မကြာမီကာလအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပတော့မည်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများသည် ကာလရှည်ကြာဖြစ်ပွားနေသော မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပြဿနာကို နိုင် ငံရေးနည်းအရ ဆွေးနွေးအဖြေရှာနိုင်ရန်အတွက် ဒီဇိုင်းဆင်ထားသော မော်ဒယ်ပုံစံတရပ်ပင်ဖြစ်သည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA) ပါ လမ်းပြမြေပုံ၏ တတိယအဆင့် ဖြစ်သည်။ သို့သော် လမ်းပြမြေပုံ၏ တတိယအဆင့်ကို ဖော်ဆောင်ရန် စိုင်းပြင်းနေချိန်တွင် လမ်းပြမြေပုံပထမအဆင့့်ဖြစ်သည့် NCA သဘောတူညီမှုစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး လက်မှတ်မရေးထိုးနိုင်ကြသေးပေ။ ထို့အတူ ပဋိပက္ခမီးများကလည်း မငြိမ်း နိုင် မစဲနိုင်ရှိနေသေးပေသည်။
စာရေးသူ၏ မှတ်တမ်းများအရ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှစတင်၍ စက်တင်ဘာလအထိ မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲ စုစုပေါင်း ၂၀၇ ကြိမ်ဖြစ်ပွားခဲ့သည်။ ငြိမ်းချမ်းရေးခရီးကို လျှောက်လှမ်းနေသည့်ကာလမျိုးတွင် အဆိုပါ ပဋိပက္ခပမာဏမှာ အတော်များသည့် ပမာဏဟုပင် ဆိုရပေမည်။
ခုချိန်ထိလည်း လက်နက်ကိုင် ပဋိပက္ခတွေက အရှိန်ကောင်းကောင်းနှင့် ဆက်လက်ဖြစ်ပွားနေဆဲပင်။ အ ဆိုပါပဋိပက္ခများကြောင့် ဒေသခံပြည်သူများမှာလည်း အခက်အခဲမျိုးစုံနှင့် ဒုက္ခပင်လယ်ဝေနေကြဆဲပင်။ ငြိမ်းချမ်းရေးသမားကြီးများကတော့ ပဋိပက္ခတွေရှိနေပေမယ့် ဖက်ဒရယ်ပြည်ထောင်စု သွားရာလမ်းကြောင်း ကို ဆိုင်းငံ့၍မရ၊ NCA အရ အမျိုးသားအဆင့် ဆွေးနွေးပွဲများကို ကျင်းပသွားရမည်ဟု ဆိုနေကြသည်ကို ကြားနေရပေသည်။
သို့သော် ပဋိပက္ခများ လျော့ပါးရပ်စဲသွားနိုင်မည့် အလားအလာမျိုးကို မတွေ့ရသေးသလို လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခ အကျပ်အတည်းများထဲမှ ဖောက်ထွက်နိုင်မည့် နည်းလမ်းကောင်းများကိုလည်း တိတိကျကျ မတွေ့ရသေးပေ။ ပဋိပက္ခသံသရာထဲတွင်ပင် ရှိနေသေးသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောလေ့ပြောထရှိသော စကားလုံးတလုံးရှိသည်။ Technocratic Peace ဆိုသော စကားလုံးပင်။ “ပညာရှင်တွေ လက်ခုပ်ထဲက ငြိမ်းချမ်းရေး”လို့ ကျနော် ဘာသာပြန်ချင်သည်။ “ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့်အခါတွင် ပညာရှိ၊ ပညာရှင်များသည် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၊ ပဋိပက္ခ၏ အခြေခံအကြောင်းရင်းများထက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နည်းနာမူဘောင်တွေထဲ အတင်းထိုးထည့်ပြီး နည်းနာမူဘောင်တွေဘက် ပို အလေးကဲကြခြင်းမျိုး”ကို ဆိုလိုရင်းဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်ရာတွင် နည်း နာမူဘောင်များကို အတော်အလေးပေးခဲ့ကြသည်ကို သတိထားမိသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရှိ/ပညာရှင်များသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားတက်သရောပါဝင်ခဲ့ကြပြီး နည်းနာမူဘောင်များ၏ အရေးပါမှုကို အင်တိုက်အားတိုက ်ပြောဆိုခဲ့ကြသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးကိုလည်း နည်းနာမူဘောင် များနှင့် လှလှပပ တန်ဆာဆင်ခဲ့ကြသည်။
သို့သော် ယနေ့အချိန်အထိ ပဋိပက္ခများကလည်း အားကောင်းနေဆဲပင်။ ပဋိပက္ခများ၏ ဝန်ထုပ်ဝန်ပိုးကို ပြည်သူများက ခါးစည်းခံနေရဆဲပင်။ ရံဖန်ရံခါ နည်းနာမူဘောင်များဘက် အလေးကဲလွန်း၍ နိစ္စဓူဝဖြစ် ပွားနေသော ပဋိပက္ခများပင် အရောင်မှိန်သွားသလားဟုပင် စဉ်းစားမိပေသည်။
ဤနေရာတွင် စာရေးသူအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နည်းနာမူဘောင်များ၏ အရေးပါမှုကို လျစ်လျူ ရှုရန် ပြောဆိုနေခြင်း မဟုတ်ပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် နည်းနာမူဘောင်များသည် အလွန်ပင် အရေးပါပါသည်။ သို့သော် လူ့အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ခြိမ်းခြောက်နေသော၊ လူ့အသက်ပေါင်းများစွာ၊ ဘဏ္ဍာငွေကြေးများစွာ စတေးနေရသော ပဋိပက္ခများမှာ ပို၍ပင် အရေးပါသည်ဟု ထင်ပါသည်။ လက်တွေ့ဖြစ်ပွားနေသော အဆိုပါ ပဋိပက္ခများကို မရှင်းနိုင်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ရှေ့သို့ ဆက်လက်ချီတက်နိုင် စွမ်းအားရှိပါ့မလားဟုပင် အတွေးပွားနေမိပါသည်။
စာရေးသူ၏အမြင်အရ လက်ရှိပဋိပက္ခများ၊ အဆိုပါပဋိပက္ခများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော မယုံကြည်မှုများ၊ တင်းမာမှုများသည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကျပ်အတည်းထဲသို့ တွန်းပို့နေပါသည်။ အဆိုပါ အကျပ်အတည်းထဲမှာ ဖောက်မထွက်နိုင်ဘဲ ရှေ့သို့ငြိမ်းချမ်းရေး ခြေတလှမ်း ဆက်လှမ်းဖို့က ခက်ခဲပါလိမ့်ဦးမည်။
အဆိုပါအကျပ်အတည်းကို ဖောက်ထွက်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ နည်းနာမူဘောင်များ မဖြစ် နိုင်ပေ။ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းသာလျှင် အကောင်းဆုံး နည်းလမ်းဖြစ်နိုင်ပေသည်။ နည်းနာမူဘောင်များအတိုင်း ရှေ့သို့ဆက်လက်ချီတက်နေမည်ဟု မည်သို့ပင် ကြွေးကြော်နေစေကာမူ အဆိုပါ ချီတက်ရာလမ်းကြောင်းတွင် အားလုံးမပါဝင်လာနိုင်ပါက ပဋိပက္ခ သံသရာထဲမှ ရုန်းထွက်နိုင်လိမ့် မည် မဟုတ်ပေ။ ထို့အတူ ပဋိပက္ခကို ပဋိပက္ခနည်းဖြင့် ဖြေရှင်းသည့်နည်းလမ်းမှာလည်း မအောင်မြင် နိုင်ကြောင်းကို ပြည်တွင်းစစ် နှစ် ၆၀ ကျော်က သက်သေပြခဲ့ပြီးဖြစ်ပေသည်။
ထို့ကြောင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းကို ခိုင်ခိုင်မာမာ အသုံးချသွားဖို့သာ တိုက်တွန်း လိုပေသည်။ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးသည်ဟု ဆိုရာတွင်လည်း နိုင်ငံရေးဆုံးဖြတ်ချက်များကို တ ထိုင်တည်း ချမှတ်နိုင်သည့် နိုင်ငံရေးထိပ်တန်းခေါင်းဆောင်များ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေ ရှာခြင်းမျိုးကို ဆိုလိုပေသည်။
လက်ရှိအနေအထားကို သုံးသပ်ကြည့်လျှင် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးကို ရှေ့သို့ ဆက်လက်ချီတက်ရန် ရှေးရှု၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ နိုင်ငံရေးဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်သော နိုင်ငံရေးထိပ်တန်းခေါင်းဆောင်များ ၃ ပွင့်ဆိုင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ အကျပ်အတည်းထဲမှ အမြန်ဆုံး ဖောက်ထွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းတင်ပြလိုက်ရပါသည်။
(ကိုရဲသည် ရန်ကုန်ခြေစိုက် မြန်မာစစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို စောင့်ကြည့် လေ့လာနေသော တကောင်း နိုင်ငံရေးလေ့လာမှုသိပ္ပံ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။)