ကျမတို့ဟာ အသက်ရှင်ဖို့အတွက် လက်ဆတ်တဲ့လေကို ရှူရှိုက်ခွင့်ရဖို့ လိုပါတယ်။ ရှူသွင်းလိုက်တဲ့ လေဟာ ဘယ်လောက်အထိ သန့်ရှင်းသလဲဆိုတာ မေးခွန်းထုတ်ကြည့်ရမှာပါ။ ဘာလို့လဲဆိုတော့ ကျမတို့နိုင်ငံရဲ့ လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေလို့ပါပဲ။
မြို့ပြမှာရော၊ ကျေးလက်ဒေသ တွေမှာပါ ဆယ်စုနှစ်တွေအတွင်း လေထုညစ်ညမ်းမှုက သိသိသာသာ ပိုများလာနေပါတယ်။ ကားတင်သွင်းတဲ့ မူဝါဒကို ဖြေလျှော့လိုက်ပြီးတဲ့နောက် ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ ကားတွေ အဆမတန် များလာခဲ့ပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးက ယာဉ်ကြော ပိတ်ဆို့မှုနဲ့အတူ ကားတွေကနေ ထုတ်လွှင့်လိုက်တဲ့ ကာဗွန်မိုနော့ဆိုဒ်၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့တွေကြောင့် လေထုညစ်ညမ်းမှု ပိုဖြစ်လာခဲ့တာပါပဲ။
ရန်ကုန်မှာ လေထုညစ်ညမ်းမှုဟာ ဘယ်သူပို့ဆောင်ရေးစနစ်၊ တိုက်ခန်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှု၊ စက်ရုံ၊ အလုပ်ရုံ အရေအတွက်တွေနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် ကန်ထရိုက် တိုက်ခန်းတွေမှာ လေဝင်လေထွက် ည့ံဖျင်းလှသလို လတ်ဆတ်တဲ့ လေရှူခွင့်ရဖို့ မလွယ်ကူပါဘူး။
တိုက်ခန်းတွေထဲကို ဝင်ရောက်လာတဲ့ လေထဲမှာ အသက်ရှူလမ်းကြောင်း ရောဂါ ဖြစ်ပွားနိုင်တဲ့ အမှုန်တွေ ပါဝင်နေပါတယ်။ အိမ်တွင်း လေထု မသန့်ရှင်းမှုတွေထဲမှာ အမွှေးတိုင်ထွန်းခြင်း၊ မီးသွေးမီးဖို အသုံးပြုခြင်း၊ ခြင််ဆေးခွေ သုံးခြင်းတွေက အဓိက အကြောင်းရင်းအနေနဲ့ ပါဝင်နေပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ဖားကန့်ကျောက်စိမ်း တူးဖော်ရေး တို့ကနေ ထွက်လာတဲ့ အမှုန်တွေမှာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ PM 10 တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ လေထုထဲမှာ ရှိနေတဲ့ သေးငယ်တဲ့ အမှုန်တွေကို PM 2.5 လို့ခေါ်ပြီး ကြီးမားတဲ့ အမှုန်တွေကို ဖုန်မှုန့်၊ အမှုန် Particulate Matter ကိုပြောတာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ စက်တင်ဘာလကုန်က ထုတ်ပြန်လိုက်တဲ့ “ကမ္ဘာလုံးဆိုင်ရာ လေထုညစ်ညမ်းမှု နှင့် ရောဂါဘယ အကဲဖြတ်ချက် အစီရင်ခံစာ” မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အများဆုံး နိုင်ငံတွေထဲ နံပါတ် ၁၇ ချိတ်တာ တွေ့ရပါတယ်။
ဒီတွေ့ရှိချက်နဲ့ ပတ်သက်ပြီး ဆက်စပ်ပြောရရင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ထုတ် “မြန်မာ့အလင်း” သတင်းစာမှာ လေထုညစ်ညမ်းမှု နဲ့ ဆက်နွယ်တဲ့ သတင်းတပုဒ်ပါရှိပါတယ်။ “၂၀၁၂ ခုနှစ် မေလအတွင်း သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီမြို့နယ်များတွင် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှုကို သုတေသနပြု တိုင်းတာခဲ့ရာ သာကေတမြို့ နယ်တွင် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှု အတိုင်းအဆ အများပြားဆုံး ဖြစ်နေသည်ကို တွေ့ရှိရကြောင်း” ဆိုတဲ့ သတင်းပါ။
ဒါကြောင့် ၂၀၁၂ ခုနှစ်ကနေ အခု ၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်ရဲ့ လေထုညစ်ညမ်းမှု မြင့်မားလာနေပြီဆိုတာ ငြင်းမရတဲ့ အချက်တခု ဖြစ်ပါတယ်။
Particulate Matters လို့ခေါ်တဲ့ အမှုန်တွေဟာ ဆံချည်မျှင်ထက်တောင် သေးငယ်ပြီး လေထုထဲမှာ အကန့်အသတ် မရှိ ပျံ့နှံ့နိုင်တာမို့ ဘယ်လောက် အန္တရာယ်များလဲ မှန်းဆကြည့်နိုင်ပါတယ်။
ရန်ကုန်မြို့မှာ အသက်ရှူဖို့ အန္တရာယ်ကင်းတဲ့ သန့်စင်လေထုဟာ WHO ရဲ့ အစီရင်ခံစာအရ ၁၄ ရာခိုင်နှုန်းကျော်ပဲ ရှိလို့ ကျန်းမာရေးအတွက် ထိတ်လန့်အ့ံသြစရာပါ။ PM အမှုန်တွေဟာ အသက်ရှူလမ်းကြောင်း ကနေတဆင့် လူသားတွေရဲ့ အဆုတ်ထဲကို ဝင်ရောက်သွားတဲ့အခါ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာတွေ ဖြစ်ပွားနိုင်ပါတယ်။
ကားတွေကနေ ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ပါဝင်မှု ၀ ဒသမ ၀၃ ရာခိုင်နှုန်းထက် များနေရင်တောင် အသက်ရှူ လမ်းကြောင်း ရောဂါတွေသာမက ခနွာကိုယ်အတွင်းက သွေးသန့်စင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါ့အပြင် ကာဗွန်ဒိုင်နော့ဆိုက် ဓာတ်ငွေ့ပါတဲ့လေကို ရှူမိရင် အသက်ရှူမဝ ဖြစ်စေနိုင်ရုံသာမက ထုထည်များလာရင် အသက်ရှုရပ်ပြီး ရုတ်တရက် သေစေနိုင်တဲ့အထိ ဆိုးကျိုးက ပြင်းထန်ပါတယ်။
တဖက်က စဉ်းစားကြည့်ရင် လေထုညစ်ညမ်းမှုကို တိတိကျကျ တိုင်းတာနိုင်တဲ့ စက်တွေကို နိုင်ငံရဲ့ နေရာအနှံ့မှာ မတပ်ဆင်နိုင်သေးပါဘူး။ အထူးသဖြင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်ခြေ မြင့်မားတဲ့စီမံကိန်း တည်ရှိရာ ဒေသတွေမှာ အဲဒီလိုစက်တွေ ထားရှိသင့်ပါတယ်။ လေထုထဲမှာ PM2.5 နဲ့ PM 10 ပါဝင်မှု ပမာဏကို အများပြည်သူ သိရှိအောင် အနည်း ဆုံး ၃ လတကြိမ် ထုတ်ပြန်ပေးသင့်ပါတယ်။
မျက်မြင်တွေ့ရတဲ့ အခြေအနေတွေပေါ် မူတည်ပြီးပြောရမယ်ဆိုရင် သိပ်မကြာမီက ဆောက်လုပ်ပြီးစီးသွားတဲ့ Sule Square ဟိုတယ် ဆောက်လုပ်နေစဉ်က ဘေးပတ်ဝန်းကျင်မှာ ဘိလပ်မြေအမှုန်တွေ ပျံ့လွင့်တာ ကြုံခဲ့ဖူးပါတယ်။ အဲဒီနား တဝိုက်ကနေ ဖြတ်လျှောက်မိရင်ကို အမှုန်တွေကြောင့် အသက်ရှူ ကျပ်လာရပါတယ်။ ၃၂ လမ်းမှာ ရပ်ထားတဲ့ ကားတွေမှာဆိုရင် ဘိလပ်မြေအမှုန်တွေ ကပ်ငြိနေတာ တွေ့ရပါတယ်။
ကျမရဲ့မိတ်ဆွေ ထုတ်ဝေသူတယောက်က ကားမှန်တံခါးကို အမြဲပိတ်ထားရပါသတဲ့။ တရက်က ကားမှန်ကိုချပြီး အိမ်ပြန် တဲ့အခါ ဆောက်လုပ်ရေး လုပ်ငန်းခွင်က ထွက်လာတဲ့ ဆီနံ့က အကျႌမှာတောင် စွဲနေလို့ လေထုညစ်ညမ်းမှု ဘယ်လောက် ဖြစ်သလဲ စဉ်းစားသာကြည့်ပါတော့လို့ ဆိုပါတယ်။
လေထုညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲ ရောဂါတွေဟာ လူ့အသက်ကိုပါ အန္တရာယ်ပြုနိုင်တာ မေ့မထားသင့်ပါဘူး။ လေထုကို မရှူဘဲ ဘယ်သူမှ အသက်မရှင်နိုင်သလို ပြင်ပက ဝင်ရောက််လာတဲ့ မသန့်စင်တဲ့လေကို ကာကွယ်နိုင်ဖို့ တိုက်ခန်းမှာ လေအေးပေးစက် အသုံးပြုနိုင်တာက လူနည်းစုပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ ကားတွေ၊ စက်ရုံ၊ အလုပ်ရုံတွေက ထွက်လာတဲ့ အမှုန်တွေရဲ့ ဆိုးကျိုးကို လူထုသိအောင် လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ ရင်းမြစ်တွေ လျှော့ချနိုင်ဖို့အတွက်ပါ ကြိုးစားသွားရမှာပါ။
မြန်မာနိုင်ငံမှာ တနှစ် လူပေါင်း နှစ်သောင်းကျော်ဟာ လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် သေဆုံးနေရ တယ်လို့ WHO အစီရင်ခံစာက ထောက်ပြပါတယ်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ခွင့်ကို လုံးဝပိတ်ပင်သင့်ပါတယ်။ ဒါတင်မကသေး ပါဘူး၊ သစ်တော ပြုန်းတီးမှုကို ကုစားဖို့ နည်းလမ်းရှာဖွေသင့်သလို သစ်တောသစ်ပင်တွေ ပြန်လည် ပျိုးထောင်နိုင်ပါမှ လေထုညစ်ညမ်းမှုကို တဖက်တလမ်းက လျှော့ချနိုင်မှာပါ။
ပြာလွင်တဲ့ မိုးကောင်းကင်ကြီးအောက်မှာ စိမ်းစိုနေတဲ့ သစ်ပင်တွေနဲ့အတူ လက်ဆတ်သန့်ရှင်းတဲ့ လေကို ရှူရှိုက်နိုင်ခွင့် ဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေး ဖြစ်တာကြောင့် ဒီကိစ္စကို အလေးအနက်ထား စဉ်းစားသင့်ပြီး တိကျတဲ့ အချက်အလက်တွေ ဆောင်ရန်၊ ရှောင်ရန်တွေကို ထုတ်ပြန်ပေးဖို့ အချိန်တန်ပြီလို့ ယူဆမိပါတယ်။
ကိုးကား
-7 Day Dailyသတင်းစာ၊ ၂၀၁၆၊ အောက်တိုဘာ ၂ ရက်
-မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၆ရက်
-“ကောင်းကင်ပြာအတွက် ပဲ့တင်သံ” ကျောက်မီးသွေးဆိုင်ရာ ဆောင်းပါးများ စုစည်းမှု