တနေရာကနေ တနေရာကို သွားလာဖို့ ရေလမ်းကို အသုံးပြု သွားလာနေရတဲ့ နေရာတွေ ရှိနေဆဲပါပဲ။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဟုမ္မလင်းကနေ မုံရွာကို ပြေးဆွဲတဲ့ “အောင်စိုးမိုးကျော်” ရေယာဉ် နစ်မြုပ်မှုဟာ ရေကြောင်းပို့ဆောင်ရေး လုံခြုံမှုညံ့ဖျင်း အားနည်းနေသေးတာကို အထင်အရှား သက်သေပြလိုက်တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၅း၀၀ နာရီဝန်းကျင်မှာ ကနီမြို့နယ် ကင်းကျေးရွာအုပ်စု၊ မိကျောင်းတွင်း ကျေးရွာအနီးမှာ ရေယာဉ်နစ်မြှုပ်ခဲ့တဲ့ဖြစ်စှု်မှာ အခုအချိန်အထိ ၇၃ လောင်းရှာဖွေတွေ့ရှိထားပြီးပါပြီ။ ဝမ်းနည်း စရာကောင်းတာက “အောင်စိုးမိုးကျော်” ရေယာဉ်ဟာ ရာသီဥတုဆိုးရွားတာကြောင့် မဟုတ်ဘဲ ဝန်ပိုတွေ သယ်ဆောင်လို့ မနစ်မြှုပ်သင့်ဘဲ နစ်မြှုပ်ခဲ့တာပါ။ အလောင်း ပြန်မတွေ့သေးတဲ့ သူတွေ ရှိနေသေးသလို သေဆုံးသူတွေထဲမှာလည်း ပညာရေးဝန်ထမ်း၊ ဆရာမတွေ အများစု ပါဝင်နေတာက ပိုလို့ ဝမ်းနည်းစရာ ဆုံးရှုံးမှုပါ။
ခုထက်ထိ သင်္ဘောပိုင်ရှင်နဲ့ မာလိန်မှူးက ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သလို “အောင်စိုးမိုးကျော်” ဟာ ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ မညီညွတ်ဘဲ ဥပဒေကို ချိုးဖောက်ပြေးဆွဲခဲ့တာပါ။ ဒါ့အပြင် ဒေသခံတွေကို ဆက်သွယ်မေးမြန်းချက်အရ ဆလင်၊ ယာဉ်မောင်း၊ နောက်လိုက်တွေဟာ တရားဝင်မှတ်ပုံတင် ထားတဲ့သူတွေ မဟုတ်ဘူးလို့ သိရပါတယ်။
“ပြည်တွင်း ရေကြောင်းသွား ရေယာဉ်ဥပဒေ” မှာ ရေယာဉ်ကို ညအချိန် ထွက်ခွာခွင့် ပြုမထားပါဘူး၊ ဒါပေမယ့် ဟုမ္မလင်းကနေ စထွက်တဲ့အချိန်မှာပဲ ညပိုင်းဖြစ်နေပြီး လမ်းမှာလည်း ရသမျှ တင်လာလို့ ခရီးသည် ၃၀၀ နီးပါးနဲ့ တခြားကုန်ပစ္စည်းတွေနဲ့ ဝန်ပိုဖြစ်ပြီး နစ်မြှုပ်ခဲ့ရတာပါ။ မနစ်မြှုပ်ခင်မှာ တာဝန်သိတဲ့ ခရီးသည် တယောက်က “ရေယာဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့” ကို သွားပြောပေမယ့် သူတို့ မတတ်နိုင်ဘူး လို့ ပြောခဲ့ ကြောင်း သတင်းတခုမှာ ဖတ်ရပါတယ်။
ရေယာဉ် နစ်မြှုပ်မှု ဖြစ်ပွားတဲ့အခါ မာလိန်မှူးက ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတာက ဘယ်လောက်အထိ တာဝန်မဲ့သလဲ ဆိုတာ ပေါ်လွင်ပါတယ်။ ဒီဖြစ်ရပ်တခုလုံးကို သုံးသပ်ကြည့်ရင် မနစ်မြှုပ်သင့်ဘဲ နစ်မြှုပ်ခဲ့ရတာ ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ၊ ပုဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (ရစက) တို့မှာ အဓိက တာဝန်ရှိပါတယ်။ ဥပဒေကို လိုက်နာ၊ မလိုက်နာ၊ လူပိုတင်၊ မတင်၊ ရေယာဉ်ကြံ့ခိုင်မှု ရှိ၊ မရှိကို စစ်ဆေးဖို့ တာဝန်ပျက်ကွက်ခဲ့ လို့ တနာရီ (ဒါမဟုတ်) နှစ်နာရီခြား ရေယာဉ်တစင်း ထွက်နိုင်ရင် ခရီးသည်တွေ အဆင်ပြေ နိုင်ပါတယ်၊ ထွက်ခွင့်ရတဲ့ ရေယာဉ်တစင်းမှာပဲ စုပြုံ စီးရလောက်အောင် စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ရေယာဉ်ပိုင်ရှင်ရဲ့ လောဘကြီးမှုကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးသွားရပါပြီ။
အသက် ဆုံးရှုံးသွားကြသူတွေ အတွက် ဝမ်းနည်းကြောင်းပြည်ထောင်စုအစိုးရအဖွဲ့က ကြေညာချက် (၁/၂၀၁၆) နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အရေးကြီးတဲ့ အချက် ပြစ်မှု ကျူးလွန်ခဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုသလို နောက်ထပ် မဖြစ်ပွားအောင် ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်ရမှာပါ။
“ပြည်တွင်းရေကြောင်းသွားရေယာဉ် ဥပဒေ” ပုဒ်မ ၁၁၊၃၀(က) နဲ့ (ခ)၊ ပုဒ်မ (၃၂)၊ ပုဒ်မ (၃၀)(စ) တွေကို “အောင်စိုးမိုးကျော်” ရေယာဉ်က ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။
ပုဒ်မ ၁၁၊ ၃၀ (က) မှာ “မည်သည့် ရေယာဉ်ပိုင်ရှင်နှင့် ရေယာဉ်အုပ်မျှ ပြည်တွင်းရေကြောင်းတွင် သက်တမ်းရှိ ရေယာဉ် အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် သို့မဟုတ် ယာယီလက်မှတ် မပါရှိလျှင် သော်လည်းကောင်း၊ အဆိုပါ လက်မှတ်သည် အသုံးပြုမည့် ခရီးစဉ်၊ လုပ်ငန်းနှင့် အကျုံးဝင်မှု မရှိလျှင် သော်လည်းကောင်း ပြည်တွင်း ရေကြောင်းသွားခရီးစဉ် သို့မဟုတ် လုပ်ငန်းတွင် အသုံးပြုခြင်း သို့မဟုတ် ခုတ်မောင်းသွားလာခြင်း မပြုရ” လို့ ဖော်ပြထားပါတယ်။
ပုဒ်မ ၃၀ (က) နဲ့ (ခ) မှာ “ခွင့်ပြုထားတဲ့ ခရီးသည် ဦးရေထက် ကျော်လွန်ပြီး တင်ဆောင်ခြင်းမပြုရ၊ အသက်ကယ်ပစ္စည်းတွေ စီမံမထားဘဲ ရေယာဉ်ကို ခုတ်မောင်းခြင်း မပြုရ” လို့ အတိအလင်း ပါရှိပါတယ်။ ပုဒ်မ ၃၀ (စ) မှာ “ရေယာဉ်အမိုးပေါ်တွင် ကုန်စည်နဲ့ ခရီးသည်တွေ မတင်ဆောင်ရ” လို့ တားမြစ်ထားပါတယ်။
ပုဒ်မ ၃၂ မှာ “ခရီးသည်တွေ အတွက် အသက်အာမခံ ထားခြင်းနှင့် ကုန်စည်ပျောက်ဆုံးပျက်စီးမှုအတွက် အာမခံ ထားခြင်းနှင့် ကုန်စည် ပျောက်ဆုံးပျက်စီးမှု အတွက် အာမခံထားခြင်း မရှိဘဲ သယ်ယူပို့ဆောင်ခြင်း မပြုရ” လို့ ပါရှိပါတယ်။
ဒါကြောင့် နောက်နောင် ဒီလို ကြေကွဲစရာဖြစ်ရပ်တွေ နောက်ထပ်မကြုံတွေ့ရစေဖို့ အရေးယူမှုကို ပြတ်ပြတ်သား သား လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ “အေးငြိမ်းချမ်းသာ” အမြန်ရေယာဉ်လိုင်းကနေ “အောင်စိုးမိုးကျော်” ရေယာဉ် ပြေးဆွဲခဲ့တာ ဖြစ်တဲ့အတွက် အဲ့ဒီရေယာဉ်လိုင်းကို ပိတ်ပစ်တဲ့ အထိ အရေးယူသင့်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၄/၂၀၁၂ မှာလည်း ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး နည်းဥပဒေတွေကို ဖော်ပြခဲ့ပါတယ်။ လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးခဲ့ရတဲ့ ဒီဖြစ်စဉ်ဟာ နိုင်ငံတော်အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုပါ။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ်လအတွင်းက ရခိုင်ပြည်နယ်မှာ အောင်တံခွန် (၃) ရေယာဉ် နစ်မြှုပ်မှုမှာလည်း လူ့အသက်တွေ ပျက်စီးဆုံးရှုံးခဲ့ရ ပြီးပါပြီ။ ရေလမ်းခရီးကို အားပြု သွားလာနေရတဲ့ နိုင်ငံရဲ့ နေရာတိုင်းမှာ ဘေးကင်း လုံခြုံမှုရှိဖို့ ဘယ်လောက်အထိ အရေးကြီးသလဲဆိုတာ အခုဖြစ်ရပ်တွေက သက်သေပြလိုက်တာ ပါပဲ။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းရဲ့ ပြောကြားချက်မှာ “မော်တော်လိုင်စင် သက်တမ်းကုန်နေတာ သုံးလ ဆိုလား ကျော်နေပြီတဲ့၊ မောင်းတဲ့သူ ကလည်း လိုင်စင်မရှိဘူး၊ ပုံမှန် ၃၆ ယောက်ပဲ တင်ရတဲ့ ရေယာဉ်ကို အများကြီး တင်ထားတယ်၊ ခရီးတို ရေယာဉ် ဆိုတော့ ညမောင်းခွင့် မရှိဘူး” လို့ ပါရှိပါတယ်။
နိုင်ငံသူ၊ နိုင်ငံသားတွေ သွားလာရေးမှာ “ဘေးကင်းလုံခြုံမှု” ရှိရေးက အသက်တမျှ အရေးကြီးပါတယ်။ ဒါကို ပေါ့ပေါ့ ဆဆသဘော မထားဘဲ အချိန်တုံ့ဆိုင်း မနေဘဲ လုပ်သင့် လုပ်ထိုက်တာတွေကို အခုကစပြီး လုပ်ဆောင်သွားရမှာပါ၊ မဖြစ်စလောက် ပြစ်ဒဏ်ပဲ ချမှတ်ရင်တော့ နောက်နောင် ဒီလိုဖြစ်ရပ်တွေကို တားဆီးနိုင်ဖို့ အတွက် မလွယ်ကူပါဘူး။
တန်ဖိုးရှိတဲ့ လူ့အသက်တွေ နောက်ထပ် မဆုံးရှုံးရလေအောင် ရေကြောင်းပို့ဆောင်ရေး လုံခြုံမှုကိစ္စကို တာဝန် ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ကောင်းမွန်တဲ့ အစီအမံတွေ ချမှတ်ဆောင်ရွက်သင့်ပြီလို့ သုံးသပ် ရေးသား လိုက်ရပါ တယ်။
ကိုးကား – နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရေကြောင်းသွား ရေယာဉ်ဥပဒေ
(သွေး (စစ်ကိုင်း) သည် နေ့စဉ်လူမှုဘဝရေးရာ ဆောင်းပါးများ ဝေဖန်ရေးသားလျက်ရှိသည့် ရန်ကုန်အခြေစိုက် စာရေးဆရာမ တဦး ဖြစ်သည်။)