လွတ်လပ်စွာပြောဆို၊ ရေးသား၊ ထုတ်ဝေခွင့် နှင့် ပုဒ်မ ၆၆ (ဃ)

ဘိုကြည်
၆၆ (ဃ) ပြင်ဆင်ရေး လှုပ်ရှားမှု ပြုလုပ်ရန် ကြိုးစားမှုကြောင့် တားဆီးခံနေရသည့် မောင်ဆောင်းခ(လုံချည် ခရမ်းရောင်) နှင့် အဖွဲ့ကို နေပြည်တော် ကောင်စီဝင်းအတွင်း တွေ့ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဥပဒေ သဘောအရတော့ ကြီးတဲ့အမှုကို သေးစေ၊ သေးတဲ့အမှုကို ပပျောက်စေ ဆိုတာမျိုး ပြောဆိုထားသည်ကို မှတ်သားမိပါသည်။ သို့သော် လောလောဆယ်တွင် နိုင်ငံတော်အဆင့် ခေါင်းဆောင်များကို စော်ကားသည် ဟုဆိုပြီး ပုဒ်မ ၆၆ (ဃ) နှင့် ထိမ်းသိမ်းနေသည်များကို တွေ့ရှိရသည်။ ပြန်လည် ဆန်းစစ်ရန် လိုအပ်ပါသည်။

ပုဂ္ဂိုလ်ရေးအရ ဖြစ်သော အဖြစ်အပျက်များကို ကာယကံရှင် ပုဂ္ဂိုလ်များက တရားမစွဲဘဲ အောက်ခြေများမှ သို့မဟုတ် တစုံတဦးက တရားစွဲနေသည်များကိုလည်း တွေ့ရှိနေရပါသည်။  ကာယကံရှင်တွေ အနေဖြင့် ဒီလိုအသေးအဖွဲ ကိစ္စများကို အရေးတယူ လုပ်မည်၊ မလုပ်မည် ဆိုသည်မှာလည်း မေးခွန်းဖြစ်နေပါသည်။ နိုင်ငံတော်အတိုင်ပင်ခံ အနေဖြင့် သူ့ကို လုပ်ကြံမည်ဆိုသော သူကိုပင် ခွင့်လွှတ်ပေးခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲများ အနေဖြင့်တော့ သဘောထား ကြီးပြီးသားဟု ယုံကြည်ပါသည်။

ဆက်သွယ်ရေး ဥပဒေ တွင် အခန်းပေါင်း ၁၉ ခန်းရှိပြီး ပုဒ်မပေါင်း ၈၉ ခု ရှိပါသည်။ ထိုအထဲမှ အခန်း (၁၈) သည် ပြစ်မှု နှင့် ပြစ်ဒဏ်များ အခန်းဖြစ်ပြီး ပုဒ်မ ၆၆ အောက် အပိုဒ်ခွဲငယ် (ဃ) သည် ပုဒ်မခွဲတခု ဖြစ်ပါသည်။ ဆက်သွယ်ရေး ဥပဒေတွင် တခြားသော ဆွေးနွေးစရာများ ရှိနေနိုင်သော်လည်း ယခုနှစ်ပိုင်းအတွင်း ရေပမ်းစားနေသော အခန်းကိုသာ ဆွေးနွေးခြင်း ဖြစ်ပါသည်။ ယခု ဆက်သွယ်ရေးဥပဒေသည် ပြီးခဲ့သည့် လွှတ်တော်က ပြဌာန်းထားခြင်းဖြစ်ပြီး ယနေ့ လွှတ်တော်တွင်လည်း ပယ်ဖျက်သင့်သလား၊ ပြောင်းလဲသင့်သလား ပြန်လည် ဆွေးနွေးသင့်ပါသည်။

ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) မှ ဖော်ပြထားသည်မှာ – ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ဟူ၍ ဖော်ပြထားပါသည်။

ထိုဖော်ပြချက်အရ ဆက်သွယ်ရေး ဆိုသည်မှာ ဖုန်းဆက်၍ ဖြစ်စေ၊ ဖုန်းမက်ဆေ့ချ်ဖြင့် ဖြစ်စေ၊ အီးမေးလ်ဖြင့် ဖြစ်စေ၊ ဖေ့စ်ဘွတ်၊ တွစ်တာ နှင့် တခြားသော နည်းပညာများမှ တဆင့်ဖြစ်စေ ပြောဆို၊ ရေးသား၊ ဖြန့်ချိသည်များ ပါဝင်ပါသည်။ ထို့အပြင် ထပ်ဆင့်ဖြန့်ဝေခြင်းများသည်လည်း အကျုံးဝင်ပါသည်။ ထို့အတွက် ဆက်သွယ်ရေး ကိရိယာများကို အသုံးပြုသူများ အနေဖြင့် မိမိဆီကို ဝင်လာသော သတင်းများကို အသေအချာ ဆန်းစစ်ပြီးမှ ထပ်ဆင့် share လုပ်ခြင်းများကို ပြုသင့်ပါသည်။

ထို့အပြင် အချင်းချင်း အဆင်မသင့်၍ ပြောသောစကားများကိုပင် ထိမ်းသိမ်းရန် လိုအပ်ပါသည်။ ဒေါသအလျောက် စကားမပြောသင့်ပါ၊ မရေးသင့်ပါ။ တဖက်က မှတ်ယူသိမ်းဆည်းထားပြီး သွားတိုင်လျှင် ပြစ်မှုမြောက်ပါသည်။ ထင်မထားဘဲ ပြည်သူများအတွက် အန္တရာယ် ရှိသော ပုဒ်မဖြစ်လာနေပါသည်။ ပြည်သူအချင်းချင်း ကြားမှာလည်း ဒီပုဒ်မက သွေးကွဲသွားစေပါသည်။

နိုင်ငံတော် အကြီးအကဲများကို ဝေဖန်ချင်သည် ဆိုရင်လည်း အချက်အလက်၊ ပေါ်လစီနှင့် လုပ်ရပ်ကိုသာ ဝေဖန်သင့်သည်။ ပုဂ္ဂိုလ်ရေး စော်ကားတိုက်ခိုက်မှုမျိုးတော့ မလုပ်သင့်ပါ။

အထက် ဖော်ပြပါ ပြစ်မှုမြောက်သော အဖြစ်အပျက်များသည် တခြားသော ရာဇဝတ်ဥပဒေ များထဲတွင်လည်း ပါဝင်ပြီး ဖြစ်ပါသည်။ ဥပမာ – အသရေ ဖျက်မှုသည် ပုဒ်မ ၅၀ဝ တွင် ပါပြီး ဖြစ်ပြီး အာမခံရနိုင်သော အမှုသေးအမျိုးအစား ဖြစ်ပါသည်။သို့သော် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) သည် အာမခံ မရနိုင်သော ပြစ်မှုအမျိုးအစားဖြစ်ပြီး အခန်း (၁၉) ပုဒ်မခွဲ ၈၀ (က နှင့် ခ ) က ဤဥပဒေပါ ပြစ်မှုများကို ရဲ အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ရမည် ဟုဆိုပြီး (ခ) တွင်လည်း ဤဥပဒေအရ ပြစ်မှုတခုခုဖြင့် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်ဟု ဆိုထားပါသည်။ ထို့အတွက် အမှုကြီး ဖြစ်သွားပါသည်။ ပြစ်ဒဏ်အရ ဆိုလျှင်လည်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဆိုထားပါသည်။

ထို့အပြင် ဆက်သွယ်ရေးပုဒ်မ အခန်း (၁၈) ပြစ်မှုပြစ်ဒဏ်များ အခန်းတွင် ပုဒ်မ ၆၅ မှ ၇၃ အထိ မြောက်မြားစွာသော အရေးယူနိုင်သည့် ပြစ်မှုများကို ပြဌာန်းထားပါသည်။ လေ့လာထားရန် လိုအပ်ပါသည်။

အထက်ဖော်ပြပါ ကိစ္စမျိုးဆိုလျှင် ခေါ်ယူဆွေးနွေး ပညာပေးလိုက်လျှင် အဆင်ပြေသွားနိုင်မည်ဟု ယုံကြည်ပါသည်။ ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ကို သုံးရန် မလိုအပ်ပါ။ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားနေသော၊ ဘက်ပေါင်းစုံ ပြုပြင်ရန် လိုအပ်နေသော၊ ဒီမိုကရေစီ ယဉ်ကျေးမှုကို ပျိုးထောင်နေရသော ယနေ့ ခေတ်လိုမျိုးတွင် ဘက်အသီးသီးမှ စိတ်ရှည်သည်းခံ ဆွေးနွေးခြင်းဖြင့် ပြဿနာများကို အဖြေရှာရန် ကြိုးစားလျှင် တိုင်းပြည်၏ အနာဂတ်အတွက် ပိုကောင်းမွန်ပါမည်။

ဖမ်းဆီးခြင်း ဆိုသည်ကို နောက်ဆုံး ရွေးချယ်စရာလမ်း မရှိတော့မှသာ ရွေးချယ်သင့်ပါသည်။ လူတဦးကို ဖမ်းဆီးခြင်း၏ နောက်ကွယ်တွင် ဆိုးကျိုးပေါင်းများစွာ ရှိပါသည်။ ဖမ်းဆီးခြင်းခံရသော တဦးချင်းက ဆုံးရှုံးသလို နိုင်ငံတော်၏ ဘဏ္ဍာငွေ အမြောက်အမြားကိုလည်း အသုံးပြုရသဖြင့် နိုင်ငံတော် အတွက်လည်း ဆုံးရှုံးမှု ဖြစ်ပေသည်။ ထို့အတွက်ကြောင့်လည်း နိုင်ငံတော်သည် အကျဉ်းထောင်ကို ပြုပြင်ပြောင်းလဲရေး စခန်းအဖြစ် ကျင့်သုံးရန် မူဝါဒ ချမှတ် အကောင်အထည် ဖော်နေခြင်း ဖြစ်သည်ဟု ထင်ပါသည်။ အားလုံးမှာ တခုနှင့် တခု ဆက်စပ်နေပါသည်။

ယခု လောလောဆယ်တွင် အကျဉ်းထောင်များတွင် လူဦးရေ ပြည့်ကြပ်နေပြီး ထိမ်းသိမ်းခံရသူမျာုးမှာ ပြစ်မှုနှင့် ပြစ်ဒဏ် မမျှမတ ဖြစ်နေရပါသည်။

နိုင်ငံတော်ကလည်း အကျဉ်းထောင် အသီးသီး အတွက် လိုအပ်သော ဘဏ္ဍာငွေ မထောက်ပံ့နိုင်ခြင်းသည်လည်း နိုင်ငံတော်၏ လိုအပ်ချက်ကြီး ဖြစ်နေပါသည်။ လူတယောက်ကို ဖမ်းပြီးသည်နှင့် နိုင်ငံတော်က သူ၏ စားဝတ်နေရေး၊ ကျန်းမာရေး ကိစ္စရပ်များကို တာဝန်ယူရပါမည်။

ဖမ်းဆီးပြီး လုံလောက်သော အာဟာရ မထောက်ပံ့နိုင်ခြင်း၊ လုံလောက်သော အိပ်စရာနေရာ မဖန်တီးပေးနိုင်ခြင်း၊ လုံလောက်သော ဆေးဝါးကုသမှု ထောက်ပံ့မပေးနိုင်ခြင်း များသည် လူတယောက်၏ ဂုဏ်သိက္ခာ၊ ကျန်းမာရေးနှင့် အဆုံးစွန်ဆုံး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါသည်။ သို့ပါသောကြောင့် အကျဉ်းထောင်၏ မူလ ရည်ရွယ်ချက် ဖြစ်သည့် ပြုပြင်ပြောင်းလဲရေး ဆိုသော မူဝါဒကို ပျက်ယွင်းသွားစေနိုင်ပါသည်။

အဆိုးဆုံးက ကျနော်တို့ မြန်မာပြည်သူများသည် ဥပဒေကို သိမှုတွင် အားနည်းလွန်းလှပါသည်။

ထို့အတွက် နိုင်ငံတော် အနေဖြင့်လည်း ဥပဒေများကို အများသူငါ သိအောင် ပညာပေးများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးရန် လိုအပ်ပါသည်။ ဥပဒေများကို သတင်းစာထဲ ထည့်လိုက်ရုံဖြင့် လူဦးရေ ၅၁ သန်းလုံး သိသည်ဟု မယူဆနိုင်ပါ။

ပြည်သူတဦးချင်း အနေဖြင့်လည်း လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ ထုတ်ဝေခွင့် ဆိုသော အခြေခံ ကိုယ့်အခွင့်အရေးများကို လက်တွေ့ကျင့်သုံးရာတွင် သူတပါးကို မထိခိုက်စေရ ဆိုသည့် ကိုယ့်တာဝန်ကိုလည်း လက်တွေ့ကျင့်သုံးရန် လိုအပ်ပါသည်။

(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသား ဟောင်းတဦး ဖြစ်ပြီး ၂၀ဝဝ ခုနှစ်မှ စ၍ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆောင်ရွက်နေသော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ကို ထူထောင်သူ တဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading