ဥပဒေပြဌာန်းထားချက်အရ မည်သူမဆို ဆက်သွယ်ရေးဥပေဒ ၆၆(ဃ)ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၃နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဌာန်းထားပါတယ်။
ဥပဒေအရ ပြောရမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ဆိုတာက ရဲအရေးပိုင်တဲ့အမှုပဲဖြစ်ပါတယ်။ ရဲ အရေးပိုင်တဲ့အမှုဆိုရင် သူ့သဘာဝအလျောက်က အမှုဖွင့်ပြီးပြီဆိုရင် ဖမ်းရုံပဲရှိတော့တယ်။
ရဲစခန်းကို ဆင့်ခေါ်တာမျိုး၊ စောင့်ဆိုင်းပေးတာမျိုးဆိုတဲ့ အဆင့်တွေကို သွားစရာမလိုပါဘူး။ ဒါပေမယ့် အခုဟာ ဆင့်ခေါ် တယ်ဆိုတာမျိုးတွေ ကျင့်သုံးလာတဲ့အခါမျိုးကျတော့ ပြည်သူတွေကြားမှာ ဥပဒေကို နားလည်ရ ခက်ခဲသွားတယ်။
ဥပဒေကို လူပုဂ္ဂိုလ်အလိုက် လိုက်ပါပြောင်းလဲတာလား၊ ဒါမဟုတ် ပင်ရင်းဥပဒေမှာပဲ ဒီလိုမျိုးပြဌာန်းထားတာရှိနေသလား ဆိုတာမျိုးတွေဖြစ်တာပေါ့။
ပင်ရင်းဥပဒေမှာ အဲဒီလိုမျိုးမရှိဘူး။ အခုက လူပုဂ္ဂိုလ်အလိုက် ပြောင်းလဲတာမျိုးတွေ ဖြစ်နေတယ်။ ဒါက ကျနော်တို့ မြန်မာ နိုင်ငံရဲ့တရားစီရင်ရေးနဲ့ ဥပဒေကျင့်သုံးမှုဆိုင်ရာမှာ တရားမျှတတဲ့ ဥပဒေစိုးမိုးရေးလို့ ပြောလို့မရဘူး။
ဥပမာဆိုရင် ကြက်ဖကြီးလို့ စွပ်စွဲခံရတဲ့ ကိုလှဖုန်း၊ မောင်ဆောင်းခ၊ ချောစန္ဒီထွန်း စတဲ့သူတွေတုန်းက ဘာမပြောညာမ ပြောနဲ့ ချက်ချင်း ဝင်ဖမ်း၊ ဖုန်းတွေသိမ်း၊ ကွန်ပျူတာတွေကို သိမ်းနဲ့ လုပ်ကြတယ်။
အခုကျတော့ အဲလိုမဟုတ်ဘူး။ လုပ်တဲ့ပုံစံ မတူညီတာတွေ ဖြစ်နေတယ်။ အဲတော့ ဥပဒေတခုရဲ့ အာနိသင်လျော့တာ ပေါ့ဗျာ။ ပြည်သူတွေကြားမှာလည်း လတ်တလောမှာ ဝေဖန်ခံရမှု များပြားနေတာပေါ့။
ဒီဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်နှစ်ရပ်လုံးက ပြင်သင့်တယ်လို့ ယုံကြည်တယ်ဆိုရင် ပြင်လိုက်ပါ။ မပြင်သင့်ဘူးလို့ ဆို ပြီးတော့ ထားမယ်ဆိုရင်လည်း တရားမျှတတဲ့ ဥပဒေတခုပုံစံနဲ့ သွားစေချင်တယ်။ အခုဟာက အာမခံနဲ့ပတ်သက်ရင်လည်း ဒီဥပဒေက တော်တော်အခက်အခဲရှိတယ်။ မျှတတဲ့စနစ်ကို ဖြစ်စေချင်တယ်။
ဒီပုဒ်မတွေက လူသတ်မှုတို့၊ မုဒိမ်းမှုတို့၊ လုယက်မှုတို့လို့ အမှုအမျိုးအစားမဟုတ်ဘူး။ ဒါကြောင့်မို့ ဒါကိုလွှတ်တော်က အ ချိန်မီ ပြင်ပါ။ တပြည်လုံး အုံးအုံးကျွတ်ကျွတ်ဖြစ်ပြီးတော့ အငြင်းပွားမှုတွေ ဖြစ်လာမှ ပြင်မယ်ဆိုရင် နောက်ကျသွားပါလိမ့် မယ်။
အခုဖြစ်နေတာက တရားမျှတတဲ့ တရားဥပဒေစိုးမိုးရေး စံချိန်စံညွန်း မပြည့်မီဘူး။ ဥပဒေအရာမှာ နိုင်ငံသားတိုင်းက အညီ အမျှဖြစ်စေရမယ်၊ ခံစားရမယ်လို့ ဆိုထားတယ်။
အခုချိန်မှာ အကောင်းအထည်ပေါ်မလာဘူး။ အပြင်မှာက အမြင်တွေ အမျိုးမျိုးပြောဆိုနေကြတယ်။ ဒါက တရားစွဲအဖွဲ့အ စည်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။
ဒီကိစ္စနဲ့ပတ်သက်ရင် နေ့စဉ်နဲ့အမျှ သတင်းတွေ ထုတ်ပြန်သင့်တယ်။ အဲလိုမဟုတ်တော့ အပြင်မှာ သို့လောသို့လောတွေ ပြောကုန်တာပေါ့။ ပြည်သူတွေ အားကိုးရမယ့် ရဲတပ်ဖွဲ့ပိုင်းဆိုင်ရာဖြစ်တော့ တရားဥပဒေစိုးမိုးရေးမှာ ထိခိုက်သွားနိုင်တယ်။ အဲဒါကို စိုးရိမ်တာပါ။
(ဦးရောဘတ်ဆန်းအောင်(တရားလွှတ်တော်ရှေ့နေ)သည် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအကျိုးဆောင်တဦးဖြစ်သည်)