ကြိုတင် မျှော်လင့်ထားခြင်း မရှိသည့် အဖြစ်များ ဖြစ်လာသည့်အခါ ကျနော်တို့ အရှေ့တောင် အာရှ အနေဖြင့် မည်သို့ မျှော်လင့်နိုင်ပါသနည်း။
စီးပွားရေးသမားအဖြစ်မှ နိုင်ငံရေးသမား အဖြစ်သို့ ပြောင်းလဲလာခဲ့သူ ဒေါ်နယ် ထရမ့်ပ် (Donald Trump) က မမျှော်လင့်ထားသည့် အရာတခုကို ဖြစ်အောင်လုပ်နိုင်ခဲ့သည်။ ဟီလာရီ ကလင်တန် (Hillary Clinton) ကို အနိုင်ယူ၍ ၄၅ ဦးမြောက် အမေရိကန် သမ္မတ ဖြစ်လာခဲ့သည်။
ယခု ဆောင်းပါးကိုရေးသည့် အချိန်တွင် ဒေါ်နယ် ထရမ့်ပ်က ရွေးချယ် တင်မြှောက်ရေးအဖွဲ့ (Electoral College) မဲ ၂၇၆ မဲ ဖြင့် ရရှိနိုင်ခဲ့ပြီ ဖြစ်ပြီး ဖလော်ရီဒါ၊ မြောက် ကာရိုလိုင်းနား၊ အိုဟိုင်းအိုးနှင့် ပင်ဆယ်လ်ဗေးနီးယားတို့ ကဲ့သို့သော စစ်မျက်နှာများတွင် အံ့အားသင့်ဖွယ်ရာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လိုအပ်သော ၂၇၀ မဲထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဒေါ်နယ် ထရမ့်ပ်၏ အဖွဲ့အစည်း အသီးသီးအပေါ် ပြောခဲ့သည့် အမုန်းစကားများ၊ ဟီလာရီ ကလင်တန်၏ အီးမေးလ် အရှုပ်တော်ပုံ နှင့် သူ့ခင်ပွန်း၏ ဖောင်ဒေးရှင်း ကိစ္စများကြားတွင် ရိုလာကိုစတာ နှင့် တူသော ရွေးကောက်ပွဲ၏ အံ့အားသင့်စရာ အဆုံးသတ်လည်း ဖြစ်ခဲ့သည်။
အမေရိကန် နိုင်ငံအနေဖြင့် “Duterte ခေတ်” ကိုရောက်ရှိခဲ့ပြီဟု ပြောရပါတော့မည်။ သြဇာ လွှမ်းမိုးနိုင်သော်လည်း ကြိုတင် ခန့်မှန်း၍ မရနိုင်သည့် နိုင်ငံရေးသမားတယောက် မထင်မှတ်ဘဲ ရုတ်တရက် အောင်မြင်မှု ရလာခြင်းက သူ၏ မိခင်တိုင်းပြည်မှ နိုင်ငံရေးသမားများ အတွက်သာ မဟုတ်ဘဲ ကျနော်တို့ သိထားသည့် နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာ ရေးရာများကိုလည်း ကပြောင်းကပြန် ဖြစ်စေခဲ့ပါသည်။
ယခုနှစ် အစောပိုင်းက “Brexit (ဥရောပသမဂ္ဂမှ ဗြိတိန် ခွဲထွက်ရေး)” အတွက် မဲပေးဆုံးဖြတ်ခဲ့သည်ကို ကျနော်တို့ မြင်ခဲ့ရသည့် အနောက်တိုင်း၏ အသည်းနှလုံးနေရာမှ ထကြွလှုပ်ရှားမှုမျိုးက ယခုအခါတွင် အမေရိကန်တွင် စတင် အမြစ်တွယ်ခဲ့ပြီ ဖြစ်သည်။
ဝေဖန် ဆန်းစစ်မှုများလည်း အမြောက်အများ ရှိလာမည်မှာလည်း ထင်ရှားပါသည်။ သို့သော်လည်း ကျနော်က ဒေသအတွင်းတွင် လက်ငင်း သက်ရောက်မှု ရှိလာနိုင်သည်များကို အလေးပေးကြည့်ချင်ပါသည်။ ဒေါ်နယ် ထရမ့်ပ် သမ္မတ ဖြစ်လာခြင်းမှ ကျနော်တို့ မည်သည့်အရာကို မျှော်လင့်နိုင်ပါသနည်း။ မသိပါဟုသာ အများဆုံး ဖြေကြပါလိမ့်မည်။ ဒေါ်နယ် ထရမ့်ပ်က ခန့်မှန်း၍ မလွယ်သူ ဖြစ်သည်။ အများနှင့် မတူသူ ဖြစ်သည်။ လူဖြူများ၊ အလုပ်သမား လူတန်းစားများနှင့် ကျေးလက်နေ အမေရိကန်များ၏ စိတ်ကို ဆွဲဆောင်နိုင်ခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း အမေရိကန် လူ့အဖွဲ့အစည်းတွင် အပြောင်းအလဲများကြောင့် ဘေးရောက်ခဲ့ရသည်ဟု ခံစားခဲ့ရသူများ ရှိပါသည်။ လွတ်လပ်သော ကုန်သွယ်ရေးနှင့် နည်းပညာ အပြောင်းအလဲများက သူတို့၏ အသိုင်း အဝိုင်းများနှင့် ဘဝရပ်တည်မှုအား ဖျက်ဆီးခဲ့သည်ကို ဘေးကနေ ထိုင်ကြည့်နေရသူ အများအပြား ရှိခဲ့သည်။
မကြာမီ သက်တမ်း ကုန်ဆုံးတော့မည့် သမ္မတ အိုဘားမား၏ လူနည်းစုများအတွက် သက်တံ့ရောင် လှုပ်ရှားမှုက ရှေးရိုးစွဲ ဆန်သူတို့အတွက် တုန်လှုပ်ဖွယ်ရာ ဖြစ်ခဲ့ရသည်။ လူမှုရေး ထုံးတမ်းဓလေ့များ ပြောင်းရွှေ့ခဲ့သည်။
ဒေါ်နယ် ထရမ့်ပ် နှင့် သူ့ကို ထောက်ခံသူများက မြို့ကြီးသား လူ့မလိုင်တို့၏ နှိမ့်ချမှု၊ New York Times ၏ ကမ္ဘာ၊ ဘီယွန်ဆေး (Beyonce) နှင့် ဂျေး ဇက် (Jay-Z) တို့၏ ကမ္ဘာ၊ အုပ်ချုပ်မှု အသစ်ကို လိုအပ်ခြင်းတို့ကို သူတို့တွေ့မြင်သလို ခံစားခဲ့ကြသည်။ လူအများအပြား အထူးသဖြင့် နည်းပညာ အသိုင်းအဝိုင်းမှ လူများအနေဖြင့်တော့ ဒေါ်နယ် ထရမ့်ပ် နှင့် ဘယ်လို ဆက်ဆံရမည်ကို ပြန်တွေးဖို့ လိုလာပါလိမ့်မည်။
လွတ်လပ်လွန်းသည်၊ လူနည်းစုများအပေါ် သည်းခံလွန်းသည်ဟု သူတို့ထင်သည်များကို ဒေါ်နယ် ထရမ့်ပ် နှင့် သူ၏ စိတ်တူကိုယ်တူ အပေါင်းပါများက ဖယ်ရှား၍ သူတို့ ယုံကြည်သော အမေရိကန်၏ တန်ဖိုး (ခရစ်ယန် ဘာသာဝင် လူဖြူ ယောကျာ်းများက လွှမ်းမိုးခြင်း) ဆီသို့ ပြန်သွားရန် ကြိုးစားနေကြသည်။
ဒေါ်နယ် ထရမ့်ပ် က လူဖြူအသိုင်းအဝိုင်း၏ စိတ်ရှုပ်ထွေးနေမှုနှင့် ဒေါသမှ အမြတ်ထုတ်နိုင်ခဲ့သည်မှာ ထင်ရှားပါသည်။ သန်းနှင့်ချီသော သာမန်အမေရိကန် လူဖြူများကြားတွင် သူတို့ယုံကြည်သည့် အမေရိကန်၏ တန်ဖိုးအပေါ် ခံစားမှုနှင့် အားငယ်မှုများကို ဖန်တီးပေးနိုင်ခဲ့သည်။
ထို့ကြောင့် ရီပတ်ဘလီကန်ပါတီက ဒေါ်နယ် ထရမ့်ပ်ကို ထိန်းချုပ်ရန် ကြိုးစားမှုများကို ရပ်တန့်နိုင်ခဲ့သည်။
မစ်ချီဂန်ပြည်နယ် Grand Rapids မှ မဲဆွယ်လှုပ်ရှားမှုများကို ကျနော် ရက်အနည်းငယ်မျှ စောင့်ကြည့်ခဲ့စဉ်အတွင်း အဆိုပါ အချက်ကို မြင်တွေ့ခဲ့ရပါသည်။ ဒေါ်နယ် ထရမ့်ပ်၏ မဲဆွယ်ပွဲတွင် လူထုကြီးက ကြီးမားများပြားလွန်းသဖြင့် ကျနော် ဝင်ရောက်ရန်ပင် မတတ်နိုင်ခဲ့ပါ။
Donald Trump က အိမ်ခြံမြေ လုပ်ငန်းရှင်ဘဝမှ မီဒီယာလုပ်ငန်းရှင် အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ယခုအခါ အမေရိကန် နိုင်ငံ၏ ထင်ရှားသော နိုင်ငံရေးသမားများထဲမှ တယောက် ဖြစ်လာပြန်သည်။ သူဖြတ်သန်းခဲ့ရာ လမ်းတလျှောက်ကို ကြည့်လျှင် ထူးချွန် ထက်မြက်မှုများကိုရော အညှာအတာ ကင်းမဲ့မှုများကိုပါ ညီတူမျှတူ တွေ့ရမည် ဖြစ်သည်။
ထို့ကြောင့် ထပ်ပြောရလျှင် အရှေ့တောင်အာရှမှ ကျနော်တို့အတွက် မည်သို့ ဖြစ်နိုင်ပါသနည်း။
အရှေ့တောင် အာရှနိုင်ငံများသည် အမေရိကန်၏ စစ်ရေးနှင့် နိုင်ငံရေးအရ တည်ရှိမှုကို အသားကျနေခဲ့သည်မှာ ဆယ်စု နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ကုန်ပစ္စည်းတင်သွင်းသူ အဖြစ်ကိုလည်း ထိုနည်းတူ ပင်ဖြစ်သည်။ ထို အချက်က ပြောင်းလဲ သွားပါလိမ့်မည်။
အမေရိကန်များ ယူဆောင်လာမည့် ငြိမ်းချမ်းရေးမှ ကျနော်တို့ ဝေစုအတွက် ကျနော်တို့ အရှေ့တောင် အာရှက ကောင်းကောင်း ပေးမည်ဟု မျှော်လင့်ခြင်း ခံရနိုင်ပါသည်။ သေချာသည်ကတော့ အိုဘားမား ၏ ရည်မှန်းချက် ဆန္ဒဖြစ်သော အာရှ-ပစိဖိတ်ကို မဏ္ဍိုင်ပြုရေးကိုလည်း ကျနော်တို့ မေ့ပစ်လိုက်နိုင်ပါသည်။ ဒေါ်နယ် ထရမ့်ပ်၏ အမျိုးသားရေးစိတ် ပြင်းထန်မှုနှင့် သွင်းကုန်များကို ထိန်းချုပ်လိုသော သဘောထားတို့ကြောင့် အာရှနှင့် ပစိဖိတ် ဒေသနိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (Trans-Pacific Partnership) သည်လည်း သမိုင်း ဖြစ်သွားပါလိမ့်မည်။
ထိုအချိန်တွင် ရှီ ကျင့်ဖျင် (Xi Jinping) နှင့် တရုတ်နိုင်ငံက ဒေသတွင်းတွင်ရော နိုင်ငံတကာတွင်ပါ ထိုနေရာကို ဝင်ရောက်ပြီး အင်အား စုစည်းလာနိုင်မည် ဖြစ်သည်။ လတ်တလောတွင် ဖိလစ်ပိုင် သမ္မတ ဒူတာတေး (Duterte) က တရုတ်နိုင်ငံကို အားပြုနေသည်ကို သက်သေအဖြစ် မြင်နိုင်ပါသည်။
သို့မဟုတ် အခြေအနေက ဤမျှလောက်အထိ ဆိုးချင်မှ ဆိုးပါလိမ့်မည်။ ဒေါ်နယ် ထရမ့်ပ်က တရုတ်နှင့် ရုရှားကို ဆက်သွယ်မှု ဖြတ်တောက်ရန် ကြိုးစားမည့်အစား တင်းမာမှုလျော့ပါးမည့် နောက်ထပ်ပုံစံ အသစ်တခု ဆီသို့လည်း သွားကောင်း သွားနိုင်ပါသည်။
ဒေါ်နယ် ထရမ့်ပ်၏ အမြင်ဖြစ်သော အင်အားကောင်းသည့် အမေရိကန်နိုင်ငံ ဖြစ်လာရေးက အမေရိကန်နိုင်ငံက ကိုယ့်ဖာသာ ခန့်အပ်ထားသည့် နေရာဖြစ်သော ကမ္ဘာ့ပုလိပ် သို့မဟုတ် ဒီမိုကရေစီကို ဖြန့်ဖြူးသူအဖြစ်မှ ရှောင်ခွာ သွားစေခဲ့လျှင် ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲသွားပါလိမ့်မည်။
ဒေါ်နယ် ထရမ့်ပ်၏ အမေရိကန်က တရုတ်နိုင်ငံမှ အများစုက ကမ္ဘာပေါ်တွင် သူ့တို့အတွက်နေရာမှဟု မြင်ထားသည့် နေရာကို ယူခွင့်ပေးပြီး တချို့နေရာများတွင် လက်ရှိအဆင့်ကို ထိန်းထားခြင်းဖြင့် ပိုမို၍ လက်တွေ့ကျနိုင်ပါသည်။
သို့မဟုတ် ကမ္ဘာပျက်ကိန်းကို ဟောပြောသူများ (၁၉၃၀ နှစ်များကအတိုင်း) ကြိုတင် ခန့်မှန်းကြသလို ပြည်သူများက ဖောက်ပြန်သော မညီမျှသော ကမ္ဘာတခုဟု မြင်လာပြီး ကြမ်းတမ်း ဆိုးရွားသော သဘောတရားများ လွှမ်းမိုး သွားနိုင် ပါသလား။
ထိုသို့ ဖြစ်လာခဲ့လျှင် ဒေါ်နယ် ထရမ့်ပ်က ထိန်းချုပ်နိုင်ပါမည်လား။
ကျနော်တို့ အလွယ်တကူ မသိနိုင်သည့် ပြဿနာတခုသာ ဖြစ်ပါသည်။
တရုတ်နှင့် ရုရှား တို့က ဒေါ်နယ် ထရမ့်ပ် သမ္မတ ဖြစ်လာသည်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြချိန်တွင် ရေရှည် အတွက် သံသယရှိနေသူများ အနေဖြင့် သူ့ကို ကြိုတင်ခန့်မှန်းရန် မလွယ်ကူမှုကြောင့် အလွန်ခက်ခဲစေပါလိမ့်မည်။
အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲက ပြီးဆုံးခဲ့ပြီ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံအတွက်၊ ကျနော်တို့ ဒေသအတွက် ၊ ကမ္ဘာကြီးအတွက် မသေချာ မရေရာမှုများကတော့ ယခုမှ စတင်ခြင်းဖြစ်ပါသည်။
(ကရင်မ် ရတ်စ်လာမ် (Karim Raslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦး ဖြစ်သည်။)