အမျိုးချစ်ခြင်းချစ်တာတခုတည်းသိသူများ
မျက်ကန်းမျိုးချစ်၊ အမျိုးသားရေးဝါဒီ၊ အမျိုးသားရေးအစွန်းရောက်၊ အမျိုးဘာသာသာသနာစောင့်ရှောက်သူများ၊ အမျိုးစုံနေသည့် အမျိုးသားရေးဆိုင်ရာစကားလုံးများကိုစဉ်းစားကြည့်မိသည်။ မျက်ကန်းမျိုးချစ် ဆိုသူများကတော့ တိုင်းပြည်နဲ့လူမျိုးကိုချစ်တာတခုတည်းသိပြီးဘာမှကောင်းမှန်းဆိုးမှန်းဝေဖန်စဉ်းစားခြင်းမပြုဘဲလက်ခံယုံကြည်ခြင်းဖြစ်သည်ဟုအလွယ်နားလည်ထားမိပါသည်။ လက်ရှိအခြေအနေအရဆိုလျှင် ဒီလိုပုဂ္ဂိုလ်တွေမနည်းတာမြင်သာသည်။
ငါတို့ လူမျိုးအခွင့်အရေးဟုတောင်းဆိုမှုရဲ့နောက်ကငါတို့လူမျိုးတမျိုးတည်းသာကောင်းစားရမယ်ဆိုတဲ့ စိတ်တချို့ကိုမြင်မိသည်။ အားလုံးကိုမဆိုလိုပါ။ တချို့ပြင်းထန်တဲ့ လူမျိုးရေးဝါဒရှိသူတွေကဖက်ဒရယ်လို့ အော်ရင်းဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသောလုပ်ရပ်များကိုလည်းမြင်မိသည်။
လူမျိုးရေးအစွန်းရောက်ခြင်းသည် သတိကြီးကြီးထားရမည့် လောင်စာတခုဆိုတာကိုတိုင်းပြည်အနှံ့ လောက်မြိုက်ခဲ့သည့် ပဋိပက္ခများကသက်သေပြခဲ့ပြီးပြီ။ အစိုးရကထိန်းသိမ်းကာကွယ်ဖို့လိုသော ပြဿနာတစုံတခုဖြစ်လာပြီဆိုလျှင် တိုင်းရင်းသားဒေသတွေမှာမကြာခဏကြားရလေ့ရှိသည့် အကြောင်းပြချက်တခုကဒီအစိုးရကလူမျိုးကြီးအုပ်စိုးမှုကိုအားပေးနေတာ၊ လွှမ်းမိုးချင်တာ၊ တိုင်းရင်းသားတွေဆိုရင် ပစ်ထားတာပဲဆိုသည့် သဘောမျိုးမှတ်ချက်များဖြစ်သည်။
ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုမြန်မာပြည်အလယ်ပိုင်းလူအများစုနေရာမှာသာပြုလုပ်ထားသည်ကိုထောက်ပြကြပြန်သည်။ ဒါလည်းအမှန်ပင်ဖြစ်သည်။ သို့သော် နောက်ဆက်တွဲငါတို့လူမျိုးမို့လိုနှိပ်ကွပ်ထားတာ၊ ငါတို့လူမျိုးကောင်းစားဖို့ဆိုရင် စသည့် စကားလုံးများဖြင့် လူမျိုးရေးခံစားချက်များပါလာတတ်သည်။ ပိုးဆိုသည့် အနေအထားများတွင် ဘာသာရေးနဲ့ ကိုင်ကာအပုပ်ချကြသည်။
ဒီလိုမှတ်ချက်များကိုနိုင်ငံရေးသမားတွေကသတိထားသုံးကြပေမယ့် သာမန်ပြည်သူတွေကတော့ ပွင့်ပွင့်လင်းလင်းပြောကြသည်။ လူမှုကွန်ရက် စာမျက်နှာမှာဆိုလျှင် မှိုလိုပွထနေသည်။ ကျနော်တို့တွေသတိကြီးကြီးထားသင့်သောကိစ္စဖြစ်ပါသည်။ တကယ်တမ်းကအာဏာရှင်စနစ်အောက် ခံစားရခြင်းတွင် လူတန်းစားခွဲခြားခြင်းမရှိဟုပြောရလောက်အောင် လူပေါင်းစုံခံစားကြရသည်သာဖြစ်သည်။
ငါတို့လူမျိုးတန်ခိုးရှိဖို့
အမျိုးသားရေးဝါဒီဆိုသည်ကိုလေ့လာကြည့်တော့ ထိပ်ဆုံးကတက်လာသည်ကဟစ်တလာခေတ် Nationalist Movement တွေအကြောင်းဖြစ်သည်။ ဟစ်တလာကိုအမျိုးသားရေးဝါဒီအဖြစ် သတ်မှတ်ထားကြသည်။ ဟစ်တလာ၏ အမျိုးသားရေးဝါဒကအမျိုးသား လွှမ်းမိုးရေးဝါဒဖြစ်သည်။
လူမျိုးတမျိုးကတခြားလူမျိုးတမျိုးထက် ပိုမိုမြင့်မြတ်သည်ဟူသောအယူအဆပေါ်မှာအခြေခံလျက် ကိုယ့်လူမျိုးကတပါးသူကို လွှမ်းမိုးနိုင်ရေးကြိုးစားသောဝါဒပင်ဖြစ်သည်။ ဒါကြောင့် ကိုယ့်အင်အားတောင့်တင်းအောင်လုပ်မည်။ အင်အားကောင်းလာရင် ကိုယ့်ဝါဒအတိုင်း လွှမ်းမိုးနိုင်ရေးကြိုးစားမည်။ ဒီလိုနဲ့ နယ်ချဲ့ဝါဒတခုအဖြစ် ကြမ်းကြုတ်စွာရပ်တည်လာသည်။ ဤပုံစံအမျိုးသားရေးဝါဒသည်လည်းမျက်ကန်းမျိုးချစ်နဲ့ မနီးရိုးစွဲဖြစ်သာဖြစ်ပါသည်။
မိမိတို့နိုင်ငံတွင်လည်းအမျိုးသားရေးဝါဒီတွေအားကောင်းခဲ့ပါသည်။ လွတ်လပ်ရေးတိုက်ပွဲကာလအမျိုးသားရေးဝါဒီတွေဖြစ်ပါသည်။ “ငါတို့လူမျိုးတန်ခိုးရှိဖို့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ် ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်” ဆိုတဲ့ သီချင်းစာသားဟာမျိုးချစ်ဝါဒီဖြစ်ကြောင်းသက်သေပြနေပါသည်။ ထိုစဉ်ကတော့ တိုင်းတပါးသားကိုဆန့်ကျင်ဖို့၊ ကိုယ့်တိုင်းပြည် လွတ်မြောက်ဖို့အတွက် မျိုးချစ်စိတ်ဓာတ်ကိုအမြင့်ဆုံးမရောက် ရောက်အောင် မြှင့်တင်ခဲ့ကြရသည်။ မျိုးချစ်စိတ်ဓာတ်ကိုအရင်းခံကာတတိုင်းပြည်လုံးကိုစုစည်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကမျိုးချစ်စိတ်ဓာတ်တွင် နိုင်ငံဆိုသည်ကလူမျိုးဆိုသည်၏ အထက် ဦးစားပေးအဖြစ် ကျင့်သုံးခဲ့ကြသည်ကိုတွေ့ရမည်ဖြစ်သည်။
လူအခွင့်အရေးချိန်ခွင်
အချိန်ကာလတခုကြာတဲ့အခါ မကြာခဲ့သေးသောပစ္စက္ခတွင် တိုင်းပြည်ကိုချစ်တဲ့စိတ်ကိုပြမိလို့ အမျိုးသားဝါဒီတချို့ အကြမ်ဖက်သမားအမည်တပ်ခံလို့ တပ်ခံရ၊ တိုင်းပြည်ကိုသွေးကွဲအောင် လုပ်သူအဖြစ် ပုံဖော်ခံလိုခံရ၊ ဒီမိုကရေစီခေတ်မှာမသင့်တော်တဲ့ လူသားတွေအဖြစ် ထင်ယောင် မြင်ယောင်ဖြစ်အောင် လုပ်ကြတာတွေမကြည့်ချင်လျက် မြင်ရသည်။
ယခုအချိန်တွင် Nationalist လို့ အမည်တပ်မိတိုင်း၊ မျိုးချစ်စိတ်ရှိသူလို့ အထင်ခံလိုက်ရတိုင်းလူ့အခွင့်အရေးကိုမလေးစားသူတွေအဖြစ် ပုံဖော် အမြင်ခံရသည်။ ဘာသာရေးအစွန်း၊ လူမျိုးရေးအစွန်းရောက်သူများအဖြစ် အမြင်ခံရသည်။ ဘာကြောင့်များဖြစ်နေရတာလဲ။ အနောက်နိုင်ငံကလူတချို့ရဲ့ Nationalist movement ညီမျှခြင်းဟစ်တလာဆိုတဲ့ အကြောက်တရားအရင်းခံတဲ့ အယူအစွဲကြောင့် ဖြစ်လေမည်လား။ Nationalist လို့ ဆိုလိုက်တာနဲ့ ဟစ်တလာလက်သစ်ဆန်ဆန် အမည်တပ်လိုက်ဖို့၊ ပုံဖော်လိုက်ဖို့ အဆင့်သင့်ဖြစ်နေကြတာလည်းဖြစ်နိုင်ပါသည်။
တဖက်မှာလည်းလူ့အခွင့်ရေးနဲ့ အမျိုးသားရေးနဲ့ ယှဉ်လာရင် ဘာကိုရွေးမလဲဆိုတဲ့ မေးခွန်းကပေါ်လာမြဲ။ တကယ်တော့ နှစ်ခုစလုံးကလိုအပ်သည်သာ။ မိမိအမျိုးသည် အဓိကကျပါမည်။ သို့သော် လူသားများအားလုံးသည်လည်းအဓိကကျပါသည်။
မျိုးချစ်စိတ်ကအရေးမကြီးတော့ပြီးလားမဟုတ်ပါ။ သို့သော် အရေးကြီးသည်ကမျက်ကန်းမျိုးချစ် မဟုတ်သော၊ ဟစ်တလာရဲ့ အမျိုးသားရေးဝါဒီစိတ်ဓာတ်မဟုတ်သောမျိုးချစ်စိတ်ဖြစ်ဖို့ လိုကြောင်းကိုတော့ ပြောချင်သည်။ အမျိုးသားရေးဘယ်လိုပုံစံလဲဆိုတာကိုဘောလုံးပွဲနဲ့ ဆက်စပ်စဉ်းစားကြည့်မိသည်။
မျှတသောကစားပွဲ
ဟစ်တလာကသူ့အမျိုးကိုချစ်ပြရင်းတခြားလူမျိုးတွေကိုကျူးကျော်လွှမ်းမိုးပြခဲ့သည်။ ရသည့်နည်းနဲ့ ကျူးကျော်ခဲ့သည်။ မျှတသောစစ် ဆိုတာမရှိခဲ့။ မျှတသောကစားပွဲမဟုတ်ခဲ့။ တဖက်သတ် အနိုင်ကစားခဲ့သည်။ ဒါကြောင့် သူလည်းတဖက်သတ် ချေမှုန်းခံခဲ့ရသည်။ Fair play ကိုအမျိုးသားရေးစိတ်နဲ့ တွဲစပ် အသုံးမပြုတတ်ခဲ့သူသာဖြစ်သည်။ အားကစားပွဲမှာကတဖက်အသင်းကိုရေကုန် ရေခန်းအနိုင်ရရန် ကြိုးစားရမည်။ သို့သော် ညစ်လို့မရ။ လူချ၍ မရ။ အောက်လမ်းနည်းမသုံးရ။ နောက်ဆုံးရလဒ်ကိုလက်ခံရသည်။ ရှုံးလျှင်ပင် လက်ဆွဲနှုတ်ဆက်နိုင်ရသည်။
ကျနော်တို့၏ အမျိုးသားရေးသမားများရဲ့ ကစားပွဲကဘယ်လိုအနေအထားများဖြစ်နေပါသလဲ။ သေသေချာချာစဉ်းစားကြည့်ရင် အောက်အသင်းသာဖြစ်နေသည်။ Fair play ကိုပိုပြီးလိုအပ်နေသောအသင်းသာဖြစ်သည်။ ကိုယ်ကိုယ်တိုင်က Fair play ကိုကိုင်ပြီးသူတပါးလည်းရင်ဆိုင်ဖို့ ကြိုးစားနေရမည်သာဖြစ်သည်။ ကိုယ့်ဘက်ကပြစ်ဒဏ်ဘောတွေမကျူးလွန်မိဖို့ လိုသည်။ ကျူးလွန်လိုက်သည်နှင့် ဝိုင်းမှုတ်ကြမည့် ဝီစီများကတန်းစီနေသည်။
မြန်မာပြည်ရဲ့ အနောက်တံခါးကကျိုးပေါက်တာကိုပြင်ဆင်ဖို့ကြိုးစားတာ၊ အရှေ့ဘက်နံရံကြီးပြိုအိဆင်းလာတာကိုကြံကြံခံဖို့ ကြိုးစားနေရမည်သာဖြစ်သည်။ ကိုယ့်မြေကိုယ့်ရေရေရှည်ခိုင်မြဲဖို့ ခုခံနေရမည်သာဖြစ်သည်။ ဒါတွေလုပ်လို့ ကျနော်တို့တွေကအဲဒါတွေနဲ့ ဆက်စပ်သမျှကိုတရားသေဆန့်ကျင်နေကြခြင်းတော့ မဖြစ်အောင် ဂရုစိုက်ရမည်။
ကျနော်တို့ အမျိုးကိုချစ်ခြင်းကသူတပါးကိုနှိပ်စက်ကလူပြုဖို့ မဟုတ်။ ကိုယ့်အမျိုးမပျောက်ဖို့၊ ကိုယ်တိုင်းပြည် မပျောက်ဖို့၊ ကိုယ့်ဘာသာယဉ်ကျေးမှု့မပျောက်ဖို့ ခုခံနေခြင်းသက်သက်သာဖြစ်သင့်သည်။ ကျနော်တို့ ခုခံကာကွယ်နေရတာဖြစ်တဲ့အတွက် စိတ်အေးလက်အေး၊ သွေးအေးအေးကြံစဉ်းစားချိန် မရခဲ့တာတွေရှိခဲ့ပါမည်။ ဒါကြောင့် ဇာတ်လမ်းကြီးကဇာတ်နာအောင် လုပ်ချင်သူတွေအကွက်ထဲဝင်သွားမိတာတွေရှိခဲ့ပါသည်။ ဒါကြောင့်ပဲလူ့အခွင့်အရေးဟုခေါင်းစဉ်တပ်ကာအဝေဖန်ခံခဲ့ ရခြင်းဖြစ်ပါသည် (အမှန်တကယ် လူ့အခွင့်အရေးကတော့ဖြင့် နိ်ုင်ငံသားအားလုံးပြည့်ဝကြသေးသည် မဟုတ်ပါ)။ အစွန်းရောက် (Radicalism) ဆိုတာကြီးနဲ့ ကိုင်ပေါက်ခံရခြင်းဖြစ်ပါသည်။
ကျနော်တို့တွေကိုယ့်ကိုယ်ကိုယ် ပြန်ပြီးစဉ်းစားဆင်ခြင်ကြည့်စရာလည်းရှိနေတာတော့ အမှန်ပင်ဖြစ်ပါသည်။ မျက်ကန်းမျိုးချစ် မဖြစ်ဖို့၊ မှန်မှန်ကန်ကန်၊ ချင့်ချင့်ချိ်န်ချိန်နဲ့ တုံ့ပြန်ကြံဆတတ်ဖို့၊ သူ့တို့ ထောင်ချောက်တွေကိုသတိထားတတ်ဖို့တော့ အများကြီးသတိရှိရှိကြိုးစားရပါမည်။ ဒါကတတနိုင်ငံလုံးအနေအထားနှင့် ကျနော်တို့ ရင်ဆိုင်နေရသည့် မျက်မှောက် ကမ္ဘာကြီးဖြစ်သည်။ ထိုထိုသော Radical စိတ်အခံများကကမ္ဘာကြီးနဲ့ ရင်ဆိုင်ရမှာတင် ရပ်မနေပါ။ ကိုယ့်ပြည်တွင်းအရေးမှာလည်းနက်နက်ရှိုင်းရှိုင်းသက်ရောက်နေပါသည်။
ပြည်တွင်းကစားပွဲ
ကျနော်တို့ချင်းရင်ဆိုင်နေကြရသည့် ငြိမ်းချမ်းရေကိစ္စ။ တိုင်းရင်းသားတဦးတယောက်ချင်းမှာတာဝန် ရှိသည်ဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်ဖို့ လိုသည်။ တိုင်းရင်းသားခေါင်းဆောင်တိုင်းကမိမိတို့ လူမျိုးရဲ့ အကျိုးစီးပွားကိုဦးစားပေးဆွေးနွေးကြမည်သာဖြစ်သည်။ ဆွေးနွေးလည်းဆွေးနွေးရမည်။ အားမနာတမ်းဆွေးနွေးရမည်သာ။
သို့သော် ဘယ်လိုအနေအထားနဲ့ ဆွေးနွေးကြမည်လဲ။ ဒီမှာတော့ ကိုယ်လူမျိုး မြှင့်တင်ရင်း၊ အခြားလူမျိုးများကိုထည့်သွင်းစဉ်းစားရင်း၊ ပြည်ထောင်စုကြီးတခုလုံးကိုခြုံငုံကာကြည့်နိုင်ကြရပါမည်။ ခေါင်းဆောင်များကနှိုင်းနှိုင်းချိန်ချိန် စဉ်းစားနိုင်ကြမည်ဟု မျှော်လင့်စရာရှိပါသည်။ ဤသို့သောပညာဉာဏ် ဦးစီးသောညှိနိုင်းခြင်းအတတ်ပညာသည် အဓိကလက်နက် ဖြစ်လာပါလိမ့်မည်။ စိတ်စေတနာကောင်းသည် အရောင်ပေါ်လာပါလိမ့်မည်။
ပရိသတ်များ
သို့သော် ပရိသတ်များကရောကွင်းထဲမှာကစားနေကြသည့် အဓိက Player များ မျှမျှတတကစားနိုင်အောင် အလွန်အကျူးအားပေးမကြမ်းဖို့ လိုလေဦးမည် ထင်သည်။ ပရိသတ် အားပေးကြမ်း၍ ပွဲပျက်ခဲ့ပေါင်းလည်းများလှပြီမဟုတ်လား။
ပွဲဆူအောင် လုပ်မည့် သူများကလည်းကျားချောင်းချောင်းနေကြပါသည်။ မကြာမီကျင်းပပြီးခဲ့သည့် ပင်လုံညီလာခံနောက်ပိုင်းကျင်းပတော့မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ ရခိုင်အရေးဖြေရှင်းခြင်းများသည် Fair play ကိုဝိုင်းဝန်းခင်းကျင်းနိုင်မည်၊ အများမြင်အောင် ပြနိုင်မည်ဟုယုံကြည်ပါသည်။ ပရိသတ် ပွဲထိန်းလျှင် ကစားသမားများလည်းအမှားနည်းပါလိမ့်မည်။ ထိုအခါ လက်ခုပ်သံများသည် ကျနော်တို့ အားလုံးဘက်တွင် စုပြုံလာပါလိမ့်မည်ဟု မျှော်လင့်နိုင်ပါသည်။
(လင်းငယ်သည်ဆရာဝန်တဦးဖြစ်သည်။)