ကျမ အွန်လိုင်း စီးပွားရေးလုပ်ငန်း စတင်သောအခါ အအံ့သြမိဆုံးအချက်မှာ မြန်မာနိုင်ငံမှ လူများ၏ ငွေသုံးနိုင်အားဖြစ်သည်။ မြန်မာနိုင်ငံတွင် အနိမ့်ဆုံးလုပ်အားခမှာ တနေ့ လေးဒေါ်လာမျှသာရှိပြီး ပြည်တွင်းဘွဲ့ရလူငယ်တဦး၏ ကနဦးလစာမှာ တလ ၁၈၀၀၀၀ (ဒေါ်လာ ၁၅၀ )ခန့်သာ ရှိသည်။
လူ့အဖွဲအစည်းတွင် နောက်ဆုံးပေါ်အဆင့်မြင်ပစ္စည်းများကို တွေ့တိုင်းဝယ်ပြီး အပျံစားပြင်ဆင်ထားသော ကဖေးများသို့ မကြာခဏသွားသော လွန်စွာကြွယ်ဝချမ်းသာသည့် အထက်လွှာတခုရှိသည်ကို အမြဲသတိထားမိသည်။ သို့သော် ကျမ သတိမထားမိသည်မှာ ၎င်းတို့လစာငွေ၏ ကြီးမားသော အစိတ်အပိုင်းကို စားသုံးပစ်ပြီး လူသုံးကုန်ပစ္စည်းများ ဝယ်ယူသော လူလတ်တန်းစားတခုလည်း ရှိသည်ဟူသောအချက်ဖြစ်သည်။
ကျမ ကိုယ်တိုင်လည်း အထည်ဆိုင်ပိုင်ရှင်ဖြစ်၍ ဒေါ်လာ ၂၀ ခန့်တန်သော အထည်ကို လကုန် လခထုတ်သည်အထိ တပတ်နှစ်ပတ် ဖယ်ထားပေးရန် ပြောသောဖောက်သည်များကို ကျမ မကြာခဏ တွေ့ဖူးသည်။ လူများ ငွေများများ သုံးလေ မိမိ၏ စီးပွားရေး အဆင်ပြေလေ ဖြစ်၍ ဤသို့သော အပြုအမူများကို ညည်းတွားနေခြင်း မဟုတ်ပါပေ။
သို့သော် လူအများအပြား အထူးသဖြင့်လူငယ်များသည် ကြွယ်ဝချမ်းသာသည်၊ ခေတ်မီသည်ဟု အထင်ခံရရန် တလစာ လစာငွေဖြင့် အလျင်မီအောင် ပေးဆောင်နေရသည်မှာ စိတ်ထိခိုက်ဖွယ် ကောင်းသည်။ တလဒေါ်လာ ၁၅၀ ခန့်ရသော မိမိ၏ ဝန်ထမ်းတဦးသည်ပင် မကြာသေးမီက သူလိုချင်နေသည်မှာ အတန်ကြာပြီဖြစ်သော iPhone 6 plus တလုံး ဝယ်လိုက်သည်။ မဝယ်မီက သူသည် ကျမထံမှ ငွေချေးသေးသည်၊ သို့သော် ကျမက သူ့အနေဖြင့် ဝင်ငွေထက် ပိုသုံးပြီး အနာဂတ်တွင် ငွေလိုမည်ကို မဖြစ်စေလို၍ ငြင်းပယ်ခဲ့သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ကျမ ငြင်းလိုက်ခြင်းက သူ့ကို မတားဆီးနိုင်ခြင်းဖြစ်သည်။ သူသည် ထိုငွေကို တနည်းနည်းဖြင့်ရှာပြီး ထိုဖုန်းကို ဝယ်ဖြစ်အောင် ဝယ်လိုက်သည်။
ထိုကိစ္စမှာ ငွေကို ပေါ့ပေါ့တန်တန်သုံးသော တဦးတယောက်တည်းတွင် ရှိသည့်ပြဿနာ မဟုတ်ပေ။ မြန်မာနိုင်ငံမှ လူအများအပြားတွင် ဤကဲ့သို့သော ပြဿနာ တွေ့ရသည်။ မိမိတွင်ပင်မရှိသော နောက်ဆုံးပေါ်ဖုန်းများကိုင်သည့် မုန့်ဟင်းခါးရောင်းသော လမ်းဘေးဈေးသည်အချို့ကိုပင် မကြာခဏ တွေ့ရတတ်သည်။ ထိုကြောင့် ကျမတို့ လူ့အဖွဲ့အစည်းသည်အဘယ်ကြောင့် သုံးဖို့ဖြုန်းဖို့ စိတ်ထက်သန်နေသနည်းဟု မေးမိသည်။
ထိုကိစ္စများ ပြားလှစွာသော လူမှုစီးပွားအကြောင်းများဖြင့် ရှင်းပြ၍ ရကောင်းရမည်ဖြစ်သည်။ အခြေခံအကြောင်းများအနက် တခုမှာ ယခင် စစ်အာဏာရှင်အစိုးရသည် မိမိတို့၏ဦးနှောက်အတွင်းသို့ စုဆောင်းလိုသော အတွေးအခေါ်ကို ထည့်မပေးခဲ့ခြင်းဖြစ်သည်။ ငွေမစုမနေရ အစီအစဉ်များကို တင်းကျပ်စွာ ကျင့်သုံးသောနိုင်ငံများနှင့်မတူဘဲ မစုမနေရ ငွေစုမှတ်ပုံ တင်ရန် အသာထားပြီး မိမိတို့တွင် မကြာသေးမီကအထိ ယုံကြည်စွာ ငွေအပ်နှံနိုင်သော ဘဏ်ပင်မရှိပေ။
မြန်မာနိုင်ငံသည် ရာစုဝက်နီးပါးမျှ အထီးကျန်နေထိုင်ခဲ့ပြီး ပြည်သူများသည် ယခုအခါမှသာ ပြင်ပကမ္ဘာ၏ ပြည်ပဆန်မှုကို ဝန်ဆောင်မှုနှင့် ကုန်စည်များဝယ်ယူသုံးစွဲခြင်းဖြင့် စတင်တွေ့ကြုံခံစားသည်ဟူသောအချက်ကိုလည်း မေ့ထား၍မရပေ။ သို့ဖြစ်၍ ဆိုရှယ်မီဒီယာ၊ အနောက်တိုင်းဖက်ရှင်နှင့် လူနေမှုပုံစံအပေါ် အထင်ကြီးမှုစွဲလန်းမှုမှာလည်း ကျိုးကြောင်းဆီ လျော်မှု ရှိသည်တော့ မဟုတ်ပေ။
သို့သော် ကျမအနေဖြင့် ဤအပြင်းအထန် ဝယ်ယူသုံးစွဲမှု၏ ရင်းမြစ်သည် လူဝင်ဆံ့သည်ဟု အထင်ခံလိုခြင်းဖြစ်သည်။ မိမိ အပါအဝင် လူတိုင်းလူတိုင်းတို့သည် လူ့အဖွဲ့အစည်း၏ အသိအမှတ်ပြမှုကို ခံယူလိုကြသည်။ လူဝင်ဆံ့စေသောနည်းလမ်းများအနက်တခုမှာ ချမ်းသာကြွယ်ဝသော လူငယ်များ လုပ်သမျှ လိုက်လုပ်ရန်ပင်ဖြစ်သည်။
မြို့တွင် အကောင်းဆုံးစားသောက်ဆိုင်များ ဘားများသို့ သွားရောက်နိုင်လျှင် ‘မိုက်’ သည်၊ လူဝင်ဆံ့သည်ဟု အထင်ခံရသည်။ မည်သူမျှ မလုပ်သေးမီ အကန့်အသတ်ဖြင့် ထုတ်လုပ်သော နောက်ဆုံးပေါ်ကိရိယာတခု၏ ဓာတ်ပုံကို ဆိုရှယ်မီဒီယာတွင် တင်လျှင် like ပိုရသည်။
သို့သော် ထိုသို့လုပ်ဆောင်ရာတွင် မိမိကို လူ့အဖွဲ့အစည်းက မိမိ၏ဆိုရှယ်မီဒီယာအကောင့်မှ တဆင့် မည်သို့မြင်သည် ဟူသောကိစ္စ၏ ဖိစီးမှုကို ခံကြရပြန်သည်။
Harry’s bar သို့သွားခြင်း၊ ကျော်ကြားလှသော ဆိုင်နံရံနောက်ခံနှင့် ဓာတ်ပုံရိုက်ခြင်းတို့သည် ရန်ကုန်သူ၊ ရန်ကုန်သားများ ကြားခေတ်စားနေခြင်းမှာ ဤအကြောင်းကြောင့်ဖြစ်သည်။ ဆိုရှယ်မီဒီယာ၏အစွမ်းကို သိသော အရင်းရှင်တို့သည် ဤ အချက်ကို အခွင့်ကောင်းယူပြီး ၎င်းတို့၏ ထုတ်ကုန်ဒီဇိုင်းများတွင် သီးသန့်ဖြစ်မှု၊ အဆင့်အတန်းဖော်ပြမှုအယူအဆများကို ထည့်သွင်းလာကြပြီး ငွေများများသုံးစွဲခြင်းကို အားပေးလာကြသည်။
ကျမအနေဖြင့် လူတကာလုပ်သည်ကို လိုက်လုပ်ခြင်းကို မနှစ်မြို့ဟု ပြောရမည်ဖြစ်သည်။ သူများတကာ၏အရင်းရှင် အိပ်မက်ကို လိုက်ထောက်ခံနေသလို ခံစားရသည်။ မိမိ၏အထည်ဆိုင်လုပ်ငန်းစတင်ကတည်းကပင် ကျော်ကြားသော ကုန်အမှတ်တံဆိပ်အဝတ်အစားများကို ၅၀ ရာခိုင်နှုန်း ဈေးလျှော့ မပေးလျှင် မဝယ်ဟု ဆုံးဖြတ်ထားသည်။ ၎င်းတို့၏အပေါ် ယံဟန်ပြများသည် ၎င်းတို့ ထုတ်ကုန်တန်ဖိုး၏၂ ဆရှိသည်ကို သိနေသောကြောင့်ဖြစ်သည်။
ကျမကိုယ်တိုင် အရင်းရှင်ဖြစ်နေခြင်းကပင် ကျမအနေဖြင့် အရင်းရှင်စနစ်ကို ပိုမိုခုခံ တားဆီးစေသည်။( ဝိရောဓိဖြစ်မှန်းလည်း မိမိဘာသာသိနေသည်) အချို့သောအရင်းရှင်များသည် ငွေရှာပြီး သူတို့ကိုယ်သူတို့ ချမ်းသာအောင်လုပ်ရာတွင် အောက်တန်းကျလွန်းသည်ဟု အစက ထင်ခဲ့သည်။
ယခုတော့ ဤကိစ္စမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ပင် စားသုံးသူများကလည်း သူတို့ ကိုယ်သူတို့ အရင်းရှင်များ၏ ရုပ်သေးဖြစ်အောင် ခွင့်ပြုနေသော နှစ်လမ်းသွား နှစ်ဖက်ပြဿနာဟု လက်ခံလာသည်။
ဤကြီးထွားတိုးတက်နေသော လူလတ်တန်းစားသည် ပြည်ပမှ လူသုံးကုန်များကို မကြုံစဖူး များပြားစွာ ဝယ်ယူသုံးစွဲနေခြင်းမှာ စီးပွားရေးအရကြည့်လျှင် ကျမတို့ပို့ကုန်မှာ ချောက်တွင်းနက်ထဲကျနေစဉ် သွင်းကုန်များ အလုံးအရင်း တင်သွင်းနေရသည့် သဘောဖြစ်နေသည်။
ဘောဂဗေဒသင်ရိုးအမှတ် ၁၀၁ ကမူ ကျမတို့၏ပို့ကုန်သည် သွင်းကုန်အောက်များစွာ နိမ့်ကျနေသရွေ့ ကျမတို့၏စီးပွားရေးမူ ဝါဒသစ်များသည် အံ့ဘနန်းစီးပွားရေးတိုးတက်မှုကို ဆောင်ယူပေးနိုင်ရန်အတွက် လုပ်ဆောင်ရန် များစွာရှိနေမည်ဟု သင်ကြားပေးသည်။
ကျမအနေဖြင့် ဤနေရာတွင် လူသုံးကုန်ပစ္စည်းအားလုံးကို သပိတ်မှောက်ရန် လှုံ့ဆော်နေခြင်းတော့ မဟုတ်ပါ။ မိမိအပါအဝင် အားလုံးသောသူများသည် တခါတရံတွင် ကုန်ပစ္စည်းတခု၏ အရည်အသွေး၊ ဒီဇိုင်းတို့ကို အရူးအမူးဖြစ်ပြီး စွဲဆောင်မှုကို အရှုံးပေးရကာ အငမ်းမရ သုံးဖြုန်းကြသည်။
ဤသည်မှာ ပြဿနာမဟုတ်ပေ။ သို့သော် လူ့အဖွဲ့အစည်း၏အဆင့်အတန်း လူတန်းစားစံနှုန်းများနှင့် ကိုက်ညီသူဟု အထင်ခံရရေးသက်သက်မျှအတွက် အနာဂတ်အတွက် စုဆောင်းမှုကို စတေးကာ အဆုံးမဲ့ အလွန်အကျွံ သုံးဖြုန်းနေခြင်းကိုမူ ဘဝင်မကျပါ။
ကျမတို့အနေဖြင့် နောက်တကြိမ် Like မည်သည့် အချိန်ရမည်ကို စဉ်းစားနေခြင်းထက် မိမိတို့တွင်ရှိသော စုဆောင်းငွေ အနည်းငယ်ဖြင့် ကျမတို့ ကိုယ်ပိုင်အင်ပါယာကို ထူထောင်ကာ ကျမတို့နိုင်ငံအတွက် ဘဏ္ဍာရေး တတ်မြောက်နားလည်ခြင်းကို စတင် အားပေးရန် အချိန်ကျပြီဟု ဆိုလိုက်ချင်တော့သည်။
(ဆုမြတ်သဇင်သည် စင်္ကာပူအမျိုးသား တက္ကသိုလ်တွင် ဘောဂဗေဒအထူးပြုဘွဲ့ကြို သင်တန်းတက်ရောက်နေသည်။ Fashmob အမည်ရှိ အဝတ်အထည်အရောင်းလုပ်ငန်းကို ပိုင်ဆိုင်ပြီး လတ်တလောတွင် ရန်ကုန်ရှိ ပုဂ္ဂလိက ရှယ်ယာ လုပ်ငန်းတခုတွင် လုပ်ကိုင်နေသည်။
ဤဆောင်းပါးသည် Tea Circle (လက်ဖက်ရည်ဝိုင်း) အမည်ရှိ အောက်စဖို့တက္ကသိုလ်မှ မြန်မာနှင့် ပတ်သက်သော သုတေသနများဖိုရမ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဦးစွာ ဖော်ပြခဲ့သည်ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။)