မွတ်ဆလင် အခြေခံဝါဒီများက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် အခြားမွတ်ဆလင်များအား ၎င်းတို့၏ မိသားစုနှင့် နေအိမ်ကို ကာကွယ်သော ဂျီဟတ်ဝါဒီများ ဖြစ်လာစေရန် တိုက်တွန်းနေသည့် ဗီဒီယိုမှာ မကြာသေးမီက လူအများကြား ပျံ့နှံ့သွားခဲ့သည်။ မြန်မာနိုင်ငံတဝန်း ကြောက်ရွံ့မှုမှ ဒေါသအထိ ကျယ်ပြန့်သော စိတ်ခံစားမှုများ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။ အများအပြားက ခွဲထွက်ရေး အကြမ်းဖက်တိုက်ခိုက်မှုများသည် ရခိုင်ပြည်နယ်ကို နောက်တကြိမ် စစ်မျက်နှာအဖြစ် ပြောင်းလဲပစ်မည့် အလားအလာများစွာ ရှိနေသည်ဟု မြင်ကြသည်။
တစုံတခုကို အမြန်ဆုံးလုပ်ရန် လိုအပ်သည်မှာ သေချာသည်။ သို့သော် ကျနော်တို့ မေးရမည့် မေးခွန်းမှာ လတ်တလော ပေါ်ပေါက်နေသော အမုန်းတရားများကို ဟန့်တားရန် မှန်ကန်သော ခြေလှမ်းများ လှမ်းနေပါသလား ဟူသော မေးခွန်း ဖြစ်သည်။
အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုသစ်များ ပေါ်ပေါက်ချိန်မှစ၍ စိုးရိမ်စရာ အခြေအနေကို ဖန်တီးနေသောကြောင့် မှန်ကန်သော ခြေလှမ်းများ လှမ်းနေခြင်း မရှိသေးဟု ဖြေရမည့် အနေအထား ဖြစ်ပုံရသည်။ လုံခြုံရေး တပ်ဖွဲ့များ၏ တုန့်ပြန်ပုံမှာ အလျင်စလိုနိုင်ပြီး ရေရှည်အမြင်လည်း ကင်းမဲ့နေသည်။
ဤသို့သော အခြေအနေများသည် မည်သို့ဆက်ဖြစ်မည်ကို သိရန် ဝေးဝေးကြည့်စရာ မလိုပေ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံ အထူးသဖြင့် အရှေ့မြောက် ပြည်နယ်များနှင့် ကက်ရှ်မီးယားပြည်နယ်မှ လူမှုမငြိမ်သက်မှုများ၊ အသိုင်းအဝိုင်းကြား သပိတ်များနှင့် နယ်စပ်ဖြတ်ကျော် ပဋိပက္ခများကဲ့သို့သော ပြဿနာများကို ထိန်းချုပ်ရာတွင် ရှုပ်ထွေးမှုနှင့် ရှည်ကြာစွာ ဆူပွက်နေသော စိန်ခေါ်မှုများ၏ အကောင်းဆုံး ဥပမာများ ဖြစ်သည်။
အာသံ၊ မီဂလာဟာရာ နှင့် ထရီပူရတို့ကဲ့သို့သော ပြည်နယ်များနှင့် အခြားသော ပြည်နယ် အများအပြားမှာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အကြီးအကျယ် ခိုးဝင်လာသူများကြောင့် ရုန်းကန်နေကြရပြီး ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသူများ အပေါ် တမြေ့မြေ့ လောင်ကျွမ်းနေသော မုန်းတီးစိတ်မှ နောက်ဆုံးတွင် ပုန်ကန်မှုနှင့် အကြမ်းဖက်မှုများဖြစ်မလာမီ ရပ်ရွာ မငြိမ်သက်မှုကို ဖြစ်စေသည်။
ကက်ရှ်မီယား ဒေသ ယာယီ နယ်စပ်မျဉ်းအနီး စစ်တပ်ထိန်းချုပ် နယ်မြေ ယူရီတွင် စက်တင်ဘာလ ၁၈ ရက်နေ့က အိန္ဒိယ စစ်စခန်းကို ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အုပ်စုများက တိုက်ခိုက်မှုတွင် အိန္ဒိယစစ်သား ၁၈ ဦးသေဆုံးပြီး ထိုဖြစ်ရပ်သည် မြောက်ပိုင်း ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် စခန်းများတွင် ဖြစ်ပျက်ခဲ့သည်များနှင့် တူညီကောင်းတူညီနိုင်သည်။
အသေးစိတ် တိကျစွာ အစီအစဉ်ချ ဆောင်ရွက်ခဲ့သော ယူရီတိုက်ခိုက်မှုသည် နှိုင်းယှဉ်စရာ ဖြစ်သည် ဆိုလျှင် ရခိုင် မြောက်ပိုင်းမှ တိုက်ခိုက်သူများတွင်သာ ပိုမိုကြီးကျယ်သော အကြံရှိခဲ့ပါက ဇာတ်လမ်းမှာ လူတိုင်း ခန့်မှန်းမရ ဖြစ်သွားနိုင်သည်။
မြန်မာနိုင်ငံတွင် ဂျီဟတ်စစ်ပွဲ တောင်းဆိုသော လက်နက်ကိုင်များကို ပြသသည့် ဗီဒီယိုသည် မည်သည့် အဖွဲ့အစည်းမှ ကြိုးကိုင်စီစဉ်သည်ကို အတိအကျ ခြေရာခံနိုင်ခြင်း မရှိသေးသော်လည်း ၎င်းအဖွဲ့များကို ယူရီတိုက်ခိုက်မှုကို ကြိုးကိုင်စီစဉ်သည့် Jaish-e-Mohammed အမည်ရှိ ကက်ရှ်မီးယားတွင် လှုပ်ရှားသည့် ဂျီဟတ်ဝါဒီ အုပ်စု သို့မဟုတ် ထိုထက်ကြီးမားသည့် အစ္စလမ်မစ်နိုင်ငံတော် Islamic State အုပ်စုကဲ့သို့သော အုပ်စုများက သြဇာလွမ်းမိုးသည် သို့မဟုတ် အချိတ်အဆက် ရှိသည်ဟု ယူဆနိုင်သည်။
သို့သော် မောင်တောမြို့နယ် ပြောင်ပစ်ကျေးရွာမှ ရဲများကို ပစ္စတိုများ၊ ဓားများကိုင်ထားသော ရာချီသည့် လူအုပ်၏ တိုက်ခိုက်မှုမှာမူ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများက ရွေးချယ်မည့် နည်းလမ်း မဟုတ်သည်မှာ သေချာသည်။ ထို့အပြင် အနီးနားရှိ တောင်ပိုင်ညာကျေးရွာတွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင် အခြေခံ လက်နက်မျှဖြင့် သတ်ဖြတ်ခံရသောသူ ၇ ဦး၏ အလောင်းများကို ကြည့်လျှင်လည်း ရခိုင်ပြည်နယ်တွင် ဆက်လက်လွှမ်းမိုးနေသော လူ့အဖွဲ့အစည်းချင်း မုန်းတီးမှုကိုသာ ညွှန်ပြနေသကဲ့သို့ ဖြစ်သည်။
ဤဖြစ်ရပ်များသည် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေနှင့် အခြားမြို့ကြီးများတွင် နေထိုင်ကြသူများအား ကွဲပြားသော ချည်းကပ်မှုများသာ ဖြစ်စေသည်။ “ကျနော်တို့က ၂၀၁၂ ခုနှစ်ကလို ရခိုင်တွေနဲ့ မွတ်ဆလင်တွေ ထိပ်တိုက် တွေ့တာလိုမျိုး ထပ်ဖြစ်မှာ စိုးရိမ်တယ်။ အခု အကြမ်းဖက်အုပ်စုတွေ ခြေကုပ်ယူလာတာနဲ့ အတူ တိုက်ခိုက်မှုတွေ ဆက်ဖြစ်ရင် အဲဒီထက် ပိုပြီးဆိုးရွားတဲ့ အခြေအနေ ဖြစ်မယ်” ဟု စစ်တွေမြို့ခံ ဦးတင်အောင်က ရှင်းပြသည်။
အခြား တဖက်တွင်မူ ပျံ့နှံ့နေသော ဗီဒီယိုများအနက် တခုတွင်မူ မော်လဝီဆရာတဦးက မြန်မာအစိုးရသည် မွတ်ဆလင်များကို ကာကွယ်ရန် ကတိပြုထားသော်လည်း ထိုအနှစ်မပါသော ကတိကြောင့် မွတ်ဆလင်များအနေဖြင့် ၎င်းတို့ကိုယ် ၎င်းတို့ ကာကွယ်ရန် လက်နက်စွဲကိုင်၍ အသက်ကို ကာကွယ်ရန် လိုသည်ဟု တိုက်တွန်းထားပြန်သည်။
အမည်မသိ အကြမ်းဖက်အဖွဲ့ အပေါ် စစ်တပ်ဦးဆောင်သော ထိုးစစ်သည် အလုပ်ဖြစ်ပါမည် လော။ ရခိုင်ပြည်နယ်သည် စစ်တပ်များ အကြီးအကျယ် ချပြီး ထိန်းချုပ်ထားသော ဒေသတခု ဖြစ်သည်ကို မမေ့သင့်ပေ။ ထိုအမှန်တရားကို ဒေသခံများက ကောင်းစွာ သဘောပေါက်ပြီးဖြစ်သည်။ လက်နက်ကိုင်တပ်များ ပိုမိုချထားခြင်းသည် လက်ရှိ သတိဖြင့် နေနေရသည့် အခြေအနေကို ရေရှည်တွင် ပိုမိုကောင်းမွန်လာစေမည်ဟု အာမမခံနိုင်ပါ။ မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ နောက်ဆက်တွဲ ညမထွက်ရ အမိန့်သည် အိန္ဒိယမြောက်ပိုင်း နယ်စပ်ဖြစ်ရပ်များနှင့် တူညီနေသော်လည်း အစိုးရ၏ လုပ်ဆောင်မှုသည် တူညီရန် မလိုပေ။
ယူရီအကြမ်းဖက်မှု အပြီးတွင် အိန္ဒိယအစိုးရသည် ထိန်းချုပ်နယ်စပ်မျဉ်း တလျှောက်၌ စက်တင်ဘာ ၂၉ ရက်နေ့တွင် ထိုးစစ်ဆင်တုံ့ပြန်သည်။ ထိုစစ်ဆင်ရေးများက ရောထွေးသော တုန့်ပြန်မှုများကို ဖြစ်စေခဲ့သည်။။ ဝေဖန်သူများက ထိုစစ်ဆင်ရေးသည် ကက်ရှ်မီးယားတွင် ပဋိပက္ခ ပိုမိုမြင့်မားစေမည်လား ဟုမေးခွန်း ထုတ်ကြပြီး လူမှုအဖွဲ့အစည်းများ နှင့် အိန္ဒိယအစိုးရ၏ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု တားဆီးရေး အနေအထားကို အကာအကွယ် ပေးလိုသော ပြည်ပအစိုးရများကမူ အပြင်းအထန် ထောက်ခံကြသည်။ သို့သော် ကက်ရှ်မီးယားမှ အကြမ်းဖက်မှုများမှာ အမျိုးအမည် စုံလှပြီး အိန္ဒိယ၏ နယ်စပ်တလျှောက် အကြမ်းဖက်မှု တိုုက်ဖျက်ရေးမှာ ကက်ရှ်မီးယားကို ဂျီဟတ်စစ်ပွဲဖြစ်လာစေရန် အလုံးစုံ လုပ်ဆောင်နေသကဲ့သို့ ဖြစ်သည်။
ရခိုင်ပြည်နယ် ကောင်းကျိုးကို စဉ်းစားဆုံးဖြတ်ရာတွင် မြန်မာသည် အိန္ဒိယမှ သတိထားစရာ သင်ခန်းစာကို ယူနိုင်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပဋိပက္ခအရှိန် လျော့ချရန် လိုအပ်နေသည်။ နယ်စပ်ကို လုံခြုံစေရေးမှာ ဖြစ်နိုင်သော နည်းလမ်းတခုဖြစ်ပြီး အခြားသေချာသော နည်းလမ်းတခုမှာ ရိုဟင်ဂျာနှင့် အခြားမွတ်ဆလင်များ အပါအဝင် ပြည်သူများကို ယုံကြည်မှု ရှိစေပြီး လုံခြုံသော ခံစားမှု ရရှိရေး ဖြစ်သည်။ ဤနည်းမှာ လုံခြုံရေးတပ်ဖွဲ့များ ပိုမိုချထားခြင်းထက် ရေရှည် ပိုကောင်းသောနည်း ဖြစ်သည်။
လတ်တလောတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေတွင်းမှ တုန့်ပြန်ရေးကို အတည်ပြု ပြောကြားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ၏ အဓိကပြဿနာကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ခေါင်းဆောင်သော အကြံပေးအဖွဲ့က နားလည်ပြီး ရေရှည်အတွက် အဖြေရှာနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ကောင်း ယုံကြည်နေနိုင်သည်။ ယင်းသည် အလုပ်ထက် အပြောက ပိုလွယ်ပါသည်။ သို့သော် ရှေ့သို့ မျှော်ကြည့်ပြီး ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို သံသယအကျိုး ခံစားခွင့်ပြုသင့်သည်။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် ထာဝရငြိမ်းချမ်းရေး ဆောင်ယူပေးရန် ကြိုးစားစဉ် ကက်ရှ်မီးယားနှင့် အခြားဒေသများမှ အဓိက သင်ခန်းစာများမှ အနှစ်သာရကိုလည်း ရယူနိုင်ပါသည်။
(Bidhayak Das သည် နိုင်ငံရေး ခွဲခြမ်းစိတ်ဖြာလေ့လာသူနှင့် တသီးပုဂ္ဂလ အိန္ဒိယ သတင်းစာဆရာဖြစ်သည်။ အထက်ပါ အမြင်သည် သူ၏ အမြင်သာ ဖြစ်သည်။ ၎င်းအား [email protected]