အမျိုးသားနေ့သည် မောင်းကဲ့သို့ ဟည်း၍ စည်ကဲ့သို့ဟိန်းခဲ့သည်။ တနှစ်လျှင် ခြေတလှမ်း လှမ်း၍ နှစ်ဆယ့်ခုနှစ်လှမ်းဖြင့် လွတ်လပ်ရေးကို လက်ရ သိမ်းပိုက်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ပထမခြေလှမ်းကို လှမ်း၍ ချီတက်ခဲ့ သည်။
၁၉၄၇ ခုနှစ်တွင် နှစ်ဆယ့်ခုနှစ်ကြိမ်မြောက် ခြေလှမ်းဖြင့် လွတ်လပ်ရေးကို ခုန်ဖမ်းလိုက်သည်။ လွတ်လပ်သော ၁၉၄၈ ခုနှစ်မှ နောက်သို့ပြန်၍ ကြည့်သော် အမျိုးသားနေ့သည် လွမ်းစရာလည်း ကောင်းသည်။ အံ့သြစရာလည်း ကောင်းသည်။ နောင်အခါတွင် အမျိုးသားနေ့သည် မြန်မာ့ယဉ်ကျေးမှုတခုအနေဖြင့် တည်တော့မည်ဟု ထင်ဖွယ်ရာရှိလေသည်။
ဗြိတိသျှ အစိုးရ၏ အာဏာကို ဖီဆန်လိုသော သဘောဖြင့် ၁၉၂၀ ပြည့်နှစ်က ကျောင်းသားများသပိတ်မှောက်သည့်နေ့ကို အကြောင်းပြု၍ ၁၉၂၁ ခုနှစ်တွင် ထိုနေ့ကို အမျိုးသားနေ့ ဟူ၍ သတ်မှတ်လိုက်သည်။
ထိုသပိတ်ကြောင့် တနိုင်ငံလုံးအိပ်မောကျနေရာမှ လန့်နိုးလာသည်။ လူးလွန့်လာသည်။ မျက်စိကို ပွတ်သပ်ကြည့် သည်။ လွတ်လပ်ရေးရလိုစိတ် ပေါက်လာသည်။ ထိုသပိတ်၌ အကြောင်းခံ ရှိသော ထိုနေ့သည် အမျိုးသားနေ့ ဖြစ်ထိုက်ပါပေသည်။
ထိုနေ့ကို သတ်မှတ်လိုက်သည်မှစ၍ လွတ်လပ်ရေးရလိုစိတ်သည် တနှစ်ထက်တနှစ် ထက်သန်ပွားများလာသည်။ ကျယ်ပြန့်လာသည်။ အဆောက်အအုံဖြစ်လာသည်။ အမှန်မှာ လွတ်လပ်ရေးရလို စိတ်သည်သာလျှင် အမျိုးသားနေ့၏ အသက်ဖြစ်ခဲ့လေသည်။
၁၉၂၁ ခုနှစ်မှ ၁၉၃၀ ပြည့်နှစ်လောက်ထိ ဝံသာနုဝါဒ ဖြန့်ခဲ့သည်။ ထိုအခါက ဒိုင်အာခီအုပ်ချုပ်ရေးမှ တဆင့်စီ တဆင့်စီ တက်သွားချင်သူများလည်း ရှိကြသည်။ ဟုမ္မရူးအုပ်ချုပ်ရေးကို တခါတည်း ခုန်ဖမ်းချင်သူများလည်း ရှိကြသည်။ သို့ သော်လည်း ထိုသူအားလုံးသည် ဝံသာနုချည်းသာ ဖြစ်ကြသည်။ ထိုဝါဒီများသည် လမ်းစဉ်ကွဲနေကြသဖြင့် နွားကွဲ၍ကျား ကိုက်ခံနေကြရသည်။
နေရာတကာ ဗြိတိသျှ အစိုးရကို အရှုံးပေးနေကြရသည်။ သို့ရာတွင် အမျိုးသားနေ့ကား အရှုံးပေးခဲ့ဖူးသည် မရှိ။ နှစ်စဉ် မှန်မှန် ချီတက်ခဲ့သည်။ တနှစ်ထက် တနှစ် ခြေလှမ်းသွက်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ် အတွင်းတွင် ခြေလှမ်းသွက်လာ ရုံသာမက အချအနင်းပင် ပြင်လာသည်။ သခင်အစည်းအရုံးသည် လက်သီးလက်မောင်းတန်းလာသည်။ အမျိုးသားနေ့ လည်း လက်သီးလက်မောင်းတန်းလာသည်။
သခင်အစည်းအရုံးသည် ဗြိတိသျှအစိုးရ နားမခံသာအောင် အော်ဟစ်ကြွေးကြော်လာသည်။ ဤသို့ဖြင့် အမျိုးသားနေ့သည် လွတ်လပ်ရေးစိတ်ကို လှုပ်ရာမှ သွက်လာစေ၍ သွက်ရာမှ ပြင်းထန်လာစေသည်။
အမျိုးသားနေ့သည် လွတ်လပ်ရေးရလိုစိတ်ကို ထိုခေတ် နှစ်ခေတ်က မည်ကဲ့သို့သရုပ်ဖော်ခဲ့ပါသနည်း။ သရုပ်ဖော်ပုံက သင်းလှပေသည်။ မြန်မာ့စိတ်ကြိုက် ဖြစ်သည်ဟု ဆိုရာသည်။ အမျိုးသားနေ့ဟု နေ့တနေ့သတ်မှတ်လိုက်သော သဘောသည် အနောက်နိုင်ငံများက သဘော ဖြစ်တန်ရာသည်။
မြန်မာများတွင် နေ့ထူးနေ့မြတ် သတ်မှတ်သော သဘောရှိပါ၏။ သို့ရာတွင် ထိုနေ့များသည် အများအားဖြင့် ဘာသာရေး ဆိုင်ရာနေ့များသာ ဖြစ်ကြသည်။ နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုသောနေ့ရှိခဲ့သည်ဟူ၍ မကြားဖူးချေ။
၁၉၁၈ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ပြီးခါစက ဗြိတိသျှ အစိုးရသည် မိမိတို့ စစ်နိုင်ကြောင်း၊ အောင်ပွဲရကြောင်း၊ တန်ခိုး ကြီးသည် ထက်ကြီးလာကြောင်း ပြချင်သဖြင့် အာဝါဒေး( ခေါ်) ငါတို့အောင်ပွဲနေ့ဟူ၍ မြန်မာနိုင်ငံ အနှံ့အပြား ကျင်းပခဲ့ သည်။ ဤကား နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုချင်သဖြင့် နေ့တနေ့ သတ်မှတ်ကျင်းပခြင်း ဖြစ်သည်။
အမျိုးသားနေ့သတ်မှတ်သူတို့သည် ထိုသဘောကို ယူ၍ ပြုကြသလောဟု တွေးတောဖွယ်ရာ ဖြစ်သည်။ သို့ရာတွင် ကျွနု်ပ်တို့၏ အမျိုးသားနေ့သည် မြန်မာဆန်၍ မြန်မာ စိတ်ကြိုက်လည်း ဖြစ်ခဲ့သည်ကို သတိမူရာသည်။ ထို့ပြင် အနောက်နိုင်ငံ သဘောပင် ဖြစ်စေကာမူ မြန်မာ့မြေပေါ်တွင် မြန်မာမှုနှင့် ရောနှောပေါင်းစပ်နိုင်သောကြောင့် အနောက်နိုင်ငံသဘော အခံ ရှိသော ကျွန်ပ်တို့၏ အမျိုးသားနေ့ အောင်မြင်လာသည်ကိုလည်း သတိမူရာသည်။
မြန်မာတို့သည် သင်္ကြန်အခါများတွင် အိုးစည် ဗုံမောင်းများဖြင့် ရပ်တကာ ရွာတကာ လှည်ချင်ကြသည်။ နွားလွှတ်ပွဲ၊ ငါး လွှတ်ပွဲများတွင်လည်း ထိုနည်းတူ လှည့်ချင်ကြသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်များတွင်လည်း ရေအိုးကိုယ်စီရွက်၍ ဆိုင်းနှင့်ဗုံနှင့် လှည့်ချင်ကြသည်။ ဗြဟ္မာကဲ့သို့၊ သကြားကဲ့သို့၊ နတ်ကဲ့သို့ ဝတ်ဆင်၍ လှည့်ချင်ကြသည်။ ဆွမ်းတော်ကြီး အုပ်အစ်များကို ထီးမိုးကာ လှည့်ချင်ကြသည်။ အကအခုန်နှင့် လှည့်ချင်ကြသည်။ သံချပ်ထိုးကာ လှည့်ချင်ကြသည်။
ဤချဉ်ခြင်းမျိုးသည် မြန်မာတို့၏ စိတ်ထဲ၌ စွဲနေသည်။ ထိုအစွဲကို အမျိုးသားနေ့နှင့် ပေါင်းစပ်လိုက်သည်။ ရှုလော့၊ အမျိုး သားနေ့နံနက်ခင်း။
နေခြည်ဝါဝင်းလာသောအခါ စည်တော်သံများကို ကြားရပြီ။ ရှေ့ဆုံးက ဘားမင်းနီးယားခေါ် အမိမြန်မာပြည်သဏ္ဌာန် ဝတ်ဆင်ထားသော အမျိုးသမီးသည် ပန်းရထားနှင့် ထွက်လာပြီ။ ပန်းရထားတွင် ဒေါင်းအလံ ထိုးထားသည်။ ထို့နောက်မှ လွတ်လပ်ရေး စာပန်းကြီးပါလာသည်။ အိုးစည်ဗုံမောင်း အကအခုန် ပါလာသည်။ ကျောင်းသူ၊ ကျောင်းသားများပါ လာကြ သည်။ ထို့နောက် ဝံသာနု ခေါင်းဆောင်များပါလာကြသည်။
တခါတရံ အမျိုးသားနေ့လူတန်းကို ရဲတပ်က ဘင်ခရာဖြင့် ခေါင်းဆောင်လာသည်။ ထို့နောက် ဘုရားတဆူဆူမှာ သွားရောက် စုဝေးကြသည်။ ဒေါင်းလံကို လွှင့်ထူကြသည်။ ဒေါင်းလံကို အလေးပြုကြသည်။ ထို့နောက် လွတ်လပ်ရေးရ စေကြောင်း ဆုတောင်းကြသည်။ ဤ သဘောကား မြန်မာ့သဘော ဖြစ်သည်။ မြန်မာ့ အကြိုက်ဖြစ်သည်။
အဘယ်မှာလျှင် အမျိုးသားနေ့ မအောင်မြင်ဘဲ ရှိအံ့နည်း။ အဘယ်မှာလျှင် အမျိုးသားနေ့သည် လွတ်လပ်ရေးကို ရှေ့ရှု သော ခြေလှမ်းကို နှစ်စဉ်နှစ်တိုင်း မှန်မှန် မလှမ်းဘဲ ရှိနိုင်ပါအံ့နည်း။
ယခင်က အသက်အရွယ် နှစ်ဆယ်ကျော်၊ ယခုအခါ အသက်အရွယ် လေးဆယ်ကျော်တို့သည် လည်းကောင်း၊ ယခင်က လူမမည်၊ ယခုအခါ လူရွယ်ရွယ်တို့သည်လည်းကောင်း ယခင့်ယခင် အမျိုးသားနေ့များတွင် သူတို့ကိုယ်တိုင် ပါဝင်ဆင် နွှဲခဲ့ကြသည်တို့ကို သတိရ အောက်မေ့ကြပေလိမ့်မည်။
စည်တော်က၊ ကခဲ့ကြသည်ကို သတိရကြပါသေးသလော။ သံချပ်ထိုးခဲ့သည်ကို သတိရကြပါသေးသလော။ ဘင်ခရာဖြင့် ရဲတပ်လှည့်ခဲ့သည်ကို သတိရကြပါသေးသလော။ ပျော်စရာကြီး မဟုတ်ပါလော။ လွမ်းစရာလည်း မဟုတ်ပါလော။
တဖန် အမြင်အားဖြင့် ပျော်စရာ၊ လွမ်းစရာတို့နှင့်ရော၍ လွတ်လပ်လိုဇောလည်း ကိုယ်မှာ တွယ်ကပ် ပါလာခဲ့ကြသည် မဟုတ်ပါလော။ ယခုအခါ လွတ်လပ်ရေးလည်း ရနေပြီ ဖြစ်သဖြင့် အံ့သြစရာလည်း မဟုတ်ပါတုံလော။
(ဆရာဇော်ဂျီ၏ နွေဦးကျက်သရေနှင့် ကျွန်တော် (ရသ စာတမ်းငယ်များ) စာအုပ်မှ ကူးယူဖော်ပြပါသည်။)