ခေါင်းမှာ ပုဝါ (hijab) ခြုံထားသည့် အသက် ၂၄ နှစ်အရွယ် ကျောင်းသူ Anis Syafiqah က မလေးရှားနိုင်ငံ ခေတ်ပြိုင် ကျောင်းသား လှုပ်ရှားမှု၏ မျက်နှာစာ ဖြစ်ပါသည်။ မလေးရှားနိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်များထဲမှ တခုဖြစ်သည့် Malaya တက္ကသိုလ်မှ ဘာသာဗေဒကျောင်းသူ တဦးဖြစ်သည့် Anis Syafiqah သည် စားသောက်ဆိုင်တခုတွင် ကျနော်နှင့် မျက်နှာချင်းဆိုင်မှာ တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ထိုင်နေပါသည်။
သူသည် အေးဆေးပြီး ဣန္ဒြေ ရသော်လည်း သူ့အဖြေများက သွက်လက်သည်။ နွေးထွေးမှုနှင့် အသိဉာဏ်ပညာကို ဖော်ပြ နေသည်။ Anis Syafiqah သည် ဖိအားများနှင့် အသားကျ နေသူလည်း ဖြစ်သည်။ ပြီးခဲ့သည့် လအတွင်းက ကွာလာလမ်ပူမြို့တွင် “TangkapMO1” အမည်ရှိ စီတန်းလှည့်လည်ပွဲတခုကို သူတို့အဖွဲ့က စီစဉ်ခဲ့သည်။
အများစုက ကျောင်းသား ကျောင်းသူများ ဖြစ်သည့် သူတို့အဖွဲ့သည် “Malaysian Official 1” သို့မဟုတ် မလေးရှား ဝန်ကြီးချုပ် Najib Razak ကို ဆန့်ကျင် ဆန္ဒပြ ခဲ့ကြသည်။ အမေရိကန် တရားရေးဌာနက ဝန်ကြီးချုပ် Najib Razak သည် အမျိုးသား ရန်ပုံငွေ (1Malaysia Development Berhad- 1MDB) မှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော် အလွဲသုံးစား လုပ်ခဲ့သည် ဟု စွပ်စွဲခဲ့သည်။
သို့သော်လည်း Anis Syafiqah နှင့် ပတ်သက်၍ ကျနော် ပထမဆုံး ကြားဖူးသည်မှာ လွန်ခဲ့ရက်သတ္တပတ် အနည်းငယ်က ကျနော့်ထံသို့ အကြိမ်ကြိမ် ပေးပို့ခဲ့သည့် ဗီဒီယို တခုတွင် ဖြစ်သည်။ သူ့ကို အထဲသို့ မဝင်နိုင်အောင် တားဆီးထားသော တက္ကသိုလ်တခု၏ ရှေ့တွင် Anis Syafiqah က ကျောင်းသူ ကျောင်းသား အနည်းငယ် ပါဝင်သည့် အဖွဲ့တခုကို 1MDB နှင့် ပတ်သက်သော သူ၏ စိုးရိမ်ပူပန်မှုများကို ဟောပြောနေသည်ကို တွေ့ရသည်။
အစပိုင်းတွင် Anis Syafiqah က ရှက်ရွံ့သလို ဖြစ်နေသော်လည်း နောက်ပိုင်းတွင် သူ၏ အသံက မာန်ပါလာသည်။ သူတို့ကို လမ်းပိတ်ထားသည့် ရဲအဖွဲ့ဝင်များကိုလည်း သူက တရားဟောသည်။ “ကျမတို့ ဓားပြအတိုက်ခံရတယ် ဆိုတာ တကမ္ဘာလုံး သိပါတယ်။ ကျမတို့ အေးအေးဆေးဆေး ဘယ်လိုလုပ် နေရမှာလဲ” ဟု သူက ပြောသည်။
အလွန်ကောင်းသည့် ဟောပြောချက် တခုလည်း ဖြစ်သည်။ အချိန်အခါနှင့် ကိုက်ညီသလို ခံစားချက်လည်း ပါသည်။ ထိုကိစ္စက မလေးရှားနိုင်ငံသား အများစုအတွက် ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။ ငယ်ရွယ်သော၊ ဆွဲဆောင်မှု ရှိသော တစုံတယောက်က တိုင်းပြည်၏ စိတ်ပျက်စရာ၊ တုန်လှုပ်စရာ အကြောင်းများကို ရှင်းရှင်းလင်းလင်း ပြောပြနေသည်။
အဆိုပါ အမျိုးသမီးငယ်ကလေး မည်သည့်နေရာမှ လာပါသနည်း။ သူက ဥပဒေအတွက် စံသတ်မှတ်ချက် သို့မဟုတ် ချွင်းချက် ဖြစ်ပါသလား။ Selangor ပြည်နယ် မြောက်ဘက်စွန်းရှိ Sungai Besar အမည်ရှိ မထင်မရှား ကမ်းရိုးတန်း မြို့ကလေးမှ လူလတ်တန်းစား မိသားစု (သူ၏ မိဘများက ကျောင်းဆရာများ ဖြစ်ကြသည်) မှ ပေါက်ဖွားလာသည့် မိန်းကလေးက တနိုင်ငံလုံး၏ အာရုံစူးစိုက်မှုကို မည်ကဲ့သို့ ရရှိခဲ့ပါသနည်း။
“ကျမက Persatuan Mahasiawa Islam (UM မွတ်စလင်ကျောင်းသားများ အသင်း) နဲ့ စတင်ခဲ့ပါတယ်။ အခုနှစ်က Syed Muhammad Naquib Al-Attas ဖွဲ့စည်းခဲ့တဲ့ လှုပ်ရှားမှု နှစ် ၆၀ ပြည်တဲ့ နှစ် ဖြစ်ပါတယ်။ အဖွဲ့ဝင် တယောက် ဖြစ်ရတဲ့ အတွက် ကျမ ပျော်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမအတွက် ကျောင်းသားတွေရဲ့ အခန်း ကဏ္ဍကို နားလည်ဖို့ အကူအညီ ဖြစ်စေပါတယ်။ အထူးသဖြင့် မွတ်စလင် တယောက် အနေနဲ့ပါ”
“အစ္စလမ်ရဲ့ တန်ဖိုးကို ဖော်ဆောင်ရမယ် လို့ ကျမ သိခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစ္စလမ်က တရားမျှတမှု အပေါ်ကို အခြေခံထားပါတယ်။ လူမျိုးရေး ဆိုတာ နိုင်ငံရေး ကစားပွဲတခု သက်သက်ပါ။ ကျမတို့က တခြားလူမျိုးတွေနဲ့ ဘာကြောင့် မတွေ့ရမှာလဲ၊ မရောနှောရမှာလဲ”
“ကျမ ကျောင်းနယ်မြေ ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ pro-Mahasiswa ခေါင်းစဉ်အောက်က (အစိုးရ ဆန့်ကျင်ရေး ကျောင်းသားအဖွဲ့အစည်း) ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ အတွက် အံ့အားသင့်ခဲ့ရ ပါတယ်။ NGO လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ၁၃ ကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ စိတ်လှုပ်ရှားစရာ အခြေအနေတွေကိုလည်း မျက်မြင်တွေ့ခဲ့ရပါတယ်”
“ကျမ TangkapMO1 လှုပ်ရှားမှုထဲကို ကူးပြောင်း ပါဝင်လာတာက DOJ (အမေရိကန် တရားရေးဌာန) က ထုတ်ပြန်ပြီးတဲ့ နောက် တပတ်ကြာတဲ့ အထိ ဘယ်သူကမှ တုံ့ပြန်မှု မရှိခဲ့တာကြောင့် ဖြစ်ပါတယ်”
“ကျမ လုပ်နေတာတွေ အားလုံးက ပြည်သူတွေ မျက်လုံး ဖွင့်ကြည့်ကြဖို့ ပ။ မလေးရှားပြည်သူတွေ အနေနဲ့ ကျမတို့ တိုင်းပြည်ထဲမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ သတိမူမိကြဖို့ အရေးကြီးပါတယ်။ ဒီလို သတိထားမိကြဖို့ ကလည်း အမျိုးသမီးတွေက အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်”
Anis Syafiqah က စကားပြောကောင်းပြီး တည်ငြိမ်သော်လည်း သူ၏ စည်းရုံးလှုပ်ရှားမှု စွမ်းရည်နှင့် ပတ်သက်၍ ပြင်းထန်စွာ ဝေဖန်မေးခွန်း ထုတ်မှုများ ကြုံတွေ့ခဲ့ရသည်။ စီတန်းလှည့်လည်မှု ပေါ်ပေါက်စေရေး အတွက် NGO များ၊ အတိုက်အခံ နိုင်ငံရေးသမားများ အတူတကွ ပါဝင်ကြသည့် အစည်းအဝေးတခုကို သူက ဦးဆောင်ခဲ့သည်။ အမျိုးမျိုးသော အစီအစဉ်များကို စီမံ ခန့်ခွဲခဲ့ရသည်။
ကျောင်းသားတို့၏ အခန်းကဏ္ဍ အပေါ် Anis Syafiqah ၏ နားလည်သဘောပေါက်မှုက ကျောင်းသားများ တက်ကြွ လှုပ်ရှားခဲ့သည့် ၁၉၆၀ နှင့် ၇၀ နှစ်များ ကာလကို ပြန်လည် သစ်လွင်လာစေခဲ့သည်။ “ကျမ နားလည်တာကတော့ ကျမမှာ ပညာသင်ကြားဖို့ တာဝန်ရှိတယ်။ တက်ကြွလှုပ်ရှားတယ် ဆိုတာက ကျမ တို့သင်ယူခဲ့တာတွေကို ဘာသာပြန် ပြတာ ဖြစ် ပါတယ်။ ကျောင်းသားတွေက အရေးပါတဲ့ တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ တက္ကသိုလ် (university) ဆိုတဲ့ စကားလုံးက အမြဲတမ်း တည်ရှိခြင်း အမြဲ မှန်ကန်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ (universal) ဆိုတဲ့ စကားလုံးနဲ့ သက်ဆိုင်နေပါတယ်” ဟု သူမက ပြောသည်။
“ကျမတို့ လူ့အဖွဲ့အစည်းရဲ့ မျက်လုံးတွေကို ပိုပြီး ဖွင့်ထားတာနဲ့ အမျှ ကျမတို့ရဲ့ လူ့အဖွဲ့အစည်းက ပိုပြီး စည်းလုံးလာ ပါမယ်”
ကျနော်တို့ ပြည်သူများ၏ စိတ်ဝင်စားမှု မရှိသည့် အခြေအနေနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ၏ အပြင်ဘက်မှ လူ အများအပြား စိတ်ရှုပ်ထွေးခဲ့ကြရသည်။ ဘာတွေ ဖြစ်နေသည်ကို ကျနော်တို့ ဂရု မစိုက်ကြခြင်းလား။ သို့မဟုတ် အကျင့်ပျက် ခြစားခြင်းနှင့် အာဏာ အလွဲသုံးစား ပြုလုပ်ခြင်းကို ကျနော်တို့ ကျင့်သားရနေကြခြင်းလား။
Anis Syafiqah ၏ အတွေးအခေါ်ကို သဘောတူကောင်းမှ တူပါလိမ့်မည်။ သို့သော်လည်း သူနှင့် သူ၏ ခေတ်ပြိုင် များက တိုင်းပြည်၏ ဦးတည်ရာနှင့် ပတ်သက်၍ အလွန် စိတ်အားထက်သန်စွာ ဂရုစိုက်ကြသည် ကတော့ ထင်ရှားနေပါသည်။
အဆိုပါ လူငယ်များကို ညည်းတွားနေတတ်ကြသည့် ၂၀၀၀ ခုနှစ် ဝန်းကျင်တွင် မွေးဖွားခဲ့သည့် လူငယ်များ၊ ဘာမှ မလုပ်ကြသည့် လူငယ်များ အဖြစ် ပုံဖော်၍ မရနိုင်ပါ။
Anis Syafiqah နှင့် သူ၏ သူငယ်ချင်းများက ကွဲပြားခြားနားမှုတခု လုပ်ချင်ကြသည်။ သူတို့ရဲ့ ခံယူချက် အတွက် သူတို့မှာ သတ္တိ ရှိသည်။ Malaya တက္ကသိုလ်တွင် ကျောင်းသားလှုပ်ရှားမှု သမိုင်းကြောင်း ရှည်လျားစွာ ရှိခြင်းကြောင့် လည်း အံ့သြစရာတခုဟု မဆိုလိုပါ။ People’s Justice ပါတီခေါင်းဆောင် Anwar Ibrahim အပါအဝင် Malaya တက္ကသိုလ် ကျောင်းဆင်း အများအပြားက နိုင်ငံရေး၏ ဘက်အသီးသီးတွင် ခေါင်းဆောင်များ ဖြစ်လာခဲ့ကြသည်။ Anis Syafiqah နှင့် သူ၏ သူငယ်ချင်းများကြောင့် Malaya တက္ကသိုလ်၏ အစဉ်အလာက ပြန်လည် ရှင်သန်လာခဲ့သည်။
ကျနော်ထွက်လာသည့် အချိန်တွင် Anis Syafiqah ၏ ပြောင်မြောက်သော စကားလုံးများနှင့် မလေးရှားနိုင်ငံ၏ အလွန် တင်းကျပ်သော ထိန်းချုပ်မှုများ ကြားတွင် လှုပ်ရှားရခြင်း၏ စိန်ခေါ်မှုများ အကြောင်းများတွင် ကျနော် ကပ်ငြိနေခဲ့သည်။
အာဏာပိုင်များနှင့် သူ မည်သို့ ဆက်ဆံခဲ့သည်ကို သူက ပြန်ပြောပြခဲ့ ပုံက ကျနော့်ကို ပြုံးမိစေသည်။
“ကျမ လုပ်နေ တာတွေကို ဆက်လုပ်မယ်၊ ဒါမှမဟုတ် ရပ်လိုက်မယ် ဆိုတာ (သူတို့ကို) မပြောခဲ့ဘူး။ ဒါပေမယ့် ဘယ်လိုလုပ်ရင် အကောင်းဆုံး ဖြစ်မယ် ဆိုတာ ကျမ စဉ်းစားပြီးရင် အဲဒီအတိုင်း လုပ်မယ် လို့ပဲ ပြောခဲ့တယ်” ဟု သူက ပြောသည်။