အရင်ဆုံး ခေတ်ဟောင်းက ငတာကို ပြန်ပြီး မိတ်ဆက်ချင်ပါတယ်။ ငတာဆိုတာက ရတနာပုံခေတ်က မြင်း ထိန်းတယောက်။ မြင်းထိန်းထဲမှာမှ တမူထူးကာ လူသိများတဲ့ မြင်းထိန်းတယောက်။
ယောအတွင်းဝန်ဦးဖိုးလှိုင်ရေးတဲ့ ဝိမုတ္တိရသကျမ်း၊ ကာယနုပဿနာကျမ်း၊ ဥတုဘောဇနကျမ်းများကိုု လူစည်စည်မှာ ဘယ် လို ဘယ်ပုံကောင်းကြောင်း ချီးကျူးပါတယ်။ ခက်တာက မြင်းထိန်းငတာဟာ စာတတ်ပေတတ်မဟုတ်။ ယောဆိုသည့် ပညာရှိက မနေသာ အဖြေရှာ ခေါ်ကာ နှုတ်ပိတ်ရပါတယ်။
ထောင်သွင်းအကျဉ်းချခြင်းတော့ မဟုတ်။ ဆုငွေလာဘ်ငွေ ချီးမြှင့်ကာ နောက်မပြောနဲ့ ဆုံးမခြင်း။ “ငတာရယ် နင်က စာမှ မတတ်တာ။ စာမတတ်တဲ့ကောင်က ချီးမွမ်းနေရင် ငါ ဘာဖြစ်သွားမလဲ။ နင့်လိုကောင်မျိုးက ချီးမွမ်းနေတာ ငါ့ကို သတ်သ လိုပဲ။ နောင်ဘယ်တော့မှ မပြောလေနဲ့။” ပညာရှိ ယောမင်းကြီး၏ မှတ်သားဖွယ်စကား။
ဒီမိုကရေစီ ငတာများ
ဒီမိုကရေဆိုတဲ့ ခေတ်သစ်ကြီးက ငတာများကိုလည်း မိတ်ဆက်ပေးချင်ပါတယ်။ ခေတ်သစ်ငတာကိုတော့ နှစ်မျိုးခွဲမိတ် ဆက်ပြချင်ပါတယ်။ ပထမတမျိုးက ယောခေတ်က မြင်းထိန်းငတာမျိုး၊ အမေဘာလုပ်လုပ် အဘဘာလုပ်လုပ် တို့မေမေ၊ တို့ဘဘ အော်တတ်တဲ့သူများဖြစ်ပါတယ်။
အဆိုးအကောင်း၊ အကျိုးအကြောင်း နားလည်ခြင်း မလည်ခြင်းဟာ သူတို့အတွက် အရေးမကြီး။ အမေဖြစ်ခြင်း၊ အဘ ဖြစ်ခြင်းသည်သာ အခရာ။ အမေ့ဘက်ကလူဖြစ်ခြင်း၊ အဘဘက်ကလူဖြစ်ခြင်းသည် အဓိက။ သူတို့ထဲမှာလည်း အုပ်စု ငယ်ထပ်ခွဲရရင် အရိုးခံ ငတာစစ်စစ်များလည်း ပါသလို အကြံသမား သာကူးငတာများလည်း မနည်းမနော။
အရင်က အဘ၊ အဘအော်ခဲ့သူများက အခု အမေ၊ အမေ အော်ကြခြင်း။ သို့သော်ငြား အော်သည်ဆိုတာကလည်း လူသိ ရှင်ကြား မအော်ရဲရှာပြန်တော့ ဖွဘုတ်ကြီးပေါ်မှာသာ အသံကျယ်ရရှာသူများ။ အပြင်မှာတော့ သူတို့ ဘယ်လိုလူဆိုတာ သိထားကြပြီးသားကိုး။
ဒုတိယငတာ အမျိုးအစားကတော့ သိပ်မများသေး။ သို့သော် သူတို့ကလည်း နည်းနည်းတော့ အင်အားကောင်းလာပါ တယ်။ အမေကို မထိနဲ့ မီးပွင့်သွားမယ်။ ဘဘကို မထိနဲ့ ဆွဲစေ့လိုက်မယ်ဆိုတာမျိုးတွေ။ အခုပင် ကြားလာရပြီ။
ဆက်သွယ်ရေးဥပဒေမှ ပုဒ်မ ၆၆ (ဃ) ကို အသုံးပြုကာ လူမှုကွန်ရက်မှာ ဝေဖန်လေကန်သူများကို တရားစွဲဆိုလာကြပါ တယ်။ ဒီငတာများကတော့ ခေတ်မီသော ငတာများလို့ ဆိုရင်ရမယ်ထင်ပါတယ်။ ဥပဒေကို အသုံးချကာ ကိုယ်ယုံကြည် သူရဲ့ပုံရိပ်ကို ကာကွယ်ရန် ကြိုးစားကြခြင်းဖြစ်ပါတယ်။
ငတာဟာ ဘယ်ခေတ်ရောက်ရောက် ငတာသာ ဖြစ်နေပါတယ်။ ငတာတမျိုးက ပုံရိပ်ကောင်းကို ဇွတ်မြှောက် မြှင့်တင်ပြီး နောက်ငတာကတော့ ပုံရိပ်ကောင်းနေလို့ မထိခိုက်စေဖို့ ကာကွယ်တယ်လို့ ဆိုမယ်။ ငတာချီးကျူးလိုက်တာက တ ကယ်ရော ဂုဏ်မြောက်ရဲ့လား။
ငတာ ကာကွယ်လိုက်တာက တကယ်ကာရာ ရောက်ရဲ့လား။ ပြောင်းပြန်သက်ရောက်မှုများ ရှိမနေနိုင်လေသလော။ အခြားတဖက်ကလည်း လက်စားချေလိုခြင်းများ လွှမ်းမိုးနေ မနေကတော့ ငတာများသာ သိပေလိမ့်မယ်။ ဒီငတာတွေက သံပတ်ပေးခံထားရတဲ့ ငတာတွေများလားဆိုတာကလည်း မိုးနတ်မင်းကြီးသာ သိနိုင်ပေလိမ့်မယ်။
အာဏာရှင်ခေတ်က တရားစွဲတာတွေ
အပြင်က ငတာတချို့နဲ့ စကားပြောကြည့်ဖူးတယ်။ ဟိုအရင်တုန်းက ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ပြည်သူတွေအတွက် လှုပ်ရှားသူတွေကို ပုဒ်ထီးတွေ ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး တရားစွဲထောင်ချခဲ့တာပဲကွ။ ငါတို့က မတရားပြန်လုပ်တာ မ ဟုတ်ဘူး။ ဥပဒေအရ လုပ်တာပဲတဲ့။ ယုတ်ယုတ်မာမာပြောတာကို လက်မခံနိုင်ဘူးတဲ့။ ဝေဖန်တာနဲ့ အပုပ်ချတာ မတူဘူး ကွတဲ့။ အများပြောတဲ့ ဆင်ခြေအတိုင်းပင်။ မှန်ပါတယ်။ ယုတ်ယုတ်မာမာပြောတာကို ဘယ်သူကမှ လက်ခံနိုင်မယ် မဟုတ် ပါ။ ဒီအချက်ကို လက်ခံပါ၏။
အာဏာရှင်များ ထင်တိုင်းကြဲခဲ့တာကတော့ စာဖွဲ့ပြောစရာမလို။ ခေတ်ကိုက အာဏာရှင်သာ ဖြစ်လို့ အာဏာရှင်ရဲ့လက္ခ ဏာတခုသည်ပင် အဝေဖန်မခံခြင်းဖြစ်ပါတယ်။ သူတို့ကို ဝေဖန်လို့မရတာ ထုံးစံလို။ ဝေဖန်လာသူ၊ ထိပါးလာသူဟု ယူဆ သမျှ သူတို့ဘက်က ဥပဒေကို လိုသလို အသုံးချကာ နှောင်ဖွဲ့ပစ်လိုက်ဖို့ ဝန်မလေး။ သို့သော် အမှန်တရားကို အလိုရှိသော၊ သင်ပုန်းချေခြင်း၊ အမျိုးသားရင်ကြားစေ့ရေးကို တဖွဖွပြောသောသူများအဖို့ကား အရင်လူလို လိုက်မလုပ်မိဖို့ အရေးကြီးပါ တယ်။
ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) တဲ့။ နာမည်ကြီးလာဦးမယ့် ပုဒ်မတခုအဖြစ် မြင်နေရပါတယ်။ (အမှန်တော့ နာမည်က တော်တော်ကို ကြီးနေပြီးဖြစ်သည်။) မေမေကြီးဘက်က ဖေဖေကြီးဘက်က အချစ်သည်းကြသူများက အသုံးချနေကြမယ့် အလားအလာကိုလည်း တွက်ဆမိပါတယ်။
ဘာရဒွဇ
ဘုရားရှင် လက်ထက်က အဖြစ်အပျက်တခုကို ကြားနာဖူးပါတယ်။ ဘာရဒွဇဆိုတဲ့ ပုဏ္ဏားတယောက်အကြောင်း။ ဗုဒ္ဓကို လူရှေ့သူရှေ့ မရှောင် ဆဲရေးကြိမ်းမောင်း၊ ညစ်ညစ်ပတ်ပတ် ယုတ်ယုတ်မာမာပြော၊ အရှက်ခွဲပါတယ်။ မှတ်သားစရာ စ ကားတခွန်းနဲ့ ဗုဒ္ဓက နမူနာ ပြခဲ့ပါတယ်။
ဟဲ့ ဘာရဒွဇ သင်က ပေးတဲ့ လက်ဆောင် ပစ္စည်းတခုကို သင်ပေးလိုက်သူက လက်မခံရင် ဘယ်သူ ရမှာလဲ။ ကျုပ်ပေး လိုက်တဲ့ လက်ဆောင်ပစ္စည်းကို သူက မယူရင် ကျုပ်လက်ထဲမှာပဲ ရှိမှာပေ့ါ။ အေး ငါလည်း အခု မင်းပေးတဲ့ (ပြောတဲ့) ယုတ်မာစွာ ဆဲရေးခြင်းတွေကို ငါမယူဘူးတဲ့။
ဗုဒ္ဓမိန့်တာက ရှင်းလွန်း၍ နားမလည် ဖြစ်ကောင်း ဖြစ်နေပါမယ်။ တပါးသူက ပေးတဲ့ ဆဲရေးခြင်း၊ မကောင်းပြောခြင်းများကို ကိုယ်ကသာ လက်ခံမသိမ်းပိုက်ရင် ကိုယ့်ဆီ ရောက်လာစရာ မရှိ။ အဲဒါဆို အခုတရားစွဲကြသူတွေက လက်ခံသိမ်း ပိုက်လိုက်ကြလိုက်တဲ့ သဘောလား။ အနာပေါ် တုတ်ကျလို့ မခံနိုင်ဖြစ်တာလား။ ဒါမှမဟုတ် အပြောခံရသူက တော်တော် ငတာက ကဲကဲဖြစ်နေသလား။ အဲသလို ငတာက ကဲကဲလုပ်နေတာကို လူကြီးမင်းများက မဆုံးမတော့ဘူးလား။ မပြေး သော် ကံရာရှိ။ ကြံရာပါသာ ဖြစ်နိုင်ဖွယ်ရှိ၏ဟု ယူဆရမလိုပင်။
လွတ်လပ်စွာ ပြောရေးဆိုခွင့်
ငတာ့ဘက်သားများ ပြောကြသလို လွတ်လပ်စွာ ပြောရေးဆိုခွင့် (freedom of speech)၊ လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့် (freedom of expression) ဟာ လွတ်လပ်စွာ ဆဲရေးနိုင်ခွင့် မဟုတ်တာကိုတော့ အငြင်းပွားစရာမလို။ သို့သော် နိုင်ငံရေး လောကတွင် နေသူ၊ အများပြည်သူကို ကိုယ်စားပြုကာ အလုပ်လုပ်ရသူအဖို့ အဝေဖန်ခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း မလွတ်နိုင်ပါ။
ဝေဖန်မှုများဟာ နိုင်ငံရေးမှာ ပြည်သူ့မဲနဲ့ အာဏာရလာသူများ လမ်းလွဲရောက်မသွားစေရန် ပြန်လည်ထိန်းညှိခြင်း ဖြစ်ပါ တယ်။ ပြင်းထန်မှု အတိုင်းအဆ ကွာခြားနိုင်သော်လည်း ဝေဖန်မှုဟာ ဝေဖန်မှုသာ ဖြစ်ပါတယ်။ ဝေဖန်မှုကို ခံနိုင်ရည် ရှိ သူအတွက် ပြဿနာမရှိသော်ငြား မခံနိုင်သူကတော့ ဝေဖန်မှုမှန်သမျှကို မကောင်းပြောတယ်လို့သာ ထင်မြင်နိုင်ပါတယ်။
ကိုယ်အဝေဖန်မခံနိုင်တိုင်း ပါးစပ်တွေ အတင်းအဓမ္မပိတ်ပစ်ဖို့ ကြိုးစားခြင်းဟာ လူထုကို ကိုယ်စားပြုပါတယ် ဆိုသောသူ များအတွက် ရယ်သွမ်းသွေးဖွယ်ရာ အပြုအမှုဖြစ်ပါတယ်။ ဥပဒေမှာ အသရေဖျက်မှုဆိုတာ ရှိပါတယ်။ ထိုအသရေဖျက် မှုဆိုတာကရော ဘာလဲ။ ဥပဒေကြောင်းအရ သတ်မှတ်ချက်တွေ ရှိနိုင်ပေမယ့် လူအများ၏ လေးစားထောက်ခံမှုကို ရယူကာ အလုပ်လုပ်ရသူများအတွက်တော့ နေရာတကာ ဥပဒေအရ အကာအကွယ်ယူလိုက်ရုံနဲ့ အသရေက တည်တံ့သွားသတဲ့လား။
အသရေဆိုတာက ဘေးက ဝေဖန်လိုက်ရုံနဲ့ ပျက်သွားလေသလား။ တချို့ဆိုရင် နဂိုကမှ မရှိတဲ့ အသရေကရော ဖျက် စရာကျန်ပါ့မလား။ ဥပဒေအရ အနိုင်ရရင်တောင် ပြည်သူ့စိတ်ထဲမှာ ရှုံးထားပြီးသား ဖြစ်သွားတယ်ကိုရော သတိမမှုမိလေ ရော့သလား။
စိတ်မကောင်းစရာလို့လည်း ဆိုချင်ပါတယ်။ ရယ်စရာတခုအနေနဲ့လည်း မကြာမတင်သော ကာလတခုက သတင်းများမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အရှိန်အဝါကို သိက္ခာချလို့ တရားစွဲတဲ့ အမှုတခု ကြားလိုက်ရပါသေးတယ်။ ကြံကြံဖန်ဖန်လို့သာ ဆိုရပါမယ်။
ဗိုလ်ချုပ်အောင်ဆန်းသာ သူ့ကို ဝေဖန်လို့ တရားစွဲတယ်ဆိုတာများ ပြန်ကြားခဲ့ရင် ရှက်လို့ပဲ သေမလား၊ သူ့ဝသီအတိုင်း ရှင်းရှင်းဘွင်းဘွင်း ကြိမ်းမောင်းမလား၊ ဒါမှမဟုတ် ယောမင်းကြီးထုံး နှလုံးမှုပြီး ဟေ့ကောင်ထွန်းလှရေ မင့်တို့ဟာက ရှက် စရာကောင်းလိုက်တာကွာလို့ ပြောကာ အပါးတော်မြဲကို အမှုပိတ်ခိုင်းစေမလား။ တခုခုတော့ အသေချာ။ ဗိုလ်ချုပ်အောင် ဆန်းအတွက်တော့ ငတောတွေ မလိုအပ်ခဲ့တာ အမှန်ပင်။
(လင်းငယ်သည် မျက်မှောက်ခေတ်ရေးရာများကို ဝေဖန်ရေးသားနေသော ဆရာဝန်တယောက် ဖြစ်သည်)