၂၀၁၅ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အပြောင်းအလဲအတွက် ကတိပြုခဲ့သည့်အတွက် ကချင်တိုင်းရင်းသား အများစုက NLD ပါတီကို ထောက်ခံမဲ ပေးခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့နှင့် အတူ ရပ်တည်၍ စစ်အာဏာရှင်ခေတ် ဆယ်စုနှစ်များစွာအတွင်း ခံစားခဲ့ရသည့် လူမှုရေးနှင့် နိုင်ငံရေး ခွဲခြားဆက်ဆံမှုများကို သူတို့ကိုယ်စား ဆန့်ကျင် ပြောဆိုပေးလိမ့်မည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။
၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံနောက်ပိုင်း စက်တင်ဘာလဆန်းပိုင်းတွင် မြန်မာတပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA) တို့ကြားတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး တပ်မတော်က KIA ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အစိုးရနှင့် KIA တို့ကြားတွင် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သော်လည်း မြန်မာတပ်မတော်က နိုင်ငံရေးဆွေးနွေးမှု အကောင်အထည်ဖော်ခဲ့ခြင်း မရှိရုံသာမက အငြင်းပွားဖွယ်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) တွင် KIA က လက်မှတ်ထိုးရန်အတွက် တိုက်ခိုက်မှုများကို ပြုလုပ်၍ စစ်ရေးကို ဖိအားအနေဖြင့် အသုံးချနေသည့် အသွင်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက် နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း ပူဝမ် ကျေးရွာတွင် လက်နက်ကြီး ထိမှန်ပြီး အသက် ၂ နှစ် အရွယ် ကချင် ကလေးငယ် မဇုန်းမျှော် သေဆုံးခဲ့ရသလို အခြားကလေးငယ် ၂ ဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး နောက်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေက နဂိုထက် ပိုမိုဆိုးရွားလာ ခဲ့သည်။ ဝမ်းနည်းစရာ အကြောင်းက လွတ်လပ်သော မီဒီယာများမှ တဆင့် ပျံ့နှံ့သွားခဲ့ပြီး တိုင်းပြည်ခေါင်းဆောင်ပိုင်းက နှုတ်ဆိတ်နေခြင်းအပေါ် လူထုက စိတ်ပျက် ဒေါသဖြစ်ခဲ့ကြသလို တပ်မတော်၏ ထိုးစစ်ကို ဝေဖန်ပြစ်တင်ရန် ကချင်ပြည်သူလူထုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုခဲ့ကြသည်။
၂၀၁၂ ခုနှစ်က လန်ဒန်မြို့၌ ပြုလုပ်သော ဆွေးနွေးပွဲတခုတွင် ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့် အတွက်ကြောင့် မြန်မာ့တပ်မတော်ကို ဝေဖန်ပြစ်တင်ရန် တွန့်ဆုတ်နေရသနည်းဟု မေးသည့်အခါ သူက အကြမ်းဖက်မှုအားလုံးကို ပြစ်တင်ရှုတ်ချကြောင်း တုန့်ပြန်ခဲ့သည်။ ထို့အပြင် ပဋိပက္ခ ဖြေရှင်းရေးဆိုသည်မှာ ပြစ်တင်ဝေဖန်ရေး မဟုတ်ဘဲ ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေခြင်း ဖြစ်ကြောင်းလည်း ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က လွတ်လပ်သောကော်မရှင်များမှ တဆင့် ရှာဖွေတွေ့ရှိသော အဖြေနှင့် ဖြေရှင်းချက်များသာလျှင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေခဲ့သော စစ်ပွဲများ၏ အကြောင်းရင်းကို ပိုမိုကောင်းမွန်စွာ နားလည်စေနိုင်မည်ဟု ဆိုခဲ့သော်လည်း လွတ်လပ်သော ကော်မရှင်များ ဖြစ်သည့် Human Rights Watch နှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှု အသိုင်းအဝိုင်း အခြေပြု အဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ခဲ့ကြသော ပဋိပက္ခကို အရင်းခံသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရားဝင်ထုတ်ပြန်ချက် တခု သို့မဟုတ် အရေးယူ ဆောင်ရွက်မှု တစုံတရာကိုမှ ပြုလုပ်ခဲ့ခြင်း မရှိသေးပါ။
အဆိုပါ မတရားမှုများထဲတွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က မိခင်အမျိုးသမီးငယ် တဦး ဖြစ်သည့် ဆွမ်လွတ်ရွယ်ဂျာလညး် အပါအဝင် ဖြစ်သည်။ သူ့ကို ကချင်ပြည်နယ် မူဘန်ဒေသ အနီးတွင် မြန်မာ့ တပ်မတော်က တရားလက်လွတ် ဖမ်းဆီးခဲ့ခြင်းပြီး ဆွမ်လွတ်ရွယ်ဂျာ ပျောက်ဆုံးသွားခဲ့သည်။ ကချင် လယ်သမား ၂ ဦးဖြစ်သည့် ဘရန်ရွန်နှင့် လဖိုင်ဂမ် တို့ကိုလည်း ၂၀၁၂ ခုနှစ် ဇွန်လတွင် စစ်တပ်က ဖမ်းဆီးပြီးနောက် နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့သလို ဖိအားပေး၍ တယောက်ကို တယောက် လိင်မှုကိစ္စ ကျူးလွန်ခိုင်းခဲ့သည်ဟုလည်း သိရသည်။ ဘရန်ရွန်က အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော်လည်း လဖိုင်ဂမ်မှာ ခိုင်လုံသော သက်သေအထောက်အထား သို့မဟုတ် မျက်မြင်သက်သေ ထွက်ဆိုချက် မရှိသော်လည်း KIA နှင့် တရားမဝင် ဆက်သွယ်မှုရှိသည်ဆိုသော စွပ်စွဲချက် ဖြင့် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ကချင်တိုင်းရင်းသူ စေတနာ့ ဝန်ထမ်းဆရာမများဖြစ်သည့် ခေါင်နန်စင်နှင့် မရန်လုရာ တို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာတွင် ရက်စက်စွာ မတရားပြုကျင့်ပြီး သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။ အဆိုပါဒေသတဝိုက်တွင် တပ်စွဲထားသည့် မြန်မာ့တပ်မတော်မှ တပ်သားများ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ယူဆ ကြသည်။ ဖော်ပြပါ ကိစ္စများသည် တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများတွင် အစိုးရတပ်များက ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများ အတွက် ကင်းလွတ်ခွင့် ရှိနေခြင်းကို မှတ်တမ်းတင်ထားသည့် အချက်များထဲမှ အချို့ ဖြစ်သည်။
ဤကဲ့သို ့သော တပ်မတော်ကို ၂၀၁၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က သဘောကျ နှစ်ချိုက်ကြောင်း နှင့့် ဤတပ်မတော် အဖွဲ့ အစည်းမှာလည်း သူမ၏ မဖခင် ဗို်လ်ချုပ်အောင်ဆန်း၏ တပ်မတော် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။
မြန်မာ့တပ်မတော်၏ ရက်စက်ကြမ်းတမ်းမှုများကို ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် အကြောင်းများကို လက်တွေ့ကြားသိ ခဲ့ရသော တိုင်းရင်းသူ အမျိုးသမီးတယောက် အနေဖြင့် အဆိုပါ မှတ်ချက်များက ကျမတို့၏ အနာကို ဆားဖြင့်ပွတ်သလို ခံစားရပါသည်။
ရွေးကောက်ပွဲတွင် အပြောင်းအလဲအတွက် သတင်းစကား ပေးခဲ့သော်လည်း အစိုးရသစ်၏ သက်တမ်း ၆ လကျော်သည့် အချိန်အထိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်သူများအကြား အလှမ်းဝေး၍ ကိုယ်စားလှယ်များကို ချဉ်းကပ်ရန်လည်း မလွယ်ကူသည့် အသွင်ရှိနေသည်။ အောက်ခြေ အသိုင်းအဝိုင်းနှင့် အစည်းအဝေးများတွင် အခြားနိုင်ငံရေး ပါတီငယ်များမှ အဖွဲ့ဝင်များက ပုံမှန် တက်ရောက်လေ့ရှိကြသော်လည်း NLD လွှတ်တော်ကိုယ်စားလှယ်များက အစည်းအဝေး တက်ရောက်ရန်ကိုပင် ပျက်ကွက်လေ့ရှိကြသည်ဟု ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားရှိ ဒေသခံ NGO များမှ ကိုယ်စားလှယ်များက ပြောကြသည်။ NLD လွှတ်တော်ကိုယ်စားလှယ်များက သူတို့အနေဖြင့် အဆိုပါ အခန်းအနားများသို့ တက်ရောက်ရန် သူတို့၏ ပါတီ ရုံးချုပ်မှ ခွင့်ပြုချက်ကို စောင့်ဆိုင်းရန် လိုအပ်သောကြောင့် ဖြစ်သည်ဟု ပြောကြကြောင်းလည်း သိရသည်။
လွှတ်တော်တွင် ပြည်သူလူထု၏ စိုးရိမ်မှုများနှင့် အရေးကိစ္စများကို ကိုယ်စားပြု၍ တင်ပြပေးရန် တာဝန်ရှိသည့် ကိုယ်စားလှယ်များက မိမိတို့တာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်နေသည်မှာ စိုးရိမ်စရာ ဖြစ်ပါသည်။
အောက်တိုဘာလ ၄ ရက်နေ့က NLD ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အမှုဆောင် အဖွဲ့ဝင်များ ကြား ကျင်းပသည့် လစဉ် အစည်းအဝေးတွင် အမှုဆောင် အဖွဲ့ဝင်များထံမှ ပါတီဝင်များ အမတ်များအနေဖြင့် NLD ဦးဆောင်မှု၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု ယူဆရသည့် ခက်ခဲသော မေးခွန်းများကို လွှတ်တော် အစည်းအဝေးများတွင် မမေးရန် တောင်းဆိုခဲ့သည်။
ဥပဒေပြုလွှတ်တော်တွင် ဆွေးနွေးသည့် ကိစ္စများသည် အစိုးရ အဆင်ပြေရေး ကြည့်ကောင်းရေး တို ့ အပေါ်တွင် အခြေခံရန် မဟုတ်ဘဲ မဲဆန္ဒရှင်များ ရင်ဆိုင်နေရသည့် ကိစ္စများအပေါ်တွင် အဖြေရှာရေးသာ ဖြစ်ရပါမည်။ လွှတ်တော် ကိုယ်စားလှယ်များက သူတို့ ကိုယ်စားပြုရမည့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို တင်ပြနိုင်ခြင်း မရှိမှုသည် မဲပေးခဲ့သော ပြည်သူများကို ပေးခဲ့သော ကတိပျက်ကွက်ခြင်းပင် ဖြစ်သည်။
အကယ်၍ NLD က ပေးခဲ့သော ကတိဖြစ်သည့် စစ်မှန်သော အပြောင်းအလဲနှင် ့မျှတစွာ ကိုယ်စားပြုရေးကို ဖြည့်ဆည်းပေးလိုလျှင် NLD ကိုယ်စားလှယ်များနှင့် ပြည်သူများ အကြား ဆက်သွယ်ရေး လမ်းကြောင်းများ ပိုမို ပွင့်လင်းရမည်။ ထို့ပြင် သူတို့၏ ကိုယ်စားလှယ်များကိုလည်း ပိုမို လွတ်လပ်စွာ ပြောဆိုခွင့် ပေးရမည် ဖြစ်သည်။ အတိုက်အခံခေါင်းဆောင် အနေဖြင့် ဆယ်စုနှစ် ၂ ခုကျော် နေခဲ့သော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါ မေးမြန်း ထောက်ပြမှုများ၏ အရေးပါမှုကို နားလည်လိမ့်မည်ဟု မျှော်လင့်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ ပုံရိပ်တခု ဖြစ်သော်လည်း မဲဆန္ဒရှင် ပြည်သူများ၏ ဘဝလုံခြုံ ကောင်းစားရေးအတွက် ဆွေးနွေးချက်များတွင် သူနှင့် NLD ကို ဝေဖန် ဆွေးနွေးရမည်ဖြစ်သည်။ ဤကဲ့သို ့ ဝေဖန်ပြောဆိုဆွေးနွေးမှုများကို မရပ်တန့် စေသင့်ပါ။ အဘယ့်ကြောင့်ဆိုသော် အာဏာနှင့် ပတ်သက်၍ အပြန်အလှန် ထိန်းကျောင်းခြင်းများက ဒီမိုကရေစီ ဖော်ဆောင်ရေး၏ အရေးအပါဆုံးသော သင်္ကေတများထဲမှ တခု ဖြစ်ပါသည်။
အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထု ကြားတွင် အပြန်အလှန် ဆက်သွယ်မှု ပြတ်တောက်နေသည် ဟုသာ ခံစားရခြင်း မဟုတ်ဘဲ အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သောသူများကြားတွင်လည်း ဖြစ်ပေါ်နေသည်ကို တွေ ့ရသည်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) ခေါင်းဆောင် ခူဦးရယ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နောက်ဆုံး ဆုံးဖြတ်ချက် မချမှတ်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါသင့်သော ဘက်အားလုံးနှင့် ညှိနှိုင်းဆွေးနွေးရန် အရေးကြီးကြောင်း ပြောသည်။ ညှိနှိုင်းဆွေးနွေးမှုများ၏ အဆင့်တိုင်းကို ဆွေးနွေး၍ပင် မပြီးပြတ်သေးမီပင် ဒေါ်အောင်ဆန်းစုကြည်က ကြိုတင် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်နေမည်ကို စိုးရိမ်သည်ဟုလည်း သူက ဆိုသည်။
အကယ်၍ ပဋိပက္ခကို အောင်မြင်စွာ အဆုံးသတ် ဖြေရှင်းလိုပါက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်နှင့် ပတ်သက်၍ သူ ကြိုးပမ်း ဆောင်ရွက်ခဲ့သကဲ့သို့ပင် မျှတမှုကို ရှေးရှု၍ UNFC အတွင်းမှ အဖွဲ့အစည်းများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်လည်း တန်းတူညီမျှသော ဆက်သွယ်မှုကို အားထုတ်ကြိုးပမ်းမှု ပြုလုပ်ရန် လိုအပ်သည်။
ပြီးခဲ့သည့် အပတ်က စ၍ ကချင်ပြည်နယ်တလွှားမှ ထောင်နှင့် ချီသောပြည်သူများက ကချင်ပြည်နယ်၏ မြို့တော်ရှိ မနောကွင်းနှင့် လမ်းများပေါ်တွင် တပ်မတော်၏ တိုက်ခိုက်မှုနှင့် လက်နက်ကြီးများ မဆင်မခြင် သုံးစွဲမှုတို့ကို ဝေဖန် ကန့်ကွက်ခဲ့ကြသည်။ ဤ ဆန္ဒထုတ်ဖော်မှုများမှာ လက်နက်ကြီးကြောင့်သေဆုံးခဲ့သော ကလေးငယ်နှင့် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော မြန်မာ့တပ်မတော်၏ ကြီးမားသော စစ်ဆင်ရေးများ အပေါ် အစိုးရ၏ နှုတ်ဆိတ် ငြိမ်သက်နေခြင်းကို ဒေသခံများက မည်မျှ စိတ်ပျက်နေကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က မလုံခြုံမှုများနှင့် လူမျိုးရေး ခွဲခြားမှုများ ရင်ဆိုင်နေရသည့် အခြေအနေကို ဖြေရှင်းပေးလိမ့်မည်ဟု ပြည်သူများက ကြီးမားစွာ၊ ကာလကြာရှည်စွာ မျှော်လင့်ထားခဲ့ကြပါသည်။
မြန်မာနိုင်ငံ တလွှားတွင်လည်း တိုင်းရင်းသားဒေသများတွင် မြန်မာ့တပ်မတော်က တိုက်ခိုက်နေမှုများကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရက ပြစ်တင်ရှုံ့ချရန် တောင်းဆိုနေကြသည်။ ခြိမ်းခြောက်မှုအောက်တွင် ရှိနေသာ ကချင်နှင့် အခြား တိုင်းရင်းသားလူမျိုးများက ဒေါ်အောင်ဆန်းစုကြည်က သူတို့ နှင့်အတူ ရပ်တည်ပေးလိမ့်မည်ဟု မျှော်လင့်နေကြဆဲ ဖြစ်ပါသည်။
အမေရိကန် နိုင်ငံသား လူ့အခွင့်အရေး ခေါင်းဆောင် ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာက “နောက်ဆုံးမှာ ကျနော်တို့ အမှတ်ရနေမှာက ရန်သူ့ စကားလုံးတွေ မဟုတ်ဘဲ၊ ကျနော်တို့ မိတ်ဆွေရဲ့ နှုတ်ပိတ် ငြိမ်သက်မှု ကိုပါ” ဟု တခါက ပြောခဲ့ဖူးပါသည်။
(Stella Naw သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖက်ဒရယ် စနစ်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေသူတဦး ဖြစ်ပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကို အလေးပေး ဆောင်ရွက် နေသူလည်း ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော When Silence Hurts More Than a Bullet ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)