သူစိမ်းကြောက် ရောဂါနဲ့ ကပ်ဘေးသင့် မျိုးချစ်များ

လင်းငယ်

မကြာခင်က အဖြစ်အပျက်တွေက မြန်မာတွေအကြား အငြင်းပွားစရာတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်နဲ့ ပတ်သက်ပြီး အမြင်မတူတဲ့ ဘက်နှစ်ဖက် အပြန်အလှန် ငြင်းခုန်ကြ၊ နည်းနည်း ပိုပြင်းထန်တဲ့ သူတွေကတော့ စကားကြမ်းကြမ်းတွေ သုံးနှုန်းပြောဆိုကြတယ်။

သာမန် အချိန်မှာ ပျင်းရိဖွယ် ဥပဒေ ရေးရာတွေ၊ မေးခွန်းတွေနဲ့သာ အချိန်ကုန်ခဲ့တဲ့ လွှတ်တော်တောင် အရေးကြီး အဆိုတခုကို ဆွေးနွေးကြတဲ့အခါ ပွဲဆူစေခဲ့ပါတယ်။ ဒီမိုကရက်တစ် လွှတ်တော်တရပ်မှာ တွေ့လေ့တွေ့ထ ရှိပေမယ့် မြန်မာပြည် အတွက်တော့ ရှားပါးတဲ့ မြင်ကွင်း။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အရေး အကြံပေး ကော်မရှင်က မြန်မာပြည်အတွက် အကြံကောင်း အဉာဏ်ကောင်းတွေ ပေးနိုင်မလား။ မယောင်ရာ ဆီလူး ထူးမခြားနားတဲ့ အပ်ကြောင်းထပ် စကားတွေကိုပဲ ထပ်မံပြန်ကြားရမလား ဆိုတာက အဖြေမထုတ်ရဲ၊ မခန့်မှန်းရဲသည့် ကိစ္စသာ။

ဒါပေမယ့် စိတ်ဝင်စားမိသည်က ဘာကြောင့် ပြည်တွင်းရေးလို့ ယူဆထားတာကို နိုင်ငံခြားသားက ဘာကြောင့် ဝင်ရောက်ကူညီ ဖြေရှင်းပေးတာရတာလဲ၊ အဲဒီလို ဖြေရှင်းတာကိုလည်း ဘာကြောင့် လက်မခံနိုင်ကြတာလဲ။ ပြည်တွင်းရေးလား၊ ပြည်ပအရေးလား။ ဘယ်လို ခွဲခြားကြသလဲ ဆိုတာကျပြန်တော့လည်း ဝိရောဓိ ဖြစ်နေပြန်ရော။ သိသာတာကတော့ အထိမခံနိုင်တဲ့ ကိစ္စဆိုရင် အရင်ကဆို ‘ပြည်တွင်းရေး’ လို့ လုပ်ပစ်တတ်ခဲ့ကြတာတော့ တွေ့ဖူးတယ်။

နောက်တခုက မန္တလေးမှာ ဖြစ်ပျက်ခဲ့တဲ့ နယ်သာလန် နိုင်ငံသားရဲ့ အကြောင်း။ ဓမ္မာရုံတခုထဲ ဝင်ရောက် ပြုမူခဲ့တာကြောင့် ထောင်ဒဏ် အပြစ်ပေးခံရတဲ့ ကိစ္စ။ သာမန် လူတယောက် မှားတတ်ပြီး ပြန်တောင်းပန်တာတောင် လက်မခံဘဲ တရားစွဲခဲ့ကြတာပါ။ ငါတို့ ဘာသာကို မထိနဲ့။ အထူးသဖြင့် နိုင်ငံခြားသား တယောက်ကိုတော့ သင်ခန်းစာ ပေးရမယ်လို့များ သူတို့ စိတ်ထဲ အကဲပါနေကြလေ သလား။ မန္တလေး ဒေသခံတွေကလည်း ငြင်းကြခုံကြ၊ သဘောထား အမြင်မတူတာတွေ ပြောကြ။ ကိုယ့်တိုင်းပြည်ရဲ့ လက်ရှိ စိတ်အခံကို တူးဆွသုံးသပ် ကြည့်မိတော့ ကျနော်တို့ သူစိမ်းဆို ကြောက်နေကြသလား။ နိုင်ငံခြားသား ကြောက်တတ်ကြ သလား။ ကြောက်တတ်သူတွေရဲ့ သဘာဝ အတိုင်း လိုအပ်တာထက် ပိုပြီး တုံ့ပြန်နေတတ်ကြ သလား ဆိုတာတွေပါပဲ။

အဲ့သလိုသာ မေးလိုက်လို့ ကတော့ ရင်ကိုကော့ကာ ဘယ်နိုင်ငံမှ မကြောက်ဘူး။ ဘယ် နိုင်ငံခြားသားမှ မကြောက်ဘူး။ မြန်မာ့မြေကို တလက်မမှ အကျူးကျော်မခံဘူးလို့ ဆိုကြလေမလား။ ဆိုလည်း ဆိုခဲ့ဖူးကြတယ်ကိုး။ စိတ်အရှိကို ဖုံးဖိပြီး စကားဆိုကြမှာပါ။ သူတိုနဲ့ ဆက်စပ်တဲ့ ဇီနိုဖိုဘီးယား (Xenophobia) ဆိုတဲ့စကားလုံး တလုံးကို စဉ်းစားမိလာပါတယ်။ မြန်မာလို အလွယ်ပြောရရင် ‘နိုင်ငံခြားသား ကြောက်တဲ့ ရောဂါ’ ပေါ့။ Xenophobe ဆိုတာ ကတော့ အဲ့သည့်ရောဂါ ရနေသူတွေ။ တိတိကျကျ ပြောရရင်တော့ အပြင်က မို့လို့၊ သူစိမ်းမို့လို့ ဆိုပြီး ကိုယ်နဲ့ မရင်းနှီးတဲ့ အရာတွေကို ကြောက်တာ။ ကြောက်ပုံ ကြောက်နည်းကလည်း အမျိုးမျိုး ရှိနေပြန်တယ်။

သူစိမ်းတွေကြောင့် ငါတို့ ရှိရင်းစွဲ အမှတ်သရုပ် (Identity) ပျောက်သွားလေမလား၊ ငါတို့ ဘာသာ သီးသန့်နေဖို့ လိုတယ်၊ ဒီလူတွေ ငါတို့နဲ့ ရောလို့ မဖြစ်ဘူးလို့ တွေးပြီး ရှင်းထုတ်ပစ်ချင်တာမျိုး။ တချို့ကျပြန်တော့ ကိုယ်မသိတဲ့ ယဉ်ကျေးမှု တခုကို ဘာမှ အထွေအထူး မစဉ်းစားနေတော့ပဲ ငါတို့နဲ့ မတူလို့ မကောင်းတဲ့ ယဉ်ကျေးမှုကြီး၊ အညစ်အထေး အပေအတေကြီး လုပ်ပစ်လိုက်ပြီး မကောင်းမြင်တော့တာ။ ဒါတွေက သူစိမ်းကြောက်သူတယောက်ရဲ့ မြင်သာတဲ့ လက္ခဏာအချို့ပါ။ တခုရှိတက အဖြူဆိုရင်တော့ နည်းနည်း လန့်တဲ့သဘော၊ ကြောက်ရွံ့တဲ့ သဘောကို ဖော်ပြကြပြီး၊ အမည်းဆိုရင်တော့ ခပ်နှိမ်နှိမ်ဆက်တဲ့ ပုံစံနဲ့ မကျေနပ်တဲ့ သဘောကို ဖော်ပြတတ်တဲ့ ယေဘုယျသဘော ရှိတတ်ပြန်ပါတယ်။

Xenophobe နဲ့ ဆက်စပ်ပြီး စိတ်ဝင်စားစရာ စကားလုံးတွေ ထပ်တွေ့ရသည်။ ချော်ဗနစ်စ်ဇင် (Chauvinism) မျက်ကန်းမျိုးချစ် တဲ့။ ငါတို့ လူမျိုးက အမြင့်မြတ်ဆုံး၊ ဘာလုပ်လုပ် ငါ့လူမျိုးဘက် လိုက်မယ်၊ ကောင်းခြင်း ဆိုးခြင်း မတွေး။ ပညာနှင့် မယှဉ်သော ချစ်ခြင်း။ အက်သနိုစင်ထရယ်စင် (Ethnocentrism) ကိုယ့်အုပ်စု ဗဟိုပြုတဲ့။ ကိုယ့် ဘာသာစကား၊ ကိုယ့်ယဉ်ကျေးမှုကသာ အခြားတပါးသော ဘာသာစကား၊ ယဉ်ကျေးမှုတွေထက် သာလွန် ကောင်းမွန်တယ်လို့ အယူထားကြခြင်းတွေပါ။ ဒါတွေဟာ တခုနဲ့တခု ဆက်စပ်နေပါသတဲ့။

လုပ်ငန်းခွင်ထဲက သူစိမ်းကြောက်သူများ

အလုပ်သဘောအရ နိုင်ငံခြားသား ပညာရှင် (ပညာရှင် အမည်ခံတွေလည်း ပါပါတယ်) တွေနဲ့ အလုပ်တွဲလုပ်ရတဲ့ အခါ လုပ်ငန်းခွင်ထဲမှာက သူ့စည်းသူ့ကမ်းနဲ့ ရှိပြီးသား၊ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် ဘယ်သူမှ ကြောက်နေစရာ မလိုတဲ့ လုပ်ငန်းခွင်မျိုး။ နိုင်ငံခြားသား တော်တော်များများလည်း အားလုံးကို တန်းတူရည်တူ ဆက်ဆံသည်။ သို့သော် ကိုရွှေမြန်မာများက တမူထူးသည်။ အများရှေ့မှာတော့ သခင်မျိုး လုပ်ချင်လုပ်မည်။ အမှန်တကယ် လုပ်ငန်းခွင်မှာ နဖူးတွေ့ ဒူးတွေ့ တွေ့ကြတဲ့အခါ နိုင်ငံခြားသား ပြောလိုက်ရင် အလိုလို ဦးညွှတ်ပြီးသား။ မေးခွန်း ပြန်မေးတာတွေ အထူးအထွေ လုပ်မနေ။ လိုတာထက် ပိုကူညီပေးလိုက်သည်။ ကြာလာတော့ သူလည်း လောကီသားပေးကိုး။ နောက်ပိုင်းလာတဲ့ နိုင်ငံခြားသားတွေ ဆိုရင် အကျင့်ပျက်ချင်လာပြီ။

သူတို့ကို ပြန်မပြောဘဲ အကုန်သိမ်းကြုံး လုပ်သူကို ပိုပြီး မျက်နှာသာ ပေးလာတတ်သည်။ တကယ်တော့ နှစ်ပေါင်း များစွာ ရှိနေခဲ့သည် အငုံ့စိတ်က ခေါင်းငုံ့ခံစေတော့တာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိကြတော့တာ။ ဘာသာစကား ချက်ကျလက်ကျ ပြန်မပြောတတ်တာလည်း ပါပေမပေ့ါ။ သို့သော် ငါးခုံးမ အပုပ်များက နေရာတိုင်းမှာ ရှိတတ်ကြတော့ တချို့က ကိုယ်ကျိုးအတွက် မျက်နှာလုပ်ကြတာ။ ဗိုလ်မြင်ရင် ငိုပြချင်တဲ့ လူတွေလည်း မနည်းမနော တွေ့ခဲ့ရ။ သူတို့ အတွက် “ဇီနိုဖားဘီးယား” လို့ စကားလုံးအသစ် တခု တီထွင်ပေးသင့်ကောင်းမယ် ထင်ပါတယ်။ နိုင်ငံခြားသား ဖားသူများဟု ကိုယ့်ဘာသာ အနက်ဖွင့်ပါတယ်။

မြန်မာ့သမိုင်းထဲက သူစိမ်းကြောက်

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာပြီး နောက်ပိုင်း ပုဂ္ဂလိက လုပ်ငန်းတွေ ပြည်သူပိုင်သိမ်း၊ နိုင်ငံခြားသား တွေကို ပညာရှင်တွေပါ မကျန်န် ပြန်လွှတ်။ အဲ့ဒီက စလို့ နိုင်ငံခြားသားဆိုရင် တွေ့ရခဲသည့် ရှားပါးပစ္စည်း ဖြစ်သွား ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံက လူတွေ။ တဖန် အတွင်းက လူလည်း အပြင်ကို ထွက်ခွင့် မရတော့။ သတင်းတွေကိုလည်း ဆင်ဆာနဲ့ စိစစ်လိုက်သေး။ ကိုယ့်ရေအိုင်ငယ်လေးထဲမှာပင် နေစေ။ အမြင်ကျဉ်း အသိကျဉ်း လာကာ နောက်ဆုံး၊ ကိုယ်မြင်နေရတဲ့ ကိုယ့်နေရာလေးဟာ လောကကြီးမှာ အသာယာဆုံး။ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံး။ သတင်းတွေ ကြားရင်တောင် သာမန်အများစုက နားမလည်နိုင်တော့တဲ့ အခြေအနေ။

နောက်ဆုံး လက်ရှိ လူလတ်ပိုင်း မျိုးဆက်အထိ တိုင်းတစ်ပါးသားများနှင့် အကူးအလူး အဆက်အဆံ နည်းခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ ကိုယ်မသိဖူး၊ မမြင်ဖူးတဲ့အရာကို နားမလည်နိုင်တော့။ သူတို့လည်း သူလိုကိုယ်လို လူတွေ ဆိုတာကို မမြင်တတ်တော့ ကြောက်စရာ အဖြစ်ပဲ လွယ်လွယ် မှတ်လိုက်ကြတော့တယ်။ တချိန်တည်မှာပဲ နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ စစ်အစိုးရ လက်ထက်မှာလည်း တိုင်းတပါးက အခုပဲ မြန်မာပြည်ကို အမဲဖျက်တော့မလို ပုံဖျက်ပြီး ခြောက်လှန့်ခဲ့ပြန်တော့ ပိုဆိုးသွားခဲ့တာပေါ့။ နိုင်ငံခြားသားဆိုလျှင် ငါတို့ ပြည်တွင်းရေး ဝင်ရှုပ်ချင်တဲ့သူတွေ။ ပြည်တွင်းရေးက ပေးတဲ့ ဇီနိုဖိုဘီးယား။

အမယ်ဘုတ်ရဲ့ ချည်ခင်

တိုင်းတပါးက လာတာကို မမြင်ဖူး၊ မဆက်ဆုံးဖူးလို့ ကြောက်တာ ကြောက်သင့်တာပေါ့လို့ သာသာထိုးထိုး တွေးပေးလို့ ရချင်ရဦးမယ်။ ဒါပေမယ့် မြန်မာပြည် အလယ်ပိုင်းမှ အသားညိုညို ပုပျပ်ပျပ် အညာသားတယောက်၊ တိုင်းရင်းသား ဒေသတခု ရောက်တော့ မျက်စိဒေါက်ထောက်ကြည့်တာ ခံရတဲ့အခါ၊ အပြင်လူအဖြစ် ထင်ထင်ရှားရှား အမြင်ခံရတဲ့ အခါမှာတော့ “ရှော့” ရတော့တာပဲ။ အရင်က ကိုယ်က သူများကို ကြောက်တာ။ လန့်တာ။ အခုက ကိုယ့်ကို ကြောက်တာ လန့်တာ။ တစိမ်းလူအဖြစ် အမြင်ခံရပြီး ဆက်ဆံခံရတာ။

ဖွ့ံဖြိုးတိုးတက်တဲ့ တိုင်းပြည်ဆိုတော့ တနေရာနဲ့ တနေရာ ကူးလူးဆက်ဆံရ ခက်ခဲတာရဲ့ ထင်ရှားတဲ့ လက္ခဏာများ လား။ သူစိမ်းကြောက်သူတွေရဲ့ အတွင်းဓာတ်ခံ သဘောက သူစိမ်းကြောက်တာ ဖြစ်သည့်အတွက် ကမ္ဘာနဲ့ ချီပြီး စဉ်းစားတဲ့အခါ အသားအရောင် မတူသူ နိုင်ငံခြားသားတွေကိုသာ အဓိကထား ပြေးမြင်ကြတတ်ပါတယ်။ တကယ်တမ်းက တခုခုကို ကြောက်ရွံ့တာ၊ ခွဲခြားမြင်တာတွေက ဒီမှာတင် ရပ်မနေပါ။ သူများကို ခွဲခြား မဆက်ဆံရရင် ကိုယ့်အချင်းချင်း ခွဲခြား ဆက်ဆံသည်။ ဟိုဘက်ရွာသား ဒီဘက်ရွာကို လာရင်၊ ဒီမြို့သား ဟိုတနယ်ကို သွားရင် မျက်စိဒေါက်ထောက် အကြည့်ခံရမယ်။

အခုလည်း ကိုယ်တိုင်ပင် ဗမာလူမျိုး၊ မြန်မာနိုင်ငံသားတဦး၊ ငါတို့ လူမျိုးတွေနဲ့ ဘယ်လို ဖြစ်တာလဲလို့ စဉ်းစားနေရင်း သူတို့ရဲ့ ဇီနိုဖိုးဘီးယားက ကိုယ့်ကို လာထိမှန်တော့တာပဲ။ ကိုယ်ထင်မြင် ယူဆခဲ့တဲ့ အဝေးက လူကိုမှ တစိမ်းအဖြစ် မြင်နေတာ မဟုတ်တော့ဘဲ အနီးကလူ (ကိုယ်က နီးချင်တာလည်း ဖြစ်မှာပေ့ါ) ကိုပင် တစိမ်းအသွင် မြင်ကာ စကားစိမ်းစိမ်းတွေနဲ့ အဆိုခံရလေတော့ ရင်နင့်ရတယ်။ ဒါဟာ မြန်မာတိုင်းရင်းသားတွေကြား ဇီနိုဖိုးဘီးယားရဲ့ အတွင်းလှိုက်စားခြင်း ပေါ့။

ကမ္ဘာကြီးမှာလည်း သူစိမ်းကြောက်သူတွေ
ဗြိတိန်

ကိုယ့်တိုင်းပြည် ဥခွံလေးထဲကနေ ကမ္ဘာကြီးဘက် ကြည့့်ပြန်တော့လည်း ကမ္ဘာကြီးမှာ သူစိမ်းကြောက်သူတွေ ပြည့်နှက် တင်းကြမ်းထလို့။ ဥရောပ အရှေ့ပိုင်းမှာ နိုင်ငံတချို့က ခြံစည်းရိုး အကြီးကြီးတွေ ကာတယ်။ တချို့ကတော့ ဝင်လာတဲ့လူတွေကို လက်ခံပါရဲ့။ သို့သော် ပြည်သူတွေက မကျေနပ်ချင်ကြ။ ဧည့်သည်တွေ များလာရင် အိမ်ရှင်ကို ထိခိုက်တယ်လို့ မြင်လာကြပြီ။ အဆိုးဆုံးကတော့ ဗြိတိန်။
နှစ်ပေါင်းများစွာ ဥရောပသား အချင်းချင်း ညီညီညွတ်ညွတ် ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ ဥရောပသမဂ္ဂ (EU) ကနေ ခွဲထွက်သည်။ အကြောင်းပြချက်ကလည်း ရယ်စရာကောင်း၏။ တခြား နိုင်ငံကလူတွေ သူတို့ဆီ (ဗီဇာမဲ့ လာလို့ရတော့) လာပြီး အခြေချကာ အလုပ်အကိုင်တွေ စီးပွားရေးတွေ လုပ်နေကြတော့၊ သူ့နိုင်ငံသားတွေ နေရာမရ၊ ဝေစုမရလို့တဲ့။ သူတို့ အခေါ် လက်ယာစွန်း စိတ်ဓာတ်တွေများ လာတာကြောင့်တဲ့။ သြော် … သူတို့လည်း သူစိမ်းကြောက်ကြ ပေသကိုး။ အပြင်လူကို ကြောက်ကြပေသကိုး။

အမေရိကန်

နောက်တယောက်ကတော့ လက်ရှိ ဟော့နေတယ်လို့ ပြောရင်ရမယ့် အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရန့်ရဲ့ စကားတချို့ပါ။ အမေရိကကို မက္ကဆီကိုနဲ့ တံတိုင်းခြားပစ်ရမယ်။ အပြင်က ဝင်လာတဲ့ သူတွေကို လက်မခံတော့ဘဲ တင်းကျပ်ပစ်ရမယ်။ သူကတော့ အကြမ်းဖက်မှုတွေနဲ့ သက်သေထူပါတယ်။ အပြင်ကလူတွေ ဝင်ရောက်လာ၊ ကိုယ့်ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ လုပ်ကြတယ်ပေါ့။
ဒါကြောင့်ထင်ပါရဲ့ အခု အမေရိကမှာလည်း အကြမ်းဖက်မှုတွေ၊ သေနတ်ပစ်မှုတွေ တခုပြီးတခု၊ ဖြစ်လိုက်တိုင်းလည်း မီဒီယာတွေက စကားလုံးအသစ် သုံးလာတာကို သတိထားမိတယ်။ မီဒီယာတွေက ဒေါ်နယ်ထရန့်ရဲ့ အမြင်ကို ချေဖျက်ချင်ကြပုံရတယ်။ home grow terrorism တဲ့။ “အိမ်တွင်းဖြစ် အကြမ်းဖက်မှုတွေ”ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အကြမ်းဖက်မှု အများစုက အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်က လုပ်ကြလို့ပဲ တဲ့။ နယ်နိမိတ် တံတိုင်းတွေကို ဖြိုချဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ အမေရိကန်ကြီးလည်း အခုတော့ တိုးပွားလာတဲ့ သူစိမ်းကြောက်သူတွေကြားမှာ ဗျာများနေလေရဲ့။

ဂျာမနီ

ဂျာမနီက လူတွေက သမိုင်းမှာ လူမျိုးရေးခွဲခြား၊ တိုင်းတပါးသားတွေကို မုန်းတီးတဲ့နေရာမှာ ကမ္ဘာကျော်ခဲ့တာပေ့ါ။ Holocaust လို့ ခေါ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုတောင် ဖြစ်ပေါ်စေခဲ့တယ်။ အကြောင်းရင်းက ငါတို့က သူတို့ထက် မြင့်မြတ်တဲ့ လူမျိုး။ သူတို့ မုန်းတီးတဲ့ လူမျိုးတွေ မရှိသင့်ဘူးလို့ ယုံကြည်ကြပြီး သုတ်သင်ကြတာ ဖြစ်သတဲ့။ ဒုတိယ ကမ္ဘာစစ် မတိုင်ခင် ကာလများမှာ နိုင်ငံရေး အခြေအနေကလည်း မခံချင်စိတ်တွေ ပြည့်လျှမ်းနေခဲ့ပြီး အားယူကာ ရန်ထောင်ချင်နေတဲ့ အချိန်ကိုး။ လွယ်လွယ်နဲ့ အများကြိုက်တဲ့ အမျိုးသားရေး နာမည်ခံ ရှေ့တန်းတင်ခဲ့တဲ့ ဟစ်တလာ ဆိုတဲ့ မျိုးချစ်ဝါဒီ တဦး အာဏာ ရလာခဲ့တယ်။ ဟစ်တလာဟာ အမျိုးချစ်ကြောင်း ပြလိုက်တာ ကမ္ဘာကြီးဟာ ကပ်ဘေးကို သင့်လေရောပဲ။

ကျနော့် အနေနဲ့ကတေ့ အမျိုးချစ်တာကို အပြစ် မမြင်ရဲပါဘူး။ ကိုယ်လည်း ချစ်ကြောင်း ပြချင်တာကိုး။ ဒါပေမယ့် ကိုယ့်အမျိုးကို ချစ်တဲ့ကြောင်း ပြဖို့အတွက် တခြားတပါးသော လူမျိုးများကို မုန်းပြခြင်း၊ နှိမ်ခြင်း၊ ငါတို့လောက် မမြင့်မြတ်ဟု ယူဆခြင်းကိုတော့ လက်မခံနိုင်ပါ။ စစ်ရှုံးပြီးတဲ့နောက် ဂျာမာန်တွေ သင်ခန်းစာ ရသွားကြပုံရတယ်။ စာချုပ် အမျိုးမျိုးနဲ့လည်း ချုပ်ချယ်ခံလိုက်ရ ပြန်တော့ စီပွားရေးပဲ ဇောင်းပေးလုပ်ရင်းနဲ့ ထိပ်ဆုံးကို ပြန်ရောက်လာ တယ်။

အရင်အချိုးမျိုး မချိုးမိဖို့ ခေါင်းဆောင်လုပ်သူများ ကြံဆ လုပ်ကိုင်ကြပါတယ်။ လူသားချင်း စာနာမှု အရှိဆုံး တိုင်းပြည် ဖြစ်ဖို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေကို အလုံးအရင်းနဲ့ လက်ခံပေးခဲ့ပါတယ်။ အဲ့ဒီမှာတင် ချိုးနှိမ်ထားရတဲ့ အမျိုးသားရေး အငုံစိတ်က ပြန်ပေါ်လာပုံရတယ်။ အပြင်လူတွေ လက်မခံဖို့ ပြောလာတယ်။ ဆန္ဒပြကြတယ်။ အဲ့သလို ကြွေးကြော်တဲ့ ပါတီတွေ ထောက်ခံမှု ပိုရလာတယ်လို့ စစ်တမ်းတွေက ဖော်ပြကြပြန်တယ်။ အခု နောက်ဆုံး အပြင်လူတွေ နေတဲ့နေရာတွေကိုပါ အကြမ်းဖက်လာတာ တစွန်းတစ ကြားလာရပြီ။
ဒါပေမယ့် အချိန်ထိတော့ လူနည်းစုပဲ ရှိပါသေးသည်။ မထိန်းနိုင်ရင် လူများစု မဖြစ်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ သြော် … စဉ်စားမိသည်။ သူတို့လည်း လူစိမ်းကြောက်ကြတာကိုး Xenophobia အတွေးတွေ မပျောက်နိုင် သေးဘူးကိုး။

ဒါပေမယ့်ပေါ့လေ၊ သူတို့ ကမ္ဘာမှာက အစွန်း မရောက်စေဖို့၊ အစွန်းရောက်တွေကို ပြုတ်မကျစေဖို့ ပြန်လည် ထိန်းကျောင်းတဲ့ ယန္တယားကြီးက ကောင်းတယ်။ လူအချင်းချင်း ထိန်း၊ ဥပဒေနဲ့ ထိန်း၊ တယောက်ချင်းရဲ့ ဆင်ခြင်ဉာဏ် ပညာနဲ့ ထိန်း၊ ပညာရေး စနစ်ကောင်းကောင်းနဲ့ ထိန်း၊ တရားဥပဒေ စိုးမိုးမှုနဲ့ ထိန်းကြပါတယ်။ သနားစဖွယ် ပျိုနုသစ်စ ဒီမိုကရက်တစ် မြန်မာအတွက်ကား လုံလောက်သော ပညာအဆင်အခြင်၊ ထိရောက်သော အထိန်းအကွပ်တို့ ရှိမှရှိပါလေစ။

(လင်းငယ်သည် ဆရာဝန်တဦးဖြစ်သည်။)

Loading