အောက်တိုဘာ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်နယ်စပ်မှ ရဲစခန်း ၃ခု ဝင်ရောက်စီးနင်းခံရ၊ ရဲတပ်သား ၉ ဦး သတ်ဖြတ်ခံခဲ့ရသည့် မှုခင်းကို နိုင်ငံတော်သမ္မတရုံးမှနေ၍ ထုတ်ပြန်ရာတွင် မြန်မာဘာသာဖြင့် ရေးထားသော ထုတ်ပြန်ချက်၌ အကြမ်းဖက်တိုက်ခိုက်မှုဟု အမည်တပ်ထားသည်ကို တွေ့ရပါသည်။
၂၁ ရာစုတွင် “အကြမ်းဖက်မှု” ဟူသော ဝေါဟာရ၊ အင်္ဂလိပ်ဘာသာ အသုံးအားဖြင့် terrorism ဟူသော စကားအသုံးအနှုန်းသည် ပလူပျံနေအောင် သုံးစွဲခံရသည်ကို တွေ့ရပါသည်။ သို့သော် တခုခက်သည်မှာ ဘယ်လိုကိစ္စရပ်မျိုးကို“အကြမ်းဖက်တိုက်ခိုက်မှု” ဟု ခေါ်သလဲဆိုတာ ၎င်းဝေါဟာရနှင့် ပတ်သက်နေသူများကြား တရားဝင်သဘောတူညီချက်ဟူ၍ ယနေ့ ထက်ထိတိုင် မရှိသေးခြင်း ဖြစ်သည်။
အင်္ဂလိပ်ဘာသာစကားတွင် terrorism ဟူသော ဝေါဟာရကို သုံးစွဲခဲ့သည့် အစောဆုံးကာလသည် ၁၇၉၅ ခုနှစ်ဝန်းကျင် လောက်က ဖြစ်ပါသည်။ အလွန်ထူးဆန်းလှသော တချက်မှာ ၎င်းဝေါဟာရ တွင်ကျယ်ရေပန်းစားလာရခြင်း အကြောင်းရင်းသည် အင်္ဂလိပ်တို့ကြောင့် မဟုတ်ဘဲ ပြင်သစ်တော်လှန်ရေး (French Revolution)၏ ခေါင်းဆောင်ကြီးတဦးဖြစ်သည့် အယ် မာဆီမီလီယံ ရော်ဘီစပီယားမှ အစပြုခဲ့ခြင်း ဖြစ်သည်။
ကြမ်းကြုတ်ခက်ထန်သော နိုင်ငံရေးခေါင်းဆောင်တဦးအဖြစ် သိကြသော ရော်ဘီစပီးယားသည် သေဒဏ်ကို ထောက်ခံသူ ဖြစ်ပြီး ပြင်သစ်ဘုရင် လူဝီ ၁၆ ကို ခေါင်းဖြတ်စက်သို့ ပို့ခဲ့သူများထဲက တဦး ဖြစ်သည်။
၁၇၉၃ ခုတွင် ကျင်းပခဲ့သော ပြင်သစ်အမျိုးသားညီလာခံတွင် တက်ရောက်လာကြသူ ကိုယ်စားလှယ်များနှင့်တကွ ရော်ဘီ စပီးယားသည် “နိုင်ငံတော်မှ လုပ်ဆောင်သော ကြမ်းကြုတ်စွာ ဖိနှိပ်ခြင်း၊ သွေးမြေကျစေအောင် ဆောင်ရွက်ပြုမူခြင်း”တို့သည် တရားဝင်ဆောင်ရွက်ချက်များသာ ဖြစ်သည်ဟု သဘောတူ သတ်မှတ်ခဲ့ကြသည်။ သို့သော် ၁၇၉၄ ခုသို့ ရောက်သောအခါ ညီလာခံကိုယ်စားလှယ်များနှင့် ရော်ဘီစပီးယားတို့ကြား အခြေအနေတို့ ပြောင်းလဲလာခဲ့သည်။
ရော်ဘီစပီးယားမှ ၎င်းတိုု့အပေါ် ရန်သတ္တရုပြုလာမည်ကို စိုုးရိမ်လာကြသော ကိုယ်စားလှယ်များသည် “အာဏာကို အလွဲသုံးစားပြုလုပ်ကာ ရာဇဝတ်မှုတို့ကို ကျူးလွန်ရန် အသုံးချသည်” ဟူသော စွပ်စွဲချက်ဖြင့် စပီးယားကို ခေါင်းဖြတ်စက်သို့ ပို့ဆောင်ကာ ကွပ်မျက်ခဲ့သည်။
ထို ဂန္တဝင်သမိုင်းအဖြစ်အပျက်တွင် ရော်ဘီစပီးယားအပေါ် ပြင်သစ်ကိုယ်စားလှယ်များက စွဲချက်တင်သော မှုခင်းစွဲချက်၏ အမည်သည် ပြင်သစ်ဘာသာစကားဖြင့် “terroisme” ဟု ခေါ်ပါသည်။
ထို့ကြောင့် ကျနော်တို့ အထူးသတိပြုသင့်သည့် အချက်မှာ terrorism ဟူသော ဝေါဟာရ၏ နဂိုမူလ အရင်းအမြစ်တွင် ရည်ရွယ်ထားသော အသုံးအနှုန်းသည် နိုင်ငံတော်မဟုတ်သည့် သင်းကွဲဝံပုလွေ အုပ်စုတွေကို ရည်ညွှန်းသော အသုံးအနှုန်းမျိုး မဟုတ်ဘဲ နိုင်ငံတော် ကိုယ်တိုင်က၊ တနည်းအားဖြင့် “နိုင်ငံတော်ဟု နာမည်ခံထားသောသူ” တို့က “ရာဇဝတ်မှုကို ချိုးဖောက်ကျူးလွန်နေမှု” ကို နာမည်တပ်ခဲ့သော အသုံးအနှုန်း ဖြစ်သည်။
တကယ်တော့လည်း စဉ်းစားကြည့်လျှင် ကမ္ဘာ့သမိုင်းတလျှောက်မှာ နိုင်ငံတော်ဟု အမည်ခံပြီး အာဏာပိုင်တွေက ကျူးလွန်ကြသော အကြမ်းဖက်မှုတို့သည် နိုင်ငံတော် မဟုတ်သောသူများ၊ အာဏာလက်ဝယ်မရှိသော လူများ၊ သင်းကွဲဝံပုလွေ (သို့) ဝံပုလွေအုပ်စုများက ကျူးလွန်နိုင်ကြသည်ထက် မည်သို့မျှ မနှိုင်းမယှဉ်နိုင်အောင် အကြမ်းဖက်မှု အလုံးအရင်းပမာဏ သာလွန်ကြီးမားလှသည်ကို တွေ့ရပါလိမ့်မည်။
ယနေ့ချိန်ခါတွင် အကြမ်းဖက်မှုဟု ဆိုလျှင် လူအများစုဟာ နိုင်ငံတော်မဟုတ်သော၊ အာဏာပိုင်မဟုတ်သော သင်းကွဲဝံပုလွေအုပ်စုတို့မှ တရားမဝင် တုံ့ပြန်လုပ်ဆောင်ကြသော နည်းလမ်းအပြုအမူတို့ကို ခေါ်တွင်သည်ဟု မှတ်ထင်ကြပါသည်။
ဒီနေရာတွင် ကျနော်တို့ မေ့လျော့မနေသင့်သော အချက်တချက်မှာ အာဏာပိုင်တွေ ကိုယ်တိုင်က ကျောထောက်နောက်ခံပြု၊ ဘဏ္ဍာငွေကြေးနောက်ကွယ်မှ ပံ့ပိုးပေးထားသော အုပ်စုတို့မှ တဖက်အုပ်စုတို့အပေါ်မှာ မတရားသဖြင့် ကျူးလွန်သော အပြုအမူတို့ကိုလည်း အကြမ်းဖက်မှုဟု ခေါ်လျှင် မမှားနိုင်ဆိုသည့်အချက် ဖြစ်ပါသည်။ State-sponsored terrorism ဟု အသုံးလည်း ရှိသည်။
ထို့ပြင် နောက်ထပ်တချက် ရှိသေးသည်မှာ တဖက်အုပ်စုဝင်တို့အပေါ်မှာ မိမိ၏ လက်ဝေခံအုပ်စုတို့က မတရားသဖြင့် ကျူးလွန်ဖိနှိပ်မှုကို (မိမိသည် အစိုးရဖြစ်သောကြောင့် ကာကွယ်ရမည့် ဝတ္တရားရှိပါလျက်) အလိုတူ အလိုပါ မျက်စိမှိတ်နေခြင်း မျိုးကို တွေ့ရလျှင် ထိုသို့သော အာဏာပိုင်မျိုးကိုလည်း အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုသည့် အ ကြမ်းဖက်မှု ထောက်ခံသူတွေ (terrorism proponents) ဟု ခေါ်တွင်နိုင်သည့်အချက် ဖြစ်ပါသည်။
ယခုလို မိုင်ကုန်စဉ်းစားခြင်းသည် ကျနော်တို့အတွက် ဓမ္မဓိဌာန်ကျသော အမှန်တရားမျိုးကို သိမြင်အလင်းရဖို့ အကျိုး အလွန်ရှိသည့်အလျောက် ကျနော်တို့ဆက်လက်ပြီး မောင်းနှင်စဉ်းစားကြည့်ပါမည်။
တကယ်တော့ terror (အကြမ်းဖက်ပြီး ကြောက်လန့်နေအောင် လုုပ်ထားခြင်း) သည် နိုင်ငံတော်ကိုယ်တိုင်ကိုက တရားဝင်သည်ဟု ကမကထ ပြုထားသော နှိပ်စက်ညှဉ်းပန်းခြင်းမျိုး (ကိုပါကြီးနှင့် မိုင်းယော်ရွာသားများကဲ့သို့ အမှုမျိုး)၊ အာဏာလက်ဝယ်ရှိသူတွေက မိမိတို့ မထင်လျှင် မထင်သလို တပါးသူတို့ အပေါ်တွင် ဥပဒေမဲ့ ညှဉ်းပန်းဖိနှိပ်သော လုပ်ရပ်မျိုးတိုု့ကိုုလည်း ခေါ်ဝေါ်နိုင်သည့် အချက် ဖြစ်သည်။
ကျနော်တို့ မမေ့ကြသေးပါလျှင် ဆယ်နှစ်ဝန်းကျင်ခန့်က “မြန်မာပြည်ဆိုတာဟာ လူတွေကို ထိတ်လန့်အောင်လုပ်ထားတဲ့ မင်းကြမ်းကြုတ်ရက်စက် အစိုးရရဲ့ အခြေစိုက်ရာ”(Burma is the outpost of tyranny) ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရွိုက်က ထိုစဉ်က စစ်အာဏာရှင်အစိုးရကို နာမည်တပ်ခဲ့သည်ကိုု အမှတ်ရနိုင်ပါလိမ့်မည်။
သေချာသော အချက်တခုမှာ သူပုန်ဘက်ကိုပဲဖြစ်စေ၊ အစိုးရဘက်ကိုပဲဖြစ်စေ ကျနော်တို့ ‘အကြမ်းဖက်ဝါဒ’ ဖြစ်သည်ဟု ယိုးစွပ်ဖို့သည် ၎င်းတို့တွင် နိုင်ငံရေးပိုင်းဆိုင်ရာ၊ အထူးသဖြင့် အာဏာကို ရယူစွဲကိုင်နိုင်ရေး (ကုလားထိုင်)နှင့် ပတ်သက်၍ ရည်ရွယ်ချက်ရှိမှသာ ဖြစ်နိုင်ပါသည်။
တချို့သောသူတွေက တိတိကျကျ သတ်မှတ်ချင်သည်မှာ “အကြမ်းဖက်လုပ်ရပ်ဟူသည် ပြည်သူပြည်သား အရပ်သား တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှသာလျှင် ခေါ်တွင်သင့်သည်။ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် အကြမ်းဖက်လုပ်ရပ်ဟု မခေါ်တွင်နိုင်၊ ၎င်းသည် အစိုးရကို တရားဝင် စိန်ခေါ်ပုန်ကန်မှုသာ ဖြစ်သည်”ဟူ၏။
ယခုလို တိကျစွာ သတ်မှတ်ခြင်းသည် သီအိုရီပိုင်းဆိုင်ရာ ရှုထောင့်အားဖြင့် တန်ဖိုး အတော်အတန် ရှိနိုင်သော်လည်း လက်တွေ့မှုခင်းတို့တွင် ၎င်းရှုထောင့်သည် သိပ်အသုံးမဝင်လှ။ ဘာကြောင့်ဆိုလျှင် “အစိုးရတပ်” နှင့် “အရပ်သားဘက်” ဆိုသော ပစ်မှတ်တို့၏ အနားသတ် မျဉ်းကြောင်းဘောင်ကို လက်တွေ့ အဖြစ်အပျက် မှုခင်းတို့တွင် တိတိကျကျ ခွဲခြမ်းဖို့ ကိစ္စသည် အလွန်ခက်ခဲလှသောကြောင့် ဖြစ်သည်။
ယခု ရခိုင်ကိစ္စတွင်လည်း အစိုးရစစ်တပ်ကိုု ရင်ဆိုင်တိုက်ခိုက်မှု မလုပ်ဘဲ အားနည်းပါးသော ရဲစခန်းကို ပစ်မှတ်အဖြစ် ဝင်ရောက်စီးနင်းပြခြင်းဟာ လက်နက်ကိုင်စွဲ ပုန်ကန်မှု သက်သက်သာ၊ အကြမ်းဖက်မှု မမြောက်နိုင်ဟု ပြောရန်မှာ ခက်ပါသည်။
ကျနော် စဉ်းစားမိသလောက် အကြမ်းဖက်မှု(terrorism) ဆိုသည်မှာ တိုက်ခိုက်သည့် ပစ်မှတ်သည် အရပ်သား ဖြစ်သည် မဖြစ်သည်ထက် မလိုအပ်ဘဲ (over-react) လွန်လွန်ကျူးကျူး တုံ့ပြန်ကျူးလွန်မှုတို့ကို သတ်မှတ်နိုင်သည် ဆိုသည့်အချက် ဖြစ်သည်။
လူတစုတဖွဲ့က ကျူးလွန်မှုကို ၎င်းနှင့် ဆက်စပ်နေသော လူမျိုးနွယ်စုများ၊ တိုင်းတပါးနိုင်ငံများကို လက်ညှိုး ထိုးနေခြင်း၊ အချုပ်အခြာအာဏာသာ အဓိက လူ့အခွင့်အရေးဆိုုတာ နောက်မှရှင်းလို့ ကြွေးကြော်နေကြခြင်း တို့သည်လည်း လွန်လွန်ကျူးကျူး တုံ့ပြန်ကျူးလွန်ရန် ဆန္ဒ ပြင်းပြလွန်းနေသည့် ပုံစံစရိုက်တွေအဖြစ် နားလည်နိုင်ပါသည်။
ကျနော် နောက်ဆုံး အရေးတကြီး အကြံပြုချင်သည့် တချက်မှာ လက်ရှိ ပြည်သူလူထု က ရွေးချယ်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရ အနေဖြင့် “အကြမ်းဖက်သမားတွေကိုု နှိမ်နင်းရေး” ဆိုပြီး ကိုယ်ကိုယ်တိုင်က အကြမ်းဖက်မှုကို ထောက်ခံသူတွေ ဖြစ်မသွားဖို့ရန် သတိရှိဖို့ လိုပါသည်။
အကြောင်းမှာ အကြမ်းဖက်မှုဆိုသည် တကယ်သေချာ သရုပ်ခွဲကြည့်ပါလျှင် မိမိသည် နိုင်ငံတော် နာမည်ခံနိုင်သည် နာမည်မခံနိုင်သည်၊ အာဏာပိုင်အစိုးရဘက်က ဟုတ်သည်၊ အာဏာပိုင်အစိုးရဘက်က မဟုတ်ဆိုုသောအချက်မှာ အဓိက မဟုတ်။ မလိုအပ်ဘဲ လွန်ကဲစွာ တုံ့ပြန်ဆောင်ရွက်မှု မှန်သမျှသာ အကြမ်းဖက်မှုစာရင်းဝင်နိုင်သည် ဆိုသည့် အချက်ကို လက်ရှိ ပြည်သူ့အစိုးရနှင့် နောင်ခေတ်အဆက်ဆက် ဒီမိုကရေစီကို လိုလားတည်တံ့စေချင်သူ ပြည်သူအားလုံး သတိမူကြစေလိုသောကြောင့် ဖြစ်ပါသည်။
(ဒေါက်တာညိုထွန်းသည် အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့တွင် နေထိုင်လျက်ရှိသော ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရှင်တဦးဖြစ်သည်။)