ခြိမ်းခြောက်ခံနေရဆဲ မြန်မာ့ လွတ်လပ်စွာ ပြောဆိုခွင့်

Linda Lakhdhir
၂၀၁၄ ခုနှစ်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့်အတွက် ဆန္ဒပြသူ မီဒီယာသမားများ / Reuters
Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ခုနှစ် နိုဝင်ဘာလက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ရွေးကောက်ပွဲ အောင်နိုင်စဉ်က မျှော်လင့်ခဲ့ သည့် များစွာသော မျှော်လင့်ချက်များတွင် အစိုးရကို ဝေဖန်သူ၊ ဆန့်ကျင်သူများသည် ဖမ်းဆီးထောင်ချခံရမည်ကို စိုးရိမ်ရန် မလိုတော့ ဟူသော မျှော်လင့်ချက်လည်း ပါဝင်သည်။ သို့သော် ထိုမျှော်လင့်ချက်မှာ အကောင်အထည် မပေါ်သေးပေ။

NLD ၏ ထင်ရှားသောခေါင်းဆောင် ဦးမျိုးရန်နောင်သိမ်းအား စစ်တပ်ကို လူမှုကွန်ယက်တွင် ဝေဖန်ခြင်း အတွက် မကြာ သေးမီက ဖမ်းဆီးမှုမှာ ဦးသိန်းစိန်နှင့် ယခင် စစ်အစိုးရများ အသုံးပြုခဲ့သော ကျယ်ပြန့်ပြီး ဝေဝါးသော စကားလုံများရှိ ဥပဒေတခု အရ ဖမ်းဆီးမှု စီရင်မှုများ အနက် နောက်ဆုံးဖြစ်ရပ် ဖြစ်သည်။ သူ့ကို ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အရ ဖမ်းဆီးခြင်း ဖြစ်ပြီး ဦးသိန်းစိန်အစိုးရသည် သမ္မတ သို့မဟုတ် စစ်တပ်ကို စော်ကားသူဟု စွပ်စွဲခံရသူများကို စီရင်ရန် အကြိမ်ကြိမ် အသုံးပြုခဲ့သည်။

သူသည် မြန်မာနိုင်ငံတွင်း အပြောင်းအလဲများ ဖြစ်ပေါ်အပြီး ပုဒ်မ ၆၆ (ဃ) အရ ရာဇဝတ်တရား ရင်ဆိုင်ရသော တဦးတည်းသော သူမဟုတ်ပေ။ လွန်ခဲ့သော လများကလည်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးထင်ကျော် သို့မဟုတ် စစ်တပ်ကို အသရေဖျက်သည် ဟု စွပ်စွဲခံရသူများကို ဖမ်းရန်ပုဒ်မ ၆၆ (ဃ) ကို သုံးခဲ့သည်။ ကိုအောင်ဝင်းလှိုင်သည် သမ္မတကို အရူးဟု ဖေ့စ်ဘုတ်တွင် ခေါ်သောကြောင့် စက်တင်ဘာလက ထောင် ၉ လ ချမှတ်ခံရသည်။ ကိုလှဖုန်းမှာ ဦးသိန်းစိန်နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ပုံများကို ပြုပြင်ပြီး လူမှုကွန်ရက်တင်သည် ဟု စွပ်စွဲခံရပြီး လတ်တလော အမှုရင်ဆိုင်နေရသည်။ လူမှုနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးသူဝင်း ခေါ် ကိုရာပြည့်မှာ ဖေ့စ်ဘုတ် မှတ်ချက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အသရေဖျက်သည်ဟု စွပ်စွဲခံရပြီး စွဲချက်တင်ခံနေရသည်။ (နောက်ဆုံးသတင်းများအရ Eleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်နှင့် Eleven Media Group တို့အား တန်ဖိုးကြီး နာရီလက်ခံယူခဲ့ကြောင်း မဟုတ်တန်းတရား စွပ်စွဲရေးသားသည်ဟု ဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် တာမွေမြို့မရဲစခန်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားလိုပြုလုပ်ပြီး နိုဝင်ဘာ ၉ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားလိုက်သည်။) ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ထောက်ပြခဲ့ သကဲ့သို့ပင် တစုံတဦးကို ပုတ်ခတ်စော်ကားခြင်းသည် ရာဇဝတ် တရား စီရင်ရန် အကြောင်းရင်း မဖြစ်သင့်ပေ။

အခြား အလွဲသုံးနေသော ဥပဒေတခုမှာ ရာဇဝတ်မှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြစ်သည်။ ထိုဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ပြုစု ထားပြီး အစိုးရ အဆက်ဆက်က အထူးသဖြင့် လူထုဆန္ဒပြပွဲများတွင် ပါဝင်သော တက်ကြွလှုပ်ရှားသူ၊ ဝေဖန်သူများကို ဖမ်းဆီးရန် အသုံးပြုကြသည်။ သြဂုတ်လက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ ရခိုင်လွတ်မြောက်ရေး ပါတီ၏ ဒုတိယ ပြောခွင့်ရ ပုဂ္ဂိုလ် ကိုခိုင်မျိုးသန်းမှာ မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်တွင် စစ်ရာဇဝတ်မှု ကျူးလွန်သည်ဟု စွပ်စွဲသော ကြောင့် ရာဇဝတ်မှု ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် (ဂ) ကို ဖောက်ဖျက်သည်ဟု စွဲချက်တင်ခံရသည်။

ဝါရင့် တက်ကြွလှုပ်ရှားသူ ကိုထင်ကျော်မှာလည်း အောက်တိုဘာလ ၂၆ ရက်နေ့တွင် အဖမ်းခံရပြီး ရာဇဝတ်မှု ဥပဒေပုဒ်မ ၅၀၅ (က) ချိုးဖောက်ပြီး စစ်တပ်ဖွဲ့ဝင်တဦး တာဝန် ပျက်ကွက်စေနိုင်သော ပြောဆိုမှုဖြင့် စွပ်စွဲခံရသည်။ ထိုစွပ်စွဲချက်၏ အကြောင်းရင်းမှာ သူ ပြောဆိုသည်ဟု စွပ်စွဲခံရသော ပြောဆိုချက်သည် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲသောကြောင့် ဖြစ်သည်။ သူသည် ယခုအင်းစိန်ထောင်တွင် တရားရင်ဆိုင်မှုကို စောင့်ဆိုင်း နေရသည်။ ယခင် အစိုးရလက်ထက် နိုင်ငံရေးလှုပ်ရှားမှုများ ကြောင့် ၂၀၁၄ ခုနှစ်က ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ခံရသော ကိုထင်ကျော်သည် သမ္မတဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည်မှာ ၈ လပင် မပြည့်သေးပေ။

ငြိမ်းချမ်းစွာ စုဝေးခွင့်သည်လည်း အစိုးရသစ် လက်အောက်တွင် ဆက်လက် တရားစွဲဆိုခံနေရသည်။ မြန်မာနိုင်ငံ၏ လွန်စွာ တင်းကျပ်လှသော ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခွင့် ဥပဒေကို လိုက်နာရန် ကျိုးစားသူများသည်ပင် တရားစွဲဆို ခံရသည်။ မေလက ရန်ကုန်မြို့လယ်တွင် လူ ၁၀၀ ခန့်ပါသည့် ဘာသာစုံ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲကို ဦးဆောင်သော ကျောင်းသားများမှာ ခွင့်ပြု မထားသော လမ်းကြောင်းမှ လျှောက်မိပြီး ငြိမ်းချမ်းစွာ စုဝေးစီတန်း လှည့်လည်ခွင့် ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲခံရသည်။ ၎င်းတို့၏ ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ကို အောက်တိုဘာလ ၆ ရက်က ကချင်လူမျိုး ထောင်ပေါင်းများစွာက ကန့်ကွက်ဆန္ဒပြအပြီး Lungjung Tu Raw သည် ငြိမ်းချမ်းစွာ စုဝေးစီတန်း လှည့်လည်ခွင့် ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲခံရသည်။သူသည် ဆန္ဒပြပွဲပြုလုပ်ရန် အာဏာပိုင်များထံမှ ခွင့်ပြုချက်ရပြီး ဖြစ်သော်လည်း ဆန္ဒပြသည်များသည် ကြိုတင်ခွင့် ပြုမထားသော ကြွေးကျော်သံများ အော်ခဲ့သည်ဟု ရဲက စွပ်စွဲသည်။ လွှတ်တော်က မြန်မာနိုင်ငံ၏ ပြင်းထန်တင်းကျပ်သော စုဝေးခွင့်ဥပဒေကို ပြင်ဆင်ခဲ့သော်လည်း အဆိုပြု ပြင်ဆင်ချက်များ မှာ လွတ်လပ်စွာ စုဝေးခွင်ကို ကာကွယ်ပေးသည့် နိုင်ငံတကာ စံနှုန်းများထက် နိမ့်ကျနေသည်။

လွတ်လပ်စွာ ပြောဆိုခွင့်ကို ရာဇဝတ်မှုဖြစ်စေသော ဥပဒေများကို ပြင်ဆင်ဖျက်သိမ်းခြင်း မပြုလျှင် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့်မှာ လက်တွေ့ဖြစ်မလာဘဲ ထင်ယောင်ထင်မှားဖြစ်မှုသာ ဆက်လက်ဖြစ် နေမည်။

ရှေ့မျှော်ကြည့်လျှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်များ၏ ဤဥပဒေအပေါ် ထင်မြင်ယူဆပုံနှင့် ဆက်လက် ဆောင်ရွက်ဖွယ် ရှိသော ကိစ္စများနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ရှိလာသည်။ ဖြစ်နိုင်ခြေ တခုမှာ ဤကိစ္စများသည် ၎င်းတိ့၏ အမြင်များ သို့မဟုတ် မူဝါဒများကို ကိုယ်စားမပြု ဟု ယူဆနိုင်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင်လိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်ဘက်ကို စစ်တပ်နှင့် ရဲအပေါ် ထိန်းချုပ်ခွင့် ပေးထားဆဲ ဖြစ်ပြီး နိုင်ငံ၏ တရားစွဲဆိုသူများနှင့် တရားသူကြီးများမှာ အများအားဖြင့် စစ်တပ်က ခန့်အပ်သူ လက်ကျန်များ ဖြစ်ကြသောကြောင့် ထိုသို့ ယူဆရခြင်း ဖြစ်သည်။ အခြားသော ဖြစ်နိုင်ခြေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အရာရှိများ သည် ယခုအခါ၎င်းတို့အား ဝေဖန်သူများကို ကိုင်တွယ်ရန် စစ်အုပ်ချုပ်ရေး ခေတ်ဟောင်းမှ ဥပဒေများကို နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် အသုံးပြုရန် လိုလားလာကြသည် ဟူသော အချက်ဖြစ်သည်။

အမှုအများအပြားကို စွဲဆိုပြီးနောက် လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ကာလရှည်ကြာစွာ ရပ်တည် ဦးဆောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမြင်ကို ကြည်လင်အောင် လုပ်သင့်သည်။ သူမသည် လွတ်လပ်စွာ ပြောဆိုခွင့် အတွက် ရာဇဝတ်စွပ်စွဲချက်များ အားလုံးကို ပယ်ဖျက်ရန် လူသိရှင်ကြား တောင်းဆိုသင့်သည်။ သူမသည် ထိုသို့သော မရှင်းမလင်း အခွင့်အရေးချိုးဖောက်သော ဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်နိုင်မီ ဆိုင်းငံ့ရန်လည်း တောင်းဆိုသင့်သည်။ စစ်တပ်နှင့် ရဲဘက်မှ တန်ပြန်ထိုးနှက်မှု ရှိနိုင်သော်လည်း သူမနှင့် သူမ၏ ပါတီသည် မြန်မာနိုင်ငံကို ဒီမိုကရေစီ အမှန်တကယ် လေးစားသော လမ်းကြောင်းပေါ်သို့ တင်ပေးလိုလျှင် ဤအချိန်ဤနေရာမှ စတင်လုပ်ဆောင် ရမည် ဖြစ်သည်။           ။

(Linda Lakhdhir  သည် လူ့အခွင့်အရေး စောင့်ကြည်အဖွဲ့ အာရှဌာနခွဲ (Asia Division of Human Rights Watch) ၏ ဥပဒေ အကြံပေးနှင့် “သင့်ကို အချိန် မရွေးဖမ်းနိုင်သည် – မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့် ရာဇဝတ်သင့်ခြင်း” (They Can Arrest You at any Time: The Criminalization of Peaceful Expression in Burma) အမည်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာ ၂၀၁၆ ကို ရေးသားသူဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading