ဘာလဲဟဲ့ ပယောဂ၊ ဘယ်လဲဟဲ့ ဆေးမြီးတို

သန်းနိုင်ဦး
ပညာရေးဌာနလို နေရာမျိုးမှာ သရဲပူးကပ်တယ်ဆိုပြီး အမဲသားယူဆောင်မလာဖို့ အမိန့်ထုတ်တယ်

ရန်ကုန်တိုင်း တွံတေးမြို့နယ် ပသီကုန်းကျေးရွာမှာ ပယောဂဆရာ ဆိုသူက ၅ နှစ်အောက် ကလေးငယ်တွေကို ပယောဂ ကုသပေးရာမှာ ကလေးငယ် ၃ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တယောက် ဆေးရုံ တက်ရောက်ကုသခဲ့ ရပါတယ်။

သေဆုံးတဲ့ကလေးငယ်တွေထဲမှာ လသားအရွယ် ကလေးငယ်တယောက်လည်း ပါဝင်ပါတယ်။ အသက် (၃၀)အရွယ် ဗိန္ဓော ဆရာဆိုသူကို လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှုတွေနဲ့ သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်။

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာ အထက်တန်း ကျောင်း(ခွဲ) မှာလည်း ကျောင်းသူတွေကို သရဲဝင် ပူးကပ်တယ် ဆိုတဲ့ ဖြစ်စဉ်တခု ယခုတပတ်အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ သရဲဝင်ပူးတယ်ဆိုတဲ့ ကျောင်းဝင်းအတွင်း အမဲသား ယူဆောင်မလာဖို့အထိ အမိန့်ထုတ်ခဲ့ပါတယ်။

အထက်ပါဖြစ်စဉ်တွေက ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့အသိပညာရေချိန်ကို မေးခွန်းထုတ်နေပါပြီ။ ဒီဖြစ်ရပ်တွေက အင် တာနက်ခေတ်မှာမို့ လူမှုကွန်ရက်မှာ ဟိုးလေးတကျော်ကျော်ဖြစ်လာရတာပါ။ လူမသိသူမသိ ဖြစ်ရပ်တွေ ရှိနေနိုင်ပါသေး တယ်။

အသက်အရွယ် ငယ်ရွယ်သေးတဲ့ လူမမယ်လေးတွေ ဆုံးပါးသွားရတာ ဝမ်းနည်းစရာဖြစ်သလို ပညာခေတ်လို့ တွင်တွင် အော်နေတဲ့အချိန် ပညာရေးဌာနလို နေရာမျိုးမှာ သရဲပူးကပ်တယ်ဆိုပြီး အမဲသားယူဆောင်မလာဖို့ အမိန့်ထုတ်တယ် ဆိုတာက ရင်ထုမနာ ဖြစ်စရာကောင်းတယ်။

အသိပညာနုံနဲ့၊ စီးပွားရေး မကောင်း၊ ကျန်းမာရေး အသိချို့ယွင်းတဲ့အခါ ပယောဂယောင်ယောင် သရဲပူးသယောင်ယောင် ဖြစ်တော့တာပါပဲ။ အသိပညာ နုံနဲ့လာတော့ ဘာကိုမှ ဝေဖန်ပိုင်းခြား မလုပ်နိုင်တော့ဘူး။ စီးပွားရေးမကောင်းတော့ အာ ဟာရဖြစ်စေတဲ့ အစားအစာ စားဖို့ မလုံမလောက်ဖြစ်လာရတယ်။

ကျန်းမာရေး အသိချို့ယွင်းတော့လည်း အမျိုးသမီးငယ်တွေ အပျိုဖော်ဝင်စအချိန် သွေးလေမမှန် ဖြစ်သလား မသိတော့ ဘူး။ အဲဒီလို မသိခြင်းတွေနဲ့ ပြည့်စုံလာတဲ့အခါ စနစ်တကျ သင်ယူမထားတဲ့ တတ်ယောင်ကားဆရာတွေ လက်တည့်စမ်း ရာ လေ့ကျင့်ရေးကွင်းဖြစ်လာတယ်။

တခါတရံ မသိခြင်းတွေက ရမ်းကုဆရာတွေ အပ်ပုံးဆရာတွေ ဗိန္ဓောဆရာအတုတွေအတွက် ငွေတွင်းကြီးဖြစ်မှန်း မသိဖြစ် လာရတာလည်းရှိပါတယ်။

ဒီလိုဖြစ်ရပ်တွေက ကျနော်တို့လူ့အဖွဲ့အစည်းအတွက် အချက်ပေး သံချောင်းခေါက်သံတွေပါပဲ။ ကာယကံရှင်နဲ့ အုပ်ထိန်း သူတွေက တကယ်မရှိတဲ့အရာတွေကို ရှိသယောင်ယောင်ထင်တယ်။ တာဝန်ယူ ကုသပေးတဲ့ ပယောဂကု ဆရာ ဆိုသူတွေကလည်း ကုသနိုင်လိမ့်မယ်လို့ သူတို့ကို သူတို့ယုံကြည်ထားတယ်။

အဲဒီလို တိုက်ဆိုင်သွားတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတော့တာပါပဲ။ တချို့နယ်တွေမှာ ပယောဂကုတယ် ဆိုပြီး ကာမရယူခဲ့တဲ့ ဖြစ်ရပ်တွေအထိ ရှိနေပါတယ်။ ငွေကြေးသာမက လူကိုပါ အရယူပြီး ကာမသိုက်တူးနေကြတာပါ။

နစ်နာခဲ့ကြသူတွေက အရှက်အကြောက်တရားကြောင့် တိုင်တောမှုတွေ မလုပ်ကြပေမယ့် အာဏာပိုင်တွေအနေနဲ့ စုံစမ်း စစ်ဆေး အရေးယူပေးဖို့ လိုပါတယ်။

ပညာရပ်တခုကို စနစ်တကျ လေ့လာဆည်းပူးမှုမရှိဘဲ တတ်ယောင်ကားနဲ့ ကုသမှုတွေ ပြုလုပ်တဲ့အခါ တကယ် တတ်ကျွမ်း နားလည်တဲ့ တိုင်းရင်းဆေးပညာရှင်တွေအဖို့ အထင်အမြင် လွဲမှားစရာဖြစ်ပေါ်ရပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာက အ ဆင့်အတန်းရှိတဲ့ ဆေးပညာရပ်ဖြစ်တယ်။ တိုင်းရင်းဆေးပညာရပ်တွေကို မြေတောင်မြှောက်ပေးဖို့ လိုပါတယ်။

ဒီနေ့လို တိုးတက်နေတယ်ဆိုတဲ့ ကမ္ဘာကြီးမှာလည်း Alternative medicine ဆိုပြီး တိုင်းရင်းဆေးပညာရပ်တွေကို အ ရေးတယူ လုပ်နေကြချိန်လည်း ဖြစ်တယ်။ တိုင်းရင်းဆေး တက္ကသိုလ်ကြီးကို ဖွင့်လှစ်ထားပြီး ရာဂဏန်းရှိတဲ့ ဘွဲ့ရလူ ငယ်တွေကို နှစ်စဉ် မွေးထုတ်ပေးနေတယ်။

တိုင်းရင်းဆေးတက္ကသိုလ်ကျောင်းဆင်းတွေကို တ/ဆ လက်မှတ်ထုတ်ပေးပြီး တရားဝင် ဆေးကုသခွင့်ပေးထားပါတယ်။ တိုင်းရင်းဆေးဆရာတွေကို အသိအမှတ်ပြု နေရာပေးကြဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် တရားဝင်ဆေးကုသခွင့်မရှိတဲ့ ပယောဂကုသပေးတယ်ဆိုတဲ့ ဗိန္ဓောဆရာ ဆိုသူတွေရှိနေတယ်။ ကျေးလက် တော နယ်တွေမှာလည်း အပ်ပုန်းတွေက စနစ်တကျ လေ့ကျင့်သင်ကြားထားမှုမရှိဘဲ ရမ်းသမ်းကုသကြတာတွေ ရှိနေတယ်။

HIV ပျောက်တယ်။ ကင်ဆာပျောက်တယ်ဆိုတဲ့ ပျောက်စေဆရာတွေ ဆိုင်းဘုတ်ထောင်ပြီး တရားဝင်သယောင် ကုသ နေဆဲဖြစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပေးထားတဲ့ ဆေးကုသမှုလက်မှတ်မရှိဘဲ ကုသနေသူတွေ နေရာအနှံ့မှာ ယခုအချိန်ထိ ရှိနေတယ်။

ပြည်တွင်းမီဒီယာတွေမှာ တိုင်းရင်းဆေး အမည်ခံထားတဲ့ကြော်ငြာတွေ ပလူပျံနေဆဲဖြစ်တယ်။ ရန်ကုန်-မန္တလေးလို မြို့ ကြီးတွေမှာ တိုင်းရင်းဆေး အစစ်အမှန်မဟုတ်ဘဲ ဆေးခန်းကြီးတွေ ဖွင့်ပြီး ဆေးကုသမှုတွေ ရှိနေတယ်။ အဲဒီလို ဆေး ကုသခွင့် မရှိတဲ့ ဆေးခန်းတွေကိုပါ ကျပ်ကျပ်မတ်မတ် စုံစမ်းစစ်ဆေး အရေးယူဖို့ အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။

ကိစ္စကြီးငယ်တိုင်းမှာ တယောက်ယုံကြည်လိုက်တာနဲ့ ဆက်စပ်ပတ်သက်သူတွေက လိုက်လံယုံကြည်ကြတာ ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ စနစ်တကျလေ့လာစူးစမ်းမှု မရှိဘဲ သူများယောင်လို့ လိုက် ယောင်နေရင် သူများပါးစပ်ဖျားမှာ လမ်းဆုံးမှာ ဖြစ်ပါတယ်။

အဲဒီလို ပြုလုပ်နိုင်ဖို့ ပညာရေး ရေခံမြေခံ ကောင်းအောင် လုပ်ကြရမှာပါ။ ဒါသင် ဒါဖတ် ဒါကျက် ဒါဖြေဆိုတာတွေနဲ့တော့ ဝေဖန်ဆန်းစစ် ပညာရေး အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။ ကျိုးကြောင်းဆီလျော် စဉ်းစားချင့်ချိန် ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာရေးဖြစ်အောင် လုပ်ကြရပါမယ်။ လူထုအတွက် ကျန်းမာရေးအသိမြင့်လာအောင် အားလုံး တက်ညီလက်ညီ အား ထုတ်ကြဖို့ လိုပါတယ်။

လူလိမ်လူညာတွေရဲ့လက်သုံးစကားရှိပါတယ်။ “လူအ သီး” ဘယ်တော့မှ မကုန်ဘူးတဲ့။ လူအ၊ လူန၊ လူညံ့တွေ အမြဲရှိ နေမှာဖြစ်ပြီး အဲဒီလိုလူတွေက ဘယ်တော့မှ မျိုးသုဉ်းပျောက်ကွယ်မှာ မဟုတ်ဘူးလို့ လူလိမ် လူညာတွေက ဆိုစမှတ် ပြု ထားတာပါ။

လူအ၊ လူန ပပျောက်စေဖို့ အစိုးရအနေနှင့် ပညာရေးမှာ ရင်းနှီးမြှုပ်နှံကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုရင်းနှီးမြှုပ်နှံဖို့ အခုက တည်းက စတင်ရမှာဖြစ်ပါတယ်။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာဖြစ်သည်)

Loading