဘ်လာဘလည်း မရွှင်ပေမယ့် ဆရာ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ နေထိုင်ကြရတယ်။ နယ်စွန်နယ်ဖျားမှာ ချောင်းတွေဖြတ် တောတွေတိုးပြီး ကျေးလက်တောရွာမှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို လေးစား တန်ဖိုးထားကြသူတွေလည်းဖြစ်တယ်။
မြန်မာနိုင်ငံလို အရှေ့တိုင်းယဉ်ကျေးမှုထွန်းကားတဲ့ နိုင်ငံမှာ ဆရာဆရာမတွေရဲ့သြဇာက တသက်တာအထိ တာသွားကြ တယ်။ တခါ သင်ကြားပြသဖူးရင် တသက်တာ ဆရာဖြစ်တော့တာပါပဲ။ နှစ်စဉ် ကန်တော့ခံ စာရင်းဝင်သွားမှာဖြစ်ပါတယ်။
သက်ပြည့် အငြိမ်းစားယူလို့ ပင်စင်စားအရွယ်ရောက်သည့်တိုင် ဂါရဝေါစ နိ၀ါတောစ ဆိုတဲ့ မင်္ဂလာတရားတော်တွေနဲ့ အညီ သေတပန် သက်တဆုံး အနန္တဂိုဏ်းဝင်အဖြစ် နေထိုင်သွားလို့ရကြသူတွေဖြစ်တယ်။ ဆရာ၊ ဆရာမကလွဲရင် ဘယ် အစိုးရဝန်ထမ်းမှ အနန္တငါးပါးထဲမှာ ထည့်သွင်းမထားပါဘူး။
အနန္တငါးပါးအဖြစ် ဆရာ၊ ဆရာမတွေက ထည့်သွင်းထားတာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းက အလိုအလျှောက် နေရာပေး ထားတာဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ ကျောင်းသင်ခန်းစာတွေတင်မက နီတိတွေ ကျင့်ဝတ်တွေပါ သင်ကြားပြသလေ့ ကျင့်ပေးသူတွေဖြစ်လို့ပါပဲ။
ဒီနေ့လို သတင်း နည်းပညာရှေ့တန်းရောက်နေတဲ့ ခေတ်မှာ ဆရာဆရာမတွေ ပိုလို့ လေးစားခံနိုင်အောင် ကိုယ့်ကိုယ် ကိုယ် ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ထူးချွန် ထင်ရှားရင် စင်ပေါ်ရောက်လာမှာဖြစ်သလို မဟုတ်မဟတ် လုပ်ခဲ့ရင်လည်း တသက်လုံး သူများတံတွေးခွက် ပက်လက်မြောမှာဖြစ်ပါတယ်။
ဆရာ၊ ဆရာမတွေက လူ့အဖွဲ့အစည်းကို ပျိုးထောင်သူတွေဖြစ်တယ်။ အထူးသဖြင့် အခြေခံပညာအဆင့် (ထက်၊လယ်၊မူ) တွေမှာ တွေ့ကြရတဲ့ ဆရာဆရာမတွေက နုနယ်သေးတဲ့ ကျောင်းသားကျောင်းသူလေးတွေနဲ့ နေ့စဉ်ထိတွေ့ရတာဖြစ်လို့ ဆရာ၊ ဆရာမတွေက ပိုလို့ တာဝန်ကြီးပါတယ်။
ကျောင်းသူကျောင်းသားတွေရဲ့အမြင်မှာ ဆရာဆရာမတွေဆိုတာ စံပြပုဂ္ဂိုလ်တွေပါပဲ။ (ထက်၊ လယ်၊ မူ ) ဆရာ၊ ဆရာမ တွေက သူတို့ တပည့်တွေ ဘာကြီးဖြစ်နေနေ အချိန်မရွေး ဆူနိုင် ငေါက်နိုင်တဲ့အခွင့်အရေးလည်း ရထားကြသူတွေ ဖြစ် ပါတယ်။
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့ ဆရာတို့ ကျင့်ဖို့ ဝတ်ငါးတာ။ ကျနော်တို့ လူ့အဖွဲ့အစည်းက ဆရာ့ကျင့်ဝတ်ဆိုပြီးတောင် နီတိထားကြသူတွေလည်း ဖြစ်တယ်။
ကျနော်တို့ကို ငယ်စဉ်က သင်ကြားပေးကြတဲ့ဆရာတွေထဲမှာ ညပိုင်းစာကျက် မကျက် အိမ်ပေါက်စေ့ လိုက်ကြည့်တဲ့ဆရာ တွေရှိတယ်။ စာရိတ္တအချိန်တွေမှာ ရာဇဝင်တွေ ပုံပြင်တွေ ပြောပြတဲ့ ဆရာမတွေရှိတယ်။ စကားပြောဆိုတဲ့အခါ “ပါ” ဆိုတဲ့ ကြိယာပုဒ်လေး ထည့်ပြောရတယ်ကွ လို့ ဆုံးမတဲ့ ဆရာတွေရှိခဲ့တယ်။
ငွေကို ဘယ်လိုရှာရတယ်ကွလို့ ပြောတဲ့ ဆရာတွေ မရှိခဲ့ဘူး။ အချိန်ပိုကြေး မပေးရင် ကျောင်းမလာနဲ့လို့ ပြောတဲ့ ဆရာမ တွေ မရှိခဲ့ဘူး။ ကျောင်းသားဘဝမှာ အပျော်ရွှင်ဆုံး အပြုံးလှလှ ဆင်မြန်းထားကြတဲ့ ဆရာ၊ ဆရာမတွေကိုသာ တွေ့ခဲ့ရ တယ်။
မြန်မာလူ့အဖွဲ့အစည်းမှာ အရှေ့တိုင်းယဉ်ကျေးမှု ထွန်းကားနေသမျှ ဆရာတွေရဲ့အခန်းကဏ္ဍ ရှေ့တန်းရောက်နေဦးမှာ သာဖြစ်တယ်။ ဆရာ၊ ဆရာမတွေကို ကျက်သရေရှိသော စည်းကမ်းရှိသော နှလုံးသားလှသော သင်ကြားပြသမှု ကောင်း မွန်သောသူများအဖြစ် ထာဝရ ဦးညွှတ်ပါရစေ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)