အမြင်သာနီး ခရီးဝေးသည့် မြန်မာ့ ငြိမ်းချမ်းရေး

ကျော်စွာမိုး
၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် ပိတ်ပွဲတွင် တွေ့ရသည့် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ / Reuters
Want create site? Find Free WordPress Themes and plugins.

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဦးစားပေး နိုင်ငံရေးအစီအစဉ် ဖြစ်သောငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် တပ်မတော်၏ ဆက်တိုက် ထိုးစစ်များကြောင့် မရေမရာဖြစ်နေပြီ ဖြစ်သည်။ တချိန်တည်း တွင် ဒေါ်အောင်ဆန်းစုကြည်သည် သတ်မှတ်အချိန် အတွင်း ပြည်တွင်း ငြိမ်းချမ်းရေးကို ရယူရုံတင်မက မြန်မာ့တပ်မတော်က ရေးဆွဲခဲ့သည့် ဒီမိုကရေစီ မဆန်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်လိုသည်။

အောက်တိုဘာ ဒုတိယ အပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော လက်ရှိအစိုးရက ၎င်း၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး မူဝါဒနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး မူဝါဒများကို ကြေညာခဲ့သည်။ ထို မူဝါဒများကို မူလကြိုတင် စီစဉ်ထားသည့် သတ်မှတ်ချက်များနှင့် အညီ ပြီးစီးအောင် လုပ်မည့်သဘော အရိပ်အယောင်ကို တွေ့ရ သည်။ ထိုမူဝါဒများကို ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၅ ရက်နေ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး အစိုးရသတင်းစာများကလည်း ဖော်ပြခဲ့ကြ သည်။

အချက် ၇ ချက်ပါသော အမျိုးသား ပြန်လည်သင့်မြတ်ရေး မူဝါဒနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး မူဝါဒ၏ ပထမ အချက် ၂ ချက်မှာ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ခေါင်းဆောင်သော ယခင်အစိုးရက ရေးဆွဲခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ဖြစ်သည်။ တတိယနှင့် စတုတ္ထအချက်မှာ ၂၁ ရာစုပင်လုံညီလာခံကို ဆက်လက် ကျင်းပရန်နှင့် ထိုညီလာခံအပေါ် အခြေခံ၍ ပြည်ထောင်စုငြိမ်းချမ်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရသည် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် အချိန်ကာလ မည်မျှ သတ်မှတ်ထားသည်ကို မည်သည့်အခါကမျှ တရားဝင် ပြောကြားခဲ့ခြင်း မရှိကြသော်လည်း စိတ်ထဲတွင်မူ တိကျသော အချိန်သတ်မှတ်ချက် ရှိပုံရသည်။ ပဉ္စမအချက်တွင် လက်ရှိဖွဲ့စည်းပုံကို ပြည်ထောင်စု သဘောတူညီချက်နှင့် အညီ ပြင်ဆင်ရေးဟု အတိအလင်း ဖော်ပြထားပြီး ဆဌမ အချက်မှာမူ ပြင်ဆင်ထားသော ဖွဲ့စည်းပုံနှင့် အညီ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပရေး ဟု ဖော်ပြထားသည်။

ဤအချက် ၂ ချက်သည် အချိန် သတ်မှတ်ချက်ကို ပြသနေသည်။ အစိုးရ၏ မူဝါဒတွင် ဖော်ပြထားသည့် အထွေထွေရွေးကောက်ပွဲမှာ နောက်လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ရည်ညွန်းပုံ ရသည်။ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြည်ထောင်စုအဆင့် သဘောတူညီချက်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် မူဝါဒ၏ အခြားအချက်များကို အကောင်အထည် ဖော်ရမည် ဖြစ်သည်။

အဆိုပါ အချက်အရ အစိုးရ၏ မူဝါဒများသည် ပြည်တွင်း ငြိမ်းချမ်းရေး ရရုံသာမက နိုင်ငံဥပဒေများ ပြင်ဆင်ရေးကိုပါ ရည်မှန်းကြောင်း အထင်အရှား ပြသနေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခွင့်ထူးများ ခံစားနေသော မြန်မာ့တပ်မတော်သည် လက်ရှိအခြေအနေတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အတိုက်အခံ လုပ်နိုင်သောကြောင့် လက်တွေ့တွင် ထိုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အားထုတ်မှုကို ပိုမိုကြီးမားသော စိန်ခေါ်မှုဟု သတ်မှတ်နိုင်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မူလရည်မှန်းချက်များ အနက်တခုမှာ “မြန်မာပြည်သူအားလုံး အေးချမ်းလုံခြုံစွာ အတူတကွ နေထိုင်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဖြစ်သည်။ ထိုအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တရားဝင်ဖော်ပြထားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတို့က ၎င်းတို့၏ ကတိကို တည်ရန် အတွက် ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်နိုင်ရန် လိုသည်။ သို့သော် တပ်မတော်၏ အဓိကတာဝန်မှာ ၎င်း၏ စီးပွားရေး အကျိုးစီးပွားနှင့် နိုင်ငံရေးနယ်ပယ်တွင် အခွင့်ထူးများကို ကာကွယ် အာမခံပေးသော လက်ရှိဖွဲ့စည်းပုံကို ကာကွယ်မည် ဖြစ်သဖြင့် ဤကိစ္စမှာ မည်သည့် အစိုးရအတွက် မဆို မယုံကြည်နိုင်လောက်အောင် ခက်ခဲသော ကိစ္စရပ် ဖြစ်နေဆဲ ဖြစ်သည်။

မူဝါဒ၏ ဆဋ္ဌမ အအချက်တွင် ရွေးကောက်ပွဲကို ပြင်ဆင်ထားသော ဖွဲ့စည်းပုံနှင့် အညီ ကျင်းပမည်ဟု ဖော်ပြထား သဖြင့် ရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံပဒေ ပြင်ဆင်ပြီးမှသာ ကျင်းပနိုင်မည်ဟု အဓိပ္ပာယ်ရသည်။ သတ္တမ မြောက်နှင့် နောက်ဆုံးအချက်မှာ ရွေးကောက်ပွဲ၏ ရလဒ်ကို အခြေခံပြီး ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးဟု အစိုးရ၏ အန္တိမရည်မှန်းချက်ကို ဖော်ပြထားသည်။

ငါးနှစ်အတွင်း ဤမျှသော ပန်းတိုင်များကို ရောက်ရှိရေးမှာ လက်ရှိနိုင်ငံရေး အခြေအနေအရ အတော် ရည်မှန်းချက်ကြီးသည်ဟု ပြောနိုင်သည်။

သို့သော် သြဂုတ်လကုန် ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကြီး ကျင်းပပြီး၂ လအကြာ ယခု အချိန်တွင်ပင် စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်၊ တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ အကြား တိုက်ခိုက်မှုများ နယ်စပဒေသတွင် အရှိန်မြင့်လာသည်။

ပင်လုံငြိမ်းချမ်းရေး ညီလာခံ မကျင်းပမီ ၂ ပတ်အလို သြဂုတ်လ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်မှ ယခုအကြိမ် တိုက်ပွဲများ စတင်ခဲ့သည် ။ ထိုတိုက်ပွဲများသည် အနည်းဆုံး ငြိမ်းချမ်းရေး ညီလာခံပြီးမှသာ အဆုံးသတ် သို့မဟုတ် လျှော့ကျမည်ဟု မျော်လင့်ရသည်။ သို့သော် မြန်မာ့တပ်မတော်က တိုက်လေယာဉ်များ သုံပြီး တိုက်ပွဲအရှိန်မြှင့်သည်။ ဤသို့ဖြစ်ပေါ်ခြင်းမှာ တိုက်ဆိုင်မှုဟု ပြောရန်ခက်သည်။ ဤပဋိပက္ခများကြောင့် ကချင်ပြည်နယ် ဖားကန့်မှ ပြည်သူသောင်းချီ လမ်းမပေါ်ထွက်ကာ ဆန္ဒပြပြီး ထိုးစစ်ရပ်ရန် စစ်တပ်ကို တောင်းဆိုကာ အစိုးရက လူမျိုးစု လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေစဉ် ဆက်လက်တိုက်ခိုက်နေခြင်းကို ဝေဖန်ကြသည်။

ထိုသို့ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တိုက်ပွဲ ဆက်တိုက်ဖြစ်နေသည်နှင့် ပတ်သက်ပြီး အစိုးရမှ တခွန်းတပါဒမျှ တုံ့ပြန် ပြောကြားခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရသည် မြန်မာ့တပ်မတော်၏ KIA အပေါ် ကြီးမားသော ထိုးစစ်ကို ဝေဖန်ပြောကြားခြင်း မရှိသဖြင့် အကြီးအကျယ် ရှုတ်ချခံရသည်။ ဤသို့သော အခြေအနေများကို လူထုသို့ ကျိုးကြောင်းဆီလျှော်စွာ ရှင်ပြခြင်း မရှိသဖြင့့် အစိုးရသည် ထိုဝေဖန်မှုများနှင့် ထိုက်တန်သည်ဟု ရိုးသားစွာ ယုံကြည်ပါသည်။

သို့သော် နောက်ထပ်ဆက်စပ် မေးခွန်တခု ရှိသေးသည်။ အစိုးရသည် အဘယ်ကြောင့် ဤမျှနှုတ်ဆိတ် နေရသနည်း ဟူသော မေးခွန်းဖြစ်သည်။

မြန်မာပြည်သူအားလုံးနှင့် နိုင်ငံတကာအသိုင်းအဝန်းသည် ဤကဲ့သို့သော ထိုးစစ်များတွင် မြန်မာ့တပ်မတော်နှင့် အစိုးရသည် တသားတည်း မဟုတ်ဆိုသည်ကို နားလည်ကြမည် မဟုတ်ပေ။ လူမျိုးစု လက်နက်ကိုင်အုပ်စုများကို တိုက်ခိုက်ရေးနှင့် ပတ်သက်လျှင် တပ်မတော်သည် အာဏာရှိသူ ဖြစ်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် သူတို့၏ မျက်နှာများတွင်အပြုံးများ လှိုင်နေသည်ကို မကြာခဏ တွေ့ရသော်လည်း မျှမျှတတ ပြောရလျှင် အစိုးရနှင့် စစ်တပ်အကြား ဆက်ဆံရေး၏ အတိမ်အနက်ကို မည်သူမျှ အတိအကျ မသိကြပေ။ သို့သော် သေချာသော အချက်တချက်ရှိသည်။ ၎င်းမှာ တိုက်ပွဲများနှင့် ပတ်သသက်လျှင် အစိုးရသည် မြန်မာ့တပ်မတော်ကို အမိန့်ပေးနိုင်သည့်အနေအထားမှာ ရှိပုံမရပါ။ ဤအချက်မှာ ၂၀၁၃ ခုနှစ်က ဗိုလ်ချုပ်ကြီးဟောင်းသမ္မတဦးသိန်းစိန်ကိုယ်တိုင်ပင် KIA ကို တိုက်ခိုက်မှု ရပ်ရန် တပ်မတော်ကို ညွှန်ကြားသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်ကို ကြည့်လျှင် ထင်ရှားသည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သား အစိုးရက ထိုးစစ်ရပ်ရန် တပ်ကို အမိန့်ပေးရန်မှာ မည်မျှပိုမို ခက်ခဲသည်မှာ ထင်ရှားလာသည်။ ဤသို့သော အခြေအနေတွင် အစိုးရသည် ရှေ့ထွက်လာပြီး သူတို့သည် မြန်မာ့တပ်မတော်ကို မထိန်းချုပ်နိုင်ကြောင်း ဝန်ခံရန် အနေအထားတွင် မရှိပေ။ မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသော နိုင်ငံရေး အခြေအနေကို နားလည်သော လူထုသည် ဤသို့ရိုးသားသော ဝန်ခံမှုကို လက်ခံနိုင်သည်။ သို့သော် တပ်မတော် ခေါင်းဆောင်များ အတွက်တော့ စိတ်ငြိုငြင် စရာ ဖြစ်ပေလိမ့်မည်။

ယခု ဆက်လက် ဖြစ်ပွားနေသော ထိုးစစ်သည် တိုင်းရင်းသားများထံမှ ယုံကြည်မှုရရန် ကြိုးစားနေသော အစိုးရ၏ အားထုတ်မှုများကို ဆက်လက် ထိခိုက်စေလျှက် ရှိသည်။ မြန်မာ့တပ်မတော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ချည့်နဲ့စေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေသလား ဆိုသည့် မေးခွန်းအတွက် အဖြေကိုမူ မသိရသေးပေ။

အစိုးရ၏ ငြိမ်းချမ်းရေး မူဝါဒတခုလုံးသည် လုံးဝတောင်တက်ခရီးကြမ်း သဖွယ် ဖြစ်နေသည်။ သို့သော် မဖြစ်နိုင်သော ခရီးဟုတော့ ဆို၍ မရ။ များမြောင်လှသော စိန်ခေါ်မှုမှုများ အနက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုသည် ဤလုပ်ငန်းစဉ် တလျှောက်လုံးတွင် လုံးဝအဓိကကျနေသည်။ သူ၏ ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်ရန် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ခေါင်းဆောင်ပိုင်းကို ပူးပေါင်း ဆောင်ရွက်ရေး အတွက် မည်သို့မည်ပုံ ဖျောင်းဖျမည်ကို စောင့်ကြည့်ရန်သာ ရှိပေတော့မည်။

(www.irrawaddy.com တွင် ဖော်ပြထားသော ကျော်စွာမိုး၏ An Uphill Mission But Not Mission Impossible ဆောင်းပါးကို ဘာသာပြန် တင်ပြခြင်းဖြစ်သည်။ ကျော်စွာမိုးသည် The Irrawaddy မီဒီယာ၏ အင်္ဂလိပ်ပိုင်း အယ်ဒီတာတဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading