နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် စွမ်းအင်လုံလုံလောက်လောက် ရဖို့ အရေးကြီးပေမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေနည်းတဲ့ စွမ်းအင်ထုတ်လုပ်ရမယ့် နည်းလမ်းတွေကို အလေးထား စဉ်းစားရမှာပါ။ လေစွမ်းအင်၊ နေစွမ်းအင်၊ ဘူမိအပူစွမ်းအင်၊ ဇီဝလောင်စာတွေကနေ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ မြန်မာနိုင်ငံမှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းဟာ လူထုအတွက် လက်သင့်မခံနိုင်စရာ စီမံကိန်းတခု ဖြစ်နေဆဲပါ။
ပွင့်လင်းမြင်သာမှု မရှိဘဲ စစ်အစိုးရ လက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ အချက်အလက်တွေကို ဒီကနေ့ အထိ လူထုက သိရှိခွင့် မရသေးပါဘူး။ မြစ်ဆုံဆည် စီမံကိန်း အတွက် ဒေသခံပြည်သူတွေတွေရဲ့ သဘောဆန္ဒမပါဘဲ အတင်း အဓမ္မ ပြောင်းရွှေ့ခံခဲ့ရသလို မူလနေရာတွေမှာ ပြန်လည်နေထိုင်ခွင့် မရသေးပါဘူး။ မြစ်ဆုံဟာ သာယာ လှပတဲ့ နေရာဖြစ်သလို မြစ်ဆုံဆည် တည်ဆောက်ခဲ့ရင် တနိုင်ငံလုံးက ဧရာဝတီမြစ်ကြီးကို အမှီပြု အသက်မွေး ဝမ်းကျောင်းရသူတွေ အတွက် ဆိုးကျိုးတွေကိုပဲ ဖြစ်ပေါ်စေမှာ မလွဲပါဘူး။
အောက်တိုဘာ ၂၈ ကနေ ၃၀ ရက်နေ့ အထိ ကချင်ပြည်နယ် မြစ်ဆုံဒေသကို မြန်မာ အစိမ်းရောင် ကွန်ရက် (Myanmar Green Network) ရဲ့ အစီအစဉ်နဲ့ သွားရောက်ခွင့် ရခဲ့ပါတယ်။ နောက်ပြီး မြစ်ကြီးနား မြို့တော်ခမ်းမမှာ မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ ဆွေးနွေးမှုကို နားထောင်ခွင့်လည်း ရခဲ့ပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က အောက်စဖို့ တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတွေ့ရှိချက်ကို အခြေခံပြီး ပြောပြရာမှာ မြစ်ဆုံဟာ မီဂါဒမ် (Mega Dam) လို့ ခေါ်တဲ့ ကြီးမားတဲ့ ဆည် အမျိုးအစား ဖြစ်တာကြောင့် တည်ဆောက်ခဲ့ရင် ရာသီဥတု ပြောင်းလဲမှုအပေါ် အများကြီး သက်ရောက်မှု ရှိနိုင်တယ် လို့ ဆိုပါတယ်။
ဆည်ဘောင်အမြင့် ၁၅ မီတာ (ပေ ၅၀ နီးပါး) ကျော်ရင် Mega Dam လို့ သတ်မှတ်တာ ဖြစ်ပြီး၊ မြစ်ဆုံဆည်ရဲ့ ဘောင်အမြင့်က ၄၉ မီတာ အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို ဆည်တွေဟာ မူလ မျှော်မှန်းထားတာထက် ငွေကုန်ကြေးကျ များနိုင်တယ်လို့လည်း ထောက်ပြ ပြောဆိုပါတယ်။ ဒီထက်ဆိုးတာက မြစ်ဆုံဆည် တည်ဆောက်ခဲ့ရင် ရေထုထဲမှာ အောက်စီဂျင်ပမာဏ လျော့ကျပြီး ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထုတ်လွှတ်နိုင်တာမို့ ကြောက်လန့်စရာ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ဆည်ကနေ ပို့ချလိုက်တဲ့ နုန်း အနယ်အနှစ်တွေကြောင့် သဘာဝရေစီးနှုန်းကို အခုအခံ ဖြစ်ကာ အနှောက်အယှက် ဖြစ်စေသလို ရေစီးနှုန်းကိုလည်း နှေးသွားစေပါတယ်။ တဖန် အပူချိန်ကိုလည်း သက်ရောက်မှု ရှိစေတဲ့ အတွက် အပူချိန်မြင့်တက်လာမှုကိုလည်း တွန်းအားပေးပါတယ်။
မြစ်ဆုံစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေ (Environmental Impact Assessment – EIA)၊ လူမှုဘ၀ ထိခိုက်နိုင်ခြေ (Social Impact Assessment – SIA)၊ ကျန်းမာရေး ထိခိုက်နိုင်ခြေ (Health Impact Assessment – HIA) တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အသေအချာ ကောက်ယူခဲ့တာမျိုး မတွေ့ရပါဘူး။ တိကျတဲ့ ဇလဗေဒ မှတ်တမ်းလည်း မရှိလို့ မြစ်ဆုံဆည် တည်ဆောက်မှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာနိုင် သလို ဆည်ရဲ့ ကြံ့ခိုင်မှုကို ဘယ်သူကမှ အာမ မခံနိုင်ပါဘူး။
ဒီနေရာမှာ စဉ်းစားရမှာက ပြည်သူရွေးကောက်တင်မြှောက် လိုက်တဲ့ အစိုးရလက်ထက်မှာ မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ သမာသမတ်ကျကျ ကိုင်တွယ် ဖြေရှင်းနိုင်မလဲ ဆိုတာ ပါပဲ။ သဘာဓာတ်ငွေ့ အလျှံအပယ်ထွက်နေတဲ့ ကျမတို့ မြန်မာနိုင်ငံမှာ သဘာဓာတ်ငွေ့ သုံးပြီး စွမ်းအင် အလုံအလောက် မထုတ်လုပ်နိုင် သေးတာ ဝမ်းနည်းစရာပါ။ သိပ်မကြာခင်မှာပဲ မြစ်ဆုံဆည် တည်ဆောက်ခွင့် ပြုသင့် / မပြုသင့်နဲ့ ပတ်သက်ပြီး အကြံပြုချက်တွေ ပါဝင်တဲ့ အစီရင်ခံစာ ထွက်ရှိဖို့ ရှိနေတာမို့ လူထုရဲ စိုးရိမ်စိတ်တွေ ပိုများလာနေတာ သဘာဝကျပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ဧရာဝတီ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင် ဟာ ဒေသခံလူထုရဲ့ အသံကို အမှန်တကယ် နားထောင်သလား ဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။
၂၀၁၁ ခုနှစ်က စပြီး မြစ်ဆုံဝိုက်က တန်ဖဲ၊ လဖျဲ့ စတဲ့ရွာတွေက ဒေသခံတွေကို အောင်မြင်သာ ကျေးရွာကို ပြောင်းရွှေ့စေခဲ့ပါတယ်။ အခုထက်ထိ သတို့ရဲ့ မူလကျေးရွာတွေမှာ ပြန်လည်နေထိုင်ခွင့် မရသေးတာကြောင့် ပညာရေး ကျန်းမာရေး စားဝတ်နေရေးတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲလို့ ဒေသခံတွေက ရင်ဖွင့်ပြောပြကြ ပါတယ်။ မူလ နေထိုင်ခဲ့တဲ့ ရွာတွေမှာက စိုက်ရ ပျိုးရ လွယ်ကူသလို ဝါးခြံတွေက ရတဲ့ ဝင်ငွေနဲ့ အဆင်ပြေပြေ ရပ်တည်နေထိုင် နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် အစိုးရသစ် လက်ထက် ဖွဲ့စည်းပေးလိုက်တဲ့ ကော်မရှင် အဖွဲ့ဝင် ပုဂ္ဂိုလ်တွေနဲ့ ဒေသခံအများစု တွေ့ဆုံခွင့် မရခဲ့ဘူး ဆိုတဲ့ ပြောဆိုမှုတွေ အများအပြား ပေါ်ထွက်လာတာကြောင့် မြစ်ဆုံအရေး ပြည်သူတွေရဲ့ ရတက်မအေး ဖြစ်မှုက ပိုမိုလာပါတော့တယ်။
စစ်အစိုးရ လက်ထက်က ချုပ်ဆိုခဲ့တဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ မြစ်ဆုံနဲ့ ပတ်သက်တဲ့ စာချုပ်ဟာ ဥပဒေကြောင်း အရ တရားဝင် ဖြစ်ပါသလား လို့ မေးခွန်းထုတ်စရာပါ။ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ဆရာဦးကြီးမြင့်က မြစ်ဆုံ ကိစ္စ အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အဟန့်အတား တခု ဖြစ်နေတာလို့ ထောက်ပြ ပြောဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စာချုပ်ကို မလိုက်နာဘဲ မနေရ ဆိုတာ မဟုတ်သလို စာချုပ်ပါ အချက်တွေကို ပြင်ဆင်လို့ ရကြောင်း ပြောပါ တယ်။ စာချုပ်ဟာ ဥပဒေနဲ့ မညီဘဲ ပျက်ပြယ်သွားခဲ့ရင် လျော်ကြေးပေးဖို့ မလိုတာကိုလည်း ထောက်ပြပါတယ်။ မြစ်ဆုံ စာချုပ်မှာ ဘယ်လို သဘောတူညီချက်တွေ ပါဝင်သလဲ ဆိုတာ ပြည်သူတွေ သိရှိခွင့်ရဖို့ ဘယ်လောက်အထိ အရေးကြီးသလဲ ဆိုတဲ့ အချက်ကို ပေါ်လွင်စေပါတယ်။
ရေအရင်းအမြစ် အင်ဂျင်နီယာ ဦးချိုချိုက မြစ်ဆုံဆည် တည်ဆောက်ခဲ့ရင် ဒိုမီနို သီအိုရီအရ ဖြစ်လာနိုင်ခြေတွေက အလွန်စိုးရိမ်စရာ ကောင်းကြောင်း ပြောပြခဲ့ပြီးပါပြီ။ ဘာလို့လဲ ဆိုတော့ မီတာ ၁၂၀၀ (မိုင်ပေါင်း ၇၅၀ နီးပါး) ရှည်လျားတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ နီးနေတဲ့ အတွက် ငလျင်လှုပ်ခတ်နိုင်တဲ့ အလားအလာ ပိုမိုများလာလို့ပါပဲ။ ကမ္ဘာကြီးမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အတွက် ရှေ့ကို သွားနေချိန်မှာ ဆည်တည်ဆောက်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်တာဟာ မှန်ကန်တဲ့ အဖြေမဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၊ ပုဒ်မ ၄၅ မှာ “နိုင်ငံတော်သည် သဘာဝပတ်ဝန်ကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်” လို့ ဖော်ပြထားတာကြောင့် ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရ အနေနဲ့ နိုင်ငံဖွံ့ဖြိုးရေး စွမ်းအင်လိုအပ်ချက် အတွက် မြစ်ဆုံစီမံကိန်း အစား တခြား ပိုကောင်းတဲ့ စွမ်းအင်ထုတ်လုပ်နည်းတွေကိုပဲ ရှာဖွေသင့်ပါတယ်။
မြန်မာအစိမ်းရောင် ကွန်ရက်ရဲ့ ဦးစီးဦးဆောင်မှုနဲ့ မြန်မာနိုင်ငံအတွင်းက လူမှုအဖွဲ့အစည်းတွေ၊ ကချင်ပြည်နယ်က ဒေသခံ အဖွဲ့အစည်းတွေနဲ့ မြစ်ဆုံဒေသခံ ပြည်သူတွေ ပူးပေါင်း ဆွေးနွေးပြီးနောက် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့က သဘောထား ထုတ်ပြန်ချက် တရပ်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ သဘောထား ထုတ်ပြန်ချက်မှာ “မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံရာ ဧရာဝတီ မြစ်ဆုံစီမံကိန်း လုံး၀ (လုံးဝ) ဖျက်သိမ်းရေး အတွက် ပြည်သူအားလုံးနှင့် လက်တွဲ၍ ဆန့်ကျင်လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်သွားမည်” လို့ ပါရှိပါတယ်။
ကချင်မျိုးနွယ်စုတွေရဲ့ သမိုင်းဝင် သင်္ကေတ ဖြစ်တဲ့ မြစ်ဆုံဒေသ ထာဝရ တည်တံ့စေဖို့၊ ဧရာဝတီ မြစ်ကြီး ဆက်လက် ရှင်သန်စေဖို့၊ မြန်မာပြည်သူတွေ အတွက် အကျိုးနည်းပါးလှတဲ့ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းစေဖို့ ကြိုးစား ဆောင်ရွက် သွားဖို့က ပြည်သူက ရွေးချယ်ခဲ့တဲ့ အစိုးရသစ်အတွက် စိန်ခေါ်မှု ဖြစ်နေသလို ဒီစိန်ခေါ်မှုကို မှန်မှန် ကန်ကန် ကျော်လွှားပြီး ပြည်သူ့မျက်နှာကို ရှေးရှုထောက်ထား ဆောင်ရွက်ချိန်တန်ပြီ ဖြစ်ကြောင်း သုံးသပ် ရေးသား လိုက်ရပါတယ်။ ။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် စာရေးဆရာမဖြစ်သည်)