စစ်ပွဲများ ချက်ချင်းရပ်

လဖိုင်ဆိုင်းရော်
အောက်တိုဘာလဆန်း မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သော စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ / နန်းလွင်နှင်းပွင့် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

“လူကို မယုံချင် နေပါ။ ဒါပေမယ့် ကျနော်တို့တတွေ အတူရေးဆွဲကြမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ယုံပါ”လို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ၁၉၄၇ ဖေဖော်ဝါရီလမှာ သမိုင်းဝင် ပင်လုံစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ စည်းရုံးခဲ့စဉ်က ဗမာခေါင်းဆောင်တချို့အပေါ် အယုံအကြည် လုံးဝမရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောခဲ့တာပဲဖြစ်ပါတယ်။

ဒီလို သဘောတူစာချုပ်သာရှိမယ်ဆိုရင် လက်နက်ကိုင်ပြီး တိုက်ခိုက်နေစရာမလိုဘဲနဲ့ ပြည်ထောင်စုအသစ်ကို တည် ထောင်တဲ့နေရာမှာ ကြုံနေရတဲ့ နက်နဲတဲ့ နိုင်ငံရေး၊ တိုင်းရင်းသားအရေးတွေကို ဖြေရှင်းနိုင်မယ်လို့ လွတ်လပ်ရေးကြိုးပမ်း နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမယ့် လွတ်လပ်ရေးရပြီး နောက်ပိုင်းကစလို့ ယနေ့ထိအောင် ပဋိပက္ခတွေ မပြတ်တမ်း ဖြစ်နေတာကိုသာ မြင်နေရပါ တယ်။ ဒါကို ကြည့်ရင် ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ကျမတို့ ဘိုးဘေးတွေမှာ တိုင်းရင်းသားအားလုံးအတွက် ငြိမ်းချမ်းတဲ့ နိုင်ငံရေးအဖြေတရပ်ကို ရိုးရိုးသားသားအကောင်အထည်ဖော်ဖို့ အခွင့်အရေးရှိခဲ့ပါရဲ့လားလို့ မေးစရာ ဖြစ်လာ ပါတယ်။

ကျမတို့ရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ဖို့ဆိုရင် ကချင်တွေရဲ့ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတဲ့ အတွေ့အကြုံကို နားလည်ဖို့ လို ပါတယ်။ ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့အတွက် ကချင်ခေါင်းဆောင်များဟာ အမြဲ ပဲ ရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။

ဗြိတိသျှတွေ ကမ်းလှမ်းခဲ့တဲ့ ဟုမ်းရူး (Home Rule)ကို ငြင်းပယ်ပြီး ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုနောက်ကို ထောက်ခံလိုက်ပါဖို့ ကျန်တဲ့တိုင်းရင်းသားခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ တာဟာ ကချင်ကိုယ်စားလှယ်တွေပါ။

ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို လိုက်နာ အကောင်အထည်ဖော်တာ ဘယ်တုန်းကမှ မရှိခဲ့ဘဲ လွတ်လပ်ရေးရဖို့ အလောတကြီးလုပ်ဆောင်ရင်း လက်နက်ကိုင်လှုပ်ရှားမှုများ နိုင်ငံတဝှမ်း အလျင်အမြန် ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီအချိန်တွေကတည်း ကစလို့ ကချင်တွေဟာ ငြိမ်းချမ်းရေးရှာပုံတော်ကို ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး။ လွတ်လပ် ရေးရပြီးတဲ့နောက် အစိုးရအဆက်ဆက် အပြောင်းအလဲဖြစ်တိုင်း လက်နက်ကိုင်အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များနဲ့ သာမန် ကချင်ပြည်သူတွေဟာ ရေရှည် တည်မြဲမယ့် နိုင်ငံရေးအဖြေတရပ်တော့ ရမှာပဲလို့ ယုံကြည်ပြီး ငြိမ်းချမ်းရေး ဆွေး နွေးပွဲတိုင်းကို အားတက်သရော ထောက်ခံခဲ့ကြပါတယ်။

စစ်အစိုးရ၊ အရပ်သားတပိုင်းအစိုးရ၊ ရွေးကောက်ခံ ပြည်သူ့အစိုးရ စသဖြင့် နိုင်ငံရေးခေတ်ကာလတိုင်းမှာ ငြိမ်းချမ်းရေး ရချင်တဲ့ ပြင်းပြတဲ့ဆန္ဒဟာ ဆက်လက်ခိုင်မြဲနေပါတယ်။
၁၉၉၄ ခုနှစ်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် စစ်အစိုးရနဲ့ နှစ်ဦးသဘောတူ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုခဲ့စဉ်က မျှော်လင့်ချက်တွေ အလွန်ကို မြင့်မြင့်မားမား ထားခဲ့ကြပါတယ်။

ကချင်လူမျိုးအများစုအတွက်တော့ အမှောင်လမ်းရဲ့အဆုံးမှာ နိုင်ငံရေးအလင်းရောင်ကို ပထမဆုံးမြင်ခဲ့ရပြီလို့ ယူဆခဲ့ကြပါ တယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တရပ်ကို ရေးဆွဲဖို့ အမျိုးသားညီလာခံ ကို တက်ရောက်ခဲ့ပါတယ်။

သို့သော်လည်း တနိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်နိုင်ရေး မျှော်လင့်ချက်တွေဟာ နောက်ဆုံးမှာ တစစီ ဖြစ်ခဲ့ရပါ တယ်။ ဒီနေရာမှာ အရေးကြီးတာ တခုကို ထောက်ပြရမယ်ဆိုရင် ၁၇ နှစ် ကြာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပြိုလဲခဲ့ရတာဟာ ကချင်တွေဘက်က လုံလောက်တဲ့ အားထုတ်မှု မရှိခဲ့လို့ မဟုတ်ဘူးဆိုတာပါ။

စစ်အစိုးရရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းကန့်သတ်မှုတွေ ရှိနေတဲ့ကြားထဲကကို ကချင်အဖွဲ့အစည်းတွေဟာ ဆယ်စုနှစ်ပေါင်း များစွာ စစ်ဘေးသင့်ခဲ့တဲ့ ပြည်သူတွေရဲ့ အရေးတကြီး လိုအပ်ချက်များကို ဖြည့်ဆည်းကုစားပေးနိုင်ဖို့ ဖြစ်နိုင်သမျှ နည်း လမ်းပေါင်းများစွာ ရှာပြီး ကြိုးစားခဲ့ကြပါတယ်။

ကျေးရွာအခြေပြုဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးပွားလာသလို၊ KIO ဟာလည်း အခြားငြိမ်းချမ်းရေးအဖွဲ့များနှင့်အတူ ဒေသဖွံ့ ဖြိုးရေးကို လုပ်ဆောင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ အခြေခံဥပဒေပြင်ဆင်ရေးဆွဲနိုင်ရေးနဲ့ ငြိမ်းချမ်းရေးကို အာမခံနိုင်မယ့် ပြည်သူ့ကိုယ်စားပြု ရွေးကောက်ခံ အစိုးရတရပ်ပေါ်ထွန်းလာဖို့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိုလည်း တိုက်တွန်းလုပ် ဆောင်ခဲ့ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ရည်မှန်းချက်တွေပြည့်ဝစေဖို့အတွက် KIO နဲ့ အခြား ငြိမ်းချမ်းရေးအဖွဲ့ ၁၂ ဖွဲ့ဟာ ဖက်ဒရယ် စနစ် ပေါ်ထွန်းလာဖို့ ဘုံမျှော်မှန်းချက် တရပ်ကို အမျိုးသားညီလာခံကို တင်သွင်းခဲ့ပါတယ်။ ဒါကလည်း ၁၉၄၇ ခုနှစ် ပင်လုံ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ပြည်ထောင်စုတည်ထောင်သူခေါင်းဆောင်များ ကတိပြုခဲ့တဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးကို အာမခံပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

သို့သော်လည်း အဲဒီအဆိုပြုလွှာဟာ ဖိုင်တွဲထားပါ့မယ်ဆိုတဲ့ ကတိတလုံးနဲ့တင် ဥပေက္ခာပြုခံလိုက်ရပါတယ်။ တချိန်တည်း မှာပဲ ပတ်ဝန်းကျင်ပျက်စီးခြင်း၊ မြေယာသိမ်းယူခြင်းနဲ့ လူ့အခွင့်အရေးအမျိုးမျိုးချိုးဖောက်ခြင်း စတဲ့ ဆိုးဝါးတဲ့ဖိနှိပ်မှု၊ အကျင့် ပျက်ခြစားမှု ပုံစံသစ်တွေ ပေါ်ထွက်လာခဲ့ပါတယ်။

နောက်ထပ်ပိုပြီး စိတ်ပျက်စရာကောင်းတာကတော့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ကချင်လူထု ကို ကိုယ်စားပြုမယ့် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းဖို့ ကြိုးစားမှုဟာလည်း ပိတ်ပင်တားဆီးခြင်း ခံခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ဘဝလုံခြုံမှုနဲ့ တိုးတက်မှုကို ကချင်ပြည်သူ အနည်းစုကသာ မြင်ခဲ့ရပြီး ကျန်အများစု အ တွက်ကတော့ စစ်နဲ့ ငြိမ်းချမ်းရေး ဘာများကွာခြားသေးလဲလို့ မေးစရာဖြစ်ခဲ့ရပါတယ်။

၁၇ နှစ်တိုင် တည်မြဲခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အရိပ်အမိုးအောက်မှာ ဖွဲ့စည်းခဲ့တဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတပိုင်းအစိုးရ တက်လာတာနဲ့ တပြိုင်တည်း ပြိုပျက်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ တိုက်လေယာဉ်၊ စစ်သုံးရဟတ်ယာဉ်၊ လက်နက်ကြီး စသဖြင့် နည်းပညာအဆင့်မြင့်တဲ့ စစ်လက်နက် များကို အတိုင်း အဆမရှိ အသုံးပြုပြီး တိုက်ခိုက်တဲ့အခါ ကချင်လူမျိုး ပြည်သူပေါင်း ၁၀၀,၀၀၀ ကျော်ဟာ အသက်ဘေး က လွတ်ဖို့ အစိုးရတပ်တွေနဲ့ ဝေးရာဆီကို ထွက်ပြေးကြရပါတယ်။

အများစုဟာ စစ်ရှောင်စခန်းတွေမှာ ယနေ့တိုင် ပင်ပန်းဆင်းရဲစွာနဲ့ မျှော်လင့်ချက်မဲ့ နေထိုင်နေကြရပါတယ်။ တချိန်တည်း မှာပဲ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို သမ္မတဦးသိန်းစိန်က ယာယီရပ်ဆိုင်းထားခဲ့ပေမယ့် ကျောက်စိမ်း၊ သစ် စတဲ့ သ ဘာဝသယံဇာတတွေကို မတရားထုတ်ယူ အသုံးပြုတာတွေဟာ တိုးမြှင့်လာခဲ့ပါတယ်။

ဒီလို တရားလက်လွတ် ဖိနှိပ်နှိမ့်ချဆက်ဆံခြင်းဟာ မျိုးဆက်သစ်တွေအတွက် နာကျင် နစ်နာရခြင်းကိုသာ တိုးပွားလာစေ ခဲ့ပါတယ်။ ခုဆိုရင် ကချင်အများစုဟာ စစ်မှန်ပြီး လက်တွေ့ကျတဲ့ နိုင်ငံရေးအဖြေတရပ်ကို မရမချင်း လက်နက်ကိုင် တော် လှန်ရေးကို မစွန့်သင့်ဘူးလို့ ပိုပြီးစွဲစွဲမြဲမြဲ ထင်မြင်လာကြပါတယ်။

ဒီလို အခက်အခဲတွေရှိပေမယ့် ကချင်ခေါင်းဆောင်တွေဟာ အခွင့်အရေးပေါ်လာတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါ ဝင်နေခဲ့ပါတယ်။ တိုက်ပွဲတွေပြန်ဖြစ်ခဲ့တဲ့ ၂၀၁၁ ကစပြီး သမ္မတဦးသိန်းစိန် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက် လက်လုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၃ အောက်တိုဘာကို ရောက်တော့ သဘောတူညီမှုတခုကို ရခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ နိုင်ငံရေးအဖြေတရပ်ကို ရဖို့ ဗဟိုအစိုးရနဲ့ ဆွေးနွေးတဲ့အခါ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ စုပေါင်းဆွေးနွေးညှိနှိုင်းဖို့ အခွင့် အရေးကို ရရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း နိုင်ငံရေးအမြင် သဘောထားကွဲလွဲမှုများ မကြာခင်မှာပဲ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပထမအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဟာ လွှတ်တော်နဲ့ တိုင်းရင်းသားငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ် နှစ်ခုကြားမှာ တကန့်စီသီးခြား ဖြစ် နေပါတယ်။

ဒုတိယအနေနဲ့ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၆ အောက်တိုဘာမှာ “တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)” ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ မထိုးရသေးတဲ့အဖွဲ့အများစုကြားမှာလည်း တကန့်စီ ဖြစ်နေပါတယ်။ KIO အပါအဝင် အများစုကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားလုံးပါဝင်ခွင့်ပြုတာကို စောင့်ဆိုင်း ပြီးမှ လက်မှတ်ရေးထိုးလိုကျတာ ဖြစ်ပါတယ်။

အမြင်သဘောထားကွဲလွဲမှုများစွာရှိနေပေမယ့်၂၀၁၆ မတ်လကစပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်က အစိုးရတာဝန်များကို ယူလာတဲ့အခါ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး နိဒါန်းသစ်တရပ်ဟာ လက်တစ်ကမ်းအလိုကို ရောက်လာပြီဆိုပြီး မျှော်လင့်ချက်များတိုးပွားလာခဲ့ပါတယ်။

အစိုးရဖွဲ့စည်းပုံဟာ ဗဟိုထိန်းချုပ်တဲ့ တစုတဖွဲ့ကသာ သြဇာလွှမ်းမိုးထားတဲ့စနစ်မျိုး ဖြစ်နေပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥ ပဒေကလည်း စိုးမိုးနေဆဲ ဆိုပေမယ့် မြန်မာ့အနာဂတ်အတွက် အပြုသဘော ရှုမြင်မှုတွေ ပိုရှိလာကြပါတယ်။ တကယ် တမ်းကျတော့ ၁၉၆၂ ခုနှစ်ကစပြီး ဒီကနေ့ထိအောင် တပ်မတော်ဟာ တခုတည်းသော အာဏာပိုင် အဖွဲ့အစည်းဖြစ်ပြီး၊ အစိုးရအဖွဲ့မှာလည်း ပြန်လည်တွန်းလှန်နိုင်ဖို့ မဖြစ်နိုင်လောက်အောင် တပ်မတော်က နေရာတိုင်းမှာ ဖြန့်ကြက် ချုပ်ကိုင် ထားတာဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ကျင်းပပြီးစီးခဲ့တဲ့ “၂၁ ရာစုပင်လုံညီလာခံ” ကို KIO ကလည်း တက်ရောက်ခဲ့ပါတယ်။ ဒီညီလာခံ အ ပြီးမှာ ငြိမ်းချမ်းတဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ မျှော်လင့်ချက်များ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ သီးခြားစီဖြစ်နေတဲ့ လွှတ် တော်နဲ့တိုင်းရင်းသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အများပြည်သူအကျိုးကို ရှေ့ရှုပြီး ပေါင်းစည်းနိုင်ခဲ့ပြီလို့ ယူဆစရာ ဖြစ်ခဲ့ပါတယ်။

ဒီလိုမျှော်လင့်ခဲ့ကြတဲ့ ငြိမ်းချမ်းရေးလမ်းစဟာ အချိန်တိုအတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့ပြန်ပါတယ်။ ငြိမ်းချမ်းရေးဆွေး နွေးပွဲများ ပြုလုပ်နေစဉ်မှာပဲ တပ်မတော်ရဲ့ ထိုးစစ်များဟာ အရှိန်မြှင့်လာခဲ့ပါတယ်။ ၂၀၁၆ စက်တင်ဘာလလယ်လောက် မှာ တိုက်စစ်အရှိန်မြှင့်လာပြီး KIO စခန်းတွေကို လက်နက်ကြီးများအပြင် လေကြောင်းကပါ အပြင်းအထန်တိုက်ခိုက်ခဲ့ပါ တယ်။

၂၀၁၆ အောက်တိုဘာ ၁၄ ရက်နေ့မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ ဒုတိယအထွေထွေ အတွင်း ရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး စတီဖင်အိုဘရိုင်ယန်က အချို့နေရာတွေမှာ စစ် ရှောင်ပြည်သူများဆီကို ပေးပို့ရမယ့် အကူအညီတွေကို အာဏာပိုင်များက ပိတ်ဆို့တားဆီးထားတာကို စိုးရိမ်မိတယ်လို့ ပြော ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး မစ္စတာအိုဘရိုင်ယန်က “စစ်ဘေးကနေ လွန်ခဲ့တဲ့ငါးနှစ်ကျော်က ထွက်ပြေးခဲ့သူတွေနဲ့ ကျနော် စကားပြော ခဲ့ပါတယ်။ တကယ်တော့ သူတို့ဟာ ကိုယ့်အိမ်ကိုယ်ပြန်နိုင်ဖို့ သေနတ်သံတွေ တိတ်သွားအောင် စောင့်နေရသူတွေပါ” လို့ ပြောခဲ့ပါတယ်။

ဒီလို အဖြစ်တွေဟာ ကချင်လူမျိုးတွေအတွက် ဖြေရှင်းဖို့ ခက်လှတဲ့ ပဟေဠိတခု ကာလရှည်ကြာ ရှိနေတာကို မီးမောင်း ထိုးပြနေတာပဲ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ အစိုးရနဲ့ တပ်မတော်သာ ဆန္ဒရှိမယ်ဆိုရင် ထိုးစစ်တွေ ရပ်သွားတာ ကြာပြီဆိုတာကို သူတို့ ကောင်းကောင်းသိနေလို့ပါပဲ။

ဘာကြောင့်လဲဆိုတော့ ၁၇ နှစ်ကြာအောင် ထိန်းထားနိုင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ အကောင်းဆုံးသက်သေ သာဓက ဖြစ်နေလို့ပါပဲ။ သို့သော်လည်း ပြီးခဲ့တဲ့ ၅နှစ်တာကာလကို ပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရှိတိုင်း ဒါမှမ ဟုတ် ကြေညာချက်တွေ ထုတ်ပြန်တိုင်း တပ်မတော်ရဲ့စစ်ဆင်ရေးတွေဟာ လျော့မသွားဘဲ ပိုတိုးလာတာသာ တွေ့ရပါ တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ဦးဆောင်တဲ့ အစိုးရဟာ တပ်မတော်ရဲ့ ထိုးစစ်အပေါ်မှာ သိသိသာသာကြီးကို ကိုယ်နဲ့မဆိုင်သလို ဆိတ်ဆိတ်နေတဲ့အပေါ်မှာလည်း စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရေးထိုးခြင်း တနှစ်ပြည့် အခမ်းအနားမှာ တိုင်းရင်းသားအဖွဲ့တွေကသာ NCA ကို လက်မှတ်ထိုးလိုက်တာနဲ့ တိုက်ပွဲတွေ ပြီးသွားမှာပဲလို့ သဘောရတဲ့စကားကို ပြောခဲ့ပါတယ်။

အဲဒီလို အမြင်မျိုးကို ကြည့်ရင် NLD ဟာ ဒီပြဿနာရဲ့ အတိမ်အနက်ကို နားမလည်နိုင်တာလား၊ ဒါမှမဟုတ် ရင်ဆိုင်ဖြေ ရှင်းဖို့ အစွမ်းမရှိတာလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိလာနေပါတယ်။ ဒီလို အမြင်မျိုးဟာ တကယ်ပဲ အစိုးရရဲ့ ယုံကြည် ချက်သာ ဖြစ်နေမယ်ဆိုရင် NCA ဟာ အဖွဲ့တိုင်းအတွက် ပါဝင်ခွင့်ပေးထားတာမဟုတ်ဘူးဆိုတာရယ်၊ တပ်မတော်ဟာ လည်း NCA ကို အမှန်တကယ် လေးစားလိုက်နာမှု ရှိမနေဘူးဆိုတဲ့အချက်ကို မျက်ကွယ်ပြုရာ ရောက်နေပါတယ်။

သက်သေသာဓကအနေနဲ့ကတော့ မကြာသေးခင်ကမှ ဖြစ်ပွားခဲ့တဲ့ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ ကရင်ပြည်နယ် မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက RCSS တို့ကို တပ်မတော်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေကို ထောက်ရှုနိုင်ပါတယ်။

တပ်မတော်ဟာ အာဏာရှင်ဆန်တဲ့ နိုင်ငံရေး၊ စီးပွားရေး အစုအဖွဲ့ တခုဖြစ်လာပြီး တက်လာတဲ့ အစိုးရမှန်သမျှ စစ်အစိုး ရပဲဖြစ်ဖြစ်၊ ရွေးကောက်ခံအရပ်သားအစိုးရပဲဖြစ်ဖြစ် စစ်တပ်နဲ့ နီးစပ်အောင် ကြိုးစားရင်း၊ စစ်အာဏာရှင်စနစ် တည်မြဲ အောင် ဆက်ပြီး ပံ့ပိုးပေးနေတာကိုသာ တွေ့ရပါတယ်။

ပြည်ထောင်စုကြီးဖြစ်လာအောင် ပူးတွဲတည်ထောင်ခဲ့ကြတဲ့ ကချင်တွေအတွက်ကတော့ ဒီလိုမမျှတတဲ့ ရွေးကောက်မခံဘဲ အုပ်ချုပ်နေတဲ့စနစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တွန်းလှန်နေတာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ မြင်နေပါစေ၊ ကချင် တွေအနေနဲ့ကတော့ သူတို့ အခွင့်အရေးကို သူတို့ကိုယ်တိုင် ကာကွယ်နေမှာဖြစ်ပြီး၊ စစ်ရေးနဲ့အကြမ်းဖက်မှုတွေကိုလည်း အမြဲတွန်းလှန်နေမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးကတည်းက အတွေ့အကြုံတွေကို ပြန်ကြည့်လိုက်ရင် ဒီတော်လှန်ရေးဟာ ကချင်တွေအတွက်တော့ ဆက်လက် ရပ်တည်ရှင်သန်နိုင်ဖို့အတွက် ရုန်းကန်မှုတခုဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ နိုင်ငံအနှံ့ တခြားတိုင်း ရင်းသားပေါင်းစုံပါ ခံစားနေရတဲ့ ဒီဒုက္ခမျိုးဟာ အချင်းချင်းကြားက ဆက်ဆံရေးတွေကို ထိခိုက်ပျက်စီးစေပါတယ်။

ယခုလည်းပဲ ဗမာတိုင်းရင်းသားအများစု ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ အဖြေရှာဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ က ချင်လူမျိုးအများစုဟာ ဗမာအထက်တန်းလွှာ အီလိ (Elite) တွေအပေါ်မှာ “သူတို့ဗမာအချင်းချင်း အဆင်မပြေတဲ့အခါတိုင်း တို့တွေကို သွေးခွဲပြီး ဖြစ်လာတဲ့ပြဿနာအပေါ်မှာ အမြတ်ထုတ်မယ်၊ သူတို့ချင်း တည့်ပြီဆိုရင်တော့ စုပေါင်းပြီး တို့ တွေကို အမျိုးဖြုတ်မယ်” လို့ မြင်နေကြတာဟာ ဝမ်းနည်းစရာပါ။

မြန်မာ့အနာဂတ်ဟာ ရှေ့မှာဆက်ပြီး တောက်ပနိုင်ပါသေးတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ထိုးစစ်တွေသာ ဆက်တိုးလာနေ မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လက်နက်နဲ့ဖြေရှင်းပစ်မယ်ဆိုတဲ့ စစ်ဝါဒဟာ ကချင်တွေအတွက်ပဲဖြစ်တဲ့ သီးခြားပြဿနာ မဟုတ် ဘဲ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြဿနာဆိုတာကို အသိအမှတ်ပြုဖို့ သိပ်အရေးကြီးပါတယ်။

တကယ်လို့များ စစ်အုပ်ချုပ်ရေးဘက်ကို နောက်ပြန်လှည့်ခဲ့မယ်ဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ အထုအထောင်းခံလာရတဲ့ ကချင်တွေအဖို့ သိပ်မထူးတော့ပေမယ့် ဒီမိုကရေစီအပြောင်းအလဲဖြစ်ပေါ်လာဖို့ ဝိုင်းကြိုးစားနေသူ အားလုံးအတွက်တော့ အလွန်စိုးရိမ်ရမယ့် အချက်ဖြစ်နေပါတယ်။

နိုင်ငံရေးအဖြေကို စစ်မြေပြင်မှာ ဘယ်တော့မှ ရှာလို့တွေ့မှာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးသာ ပြန်ဖြစ်ခဲ့မယ်ဆိုရင် အနိုင် ရသူ တဦးမှ မရှိဘဲ အားလုံးဟာ အရှုံးကြီးရှုံးကြရပါမယ်။ စစ်ရေးနဲ့ အရင်ဆုံးဖြေရှင်းမယ်ဆိုတဲ့ ဗျူဟာကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်သလို လက်ရှိ နိုင်ငံရေးအခင်းအကျင်းကနေလည်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီခြေလှမ်းကို လှမ်းနိုင် မှာမဟုတ်ပါဘူး။

ပိုဆိုးမှာက မြန်မာနိုင်ငံဟာ ပဋိပက္ခ – အပစ်ရပ်ခြင်း – ကတိပျက်ခြင်း စတဲ့ သံသရာထဲက ရုန်းမထွက်နိုင်ဘဲ နိုင်ငံတော် တည်ဆောက်ရေးနဲ့ တိုးတက်အောင်မြင်ရေးဟာလည်း အရှုံးနဲသာ ဆက်ပြီးရင်ဆိုင်နေရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ဆိုတာ ကျမတို့အားလုံးရဲ့ ပုခုံးပေါ်ကို ရောက်လာပြီဖြစ်ပါတယ်။ နိုင်ငံရေး ပါ တီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ၊ ဘာသာရေး အ သင်းအဖွဲ့များ၊ ငြိမ်းချမ်းရေးအတွက် အစုအဖွဲ့ ဒါမှမဟုတ် တကိုယ်တော်လှုပ်ရှားသူများဟာ ပေါင်းစည်းစုဖွဲ့ပြီး လုပ်ကြရ ပါမယ်။

“စစ်ပွဲများ ချက်ချင်းရပ်” လို့ ပြောရမယ့် အချိန်ရောက်လာပါပြီ။

(ဒေါ်လဖိုင်ဆိုင်းရော်သည် ၂၀၁၃ ခုနှစ် ရာမွန်မက်ဆေးဆေးဆုရှင်ဖြစ်ပြီး၊ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ဧရာဝတီ (Airavati) လူမှုရေးအဖွဲ့တို့ကို တည်ထောင်ခဲ့သူ ဖြစ်ပါသည်။ Transnational Institute ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော မူရင်းဆောင်းပါးကို ပြန်လည်တည်းဖြတ်ဖော်ပြပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading