ယခု တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အစိုးရအကြားဆွေးနွေးနေတဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်သည် ၂၀၀၈ ခြေဥအောက် ၂၀၁၀ ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမိုင်းကို ကြည့်မည်ဆိုလျှင် လွတ်လပ်ရေးရပြီး မရခင် စပ်ကူးမတ်ကူးကာလတွင် ကရင်လူမျိုးများမှ ပထမဦးစွာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ပြီး နောက်၊ အခြားတိုင်းရင်းသားများကလည်း လက်နက်ကိုင်တော်လှန်ရေးကို အသီးသီး စတင်ခဲ့ကြသည်။
ကချင်လူမျိုးစုများသည် အင်္ဂလိပ်ကိုလိုနီအောက်ကနေ လွတ်လပ်ရေးရယူပေးခဲ့သော တန်းတူရေးနဲ့ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် ၁၉၄၇ ခုနှစ် ပင်လုံကတိကဝတ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက် ခဲ့သည့်ကြားက ၁၉၄၇ အခြေခံဥပဒေအောက်မှာ ဆယ်နှစ်ကျော်ကြာနေခဲ့ပြီးသည့်နောက်၊ ဦးနု အစိုးရက နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာအဖြစ် ကြေညာခဲ့အပြီး၊ အာဏာရှင်ဗိုလ်ချုပ်နေဝင်းမှ နိုင်ငံတော်အာဏာ သိမ်းခဲ့သောကြောင့် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မလွဲမရှောင်သာ လက်နက်ကိုင်တော်လှန်ရေးကို စတင် ခဲ့တာကို တွေ့ရမှာဖြစ်သည်။
လွတ်လပ်ရေးအပြီး မြန်မာနိုင်ငံတွင်းရှိ လက်နက်ကိုင်တော်လှန်သည့် သမိုင်းကို ပြန်ကြည့်လျှင် အကြောင်းရင်းအချက်ကြီး ၂ ချက်အနေနဲ့ ရှုမြင်နိုင်သည်။ (၁) ဗမာအစိုးရခေတ်အဆက်ဆက်သည် ၁၉၄၇ အထက် ဖော်ပြပါ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ဖို့ ယနေ့အထိ ပျက်ကွက်နေခြင်း၊ (၂) လွတ်လပ်ရေး ကြိုးပမ်းကြသည့် ဗမာခေါင်းဆောင်များကြား နိုင်ငံရေးအယူဝါဒ ညှိနှိုင်းမရသောကြောင့် ဗမာပြည်ကွန်မြူနစ် ပါတီဦးဆောင်သည့် လက်နက်ကိုင်တော်လှန်ရေးပေါ်ပေါက်လာခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိတိုင်းရင်းသားအားလုံးနီးပါးသည် ပင်လုံကတိကဝတ်ကို အခြေခံတာကို တွေ့ရပြီး အနည်းငယ်သော အဖွဲ့များသာ ဗမာပြည်ကွန်မြူနစ် လက်နက်ကိုင်တော်လှန်ရေးကနေ အဆင့်ဆင့်ပေါက်ဖွားလာ ကြသည်ကို တွေ့ရသည်။
ထိုတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို နိုင်ငံတော်အစိုးရ ခေတ်အဆက်ဆက် “ငြိမ်းချမ်းရေး” ဆိုသည့် ခေါင်းစဉ်နှင့် တဖွဲ့ချင်းဆီသော်လည်းကောင်း၊ နှစ်ဖွဲ့သုံးဖွဲ့ချင်းသော်လည်းကောင်း ပုံစံမျိုးစုံနဲ့ တောက်လျှောက်လုပ် လာခဲ့သည်။ သို့သော် နိုင်ငံရေးအဖြေရှာဖို့ကို အဓိက ဦးတည်မှုမရှိဘဲ ဥပမာအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များကို ပုံစံအမျိုးမျိုး ခွဲထုတ်ပြီး ပြည်သူ့စစ်အသွင်သို့ လည်းကောင်း၊ နယ်ခြားစောင့်တပ်များအဖြစ်သို့ လည်းကောင်း ပြောင်းလဲသွားကြခြင်းကိုသာ ဦးတည်လုပ်ဆောင်ခဲ့ကြသည်။
ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အချို့အဖွဲ့များသည် မူလပေါ်ပေါက်လာသည့်အကြောင်းရင်း ဖြစ်သည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတိုက်ပွဲများမှ သွေဖီသွားကာ အစိုးရသွတ်သွင်းသည့် မိမိ အကျိုးစီးပွားကို အခြေခံသော လက်နက်ကိုင်အဖွဲ့များအဖြစ် အလျှိုလျှို သက်ဆင်းနေကြရာ၊ ရှိသင့်ရှိထိုက်သည်ထက် တစတစ ပိုမိုများပြားလာသည့်အကြောင်းရင်းသည် “ပြည်သူ့စစ်တပ်များ”နှင့် “နယ်ခြားစောင့်တပ်များ” အဖြစ် ရပ်တည်နေခဲ့ကြခြင်းတို့ကြောင့် ဖြစ်သည်။
ယခုအချိန်တွင် ဖက်ဒရယ် စံချိန်စံနှုန်းကို မဆိုထားနှင့်။ ဒီမိုကရေစီ စံချိန်စံနှုန်းနှင့် လုံးဝမကိုက်ညီသည့် ၂၀၀၈ ခြေဥအောက် “တရားဝင် နိုင်ငံရေးပါတီများအဖြစ် ရပ်တည်ခွင့်” ဆိုသည့် အောက်တွင် တိုင်းရင်းသားပါတီများ တဖန် မှိုပေါက်သလို ပြန်လည်ပေါ်ပေါက်လာခဲ့ပြန်သည်။
ဥပမာ၊ လက်ရှိအခြေအနေတွင် တရားဝင် တိုင်းရင်းသားနိုင်ငံရေးပါတီပေါင်း ၅၂ ပါတီရှိသည်ဟု ဆိုသည်။ ထိုပါတီများမှ အချို့ပါတီများသည် မကြာသေးမီက ကျင်းပခဲ့သည့် ၂၁ ပင်လုံညီလာခံတွင် မိမိတို့ပါတီ၏ပြည် ထောင်စု မူဝါဒသဘောထားများကို တင်ပြကြရာတွင် သမိုင်းတလျှောက် အတူနေထိုင်လျက်ရှိသည့် လူမျိုး တမျိုးနှင့် တမျိုး အချင်းများဖွယ် မူဝါဒများကို တင်ပြခဲ့ကြသည်ကို လေ့လာ၍ သိနိုင်သည်။
ဤကဲ့သို့သောအနေအထားသည် တနည်းအားဖြင့် ဖယ်ဒရယ်ဆိုသည်မှာ ပြိုကွဲလွယ်စေပြီး တင်းကြပ်သော ဗဟိုအုပ်ချုပ်ရေးသာ အဓိက အရေးပါသည်ဟူသောအမြင်သို့ သက်ဆင်းနေမှန်းမသိ သက်ဆင်းနေကြခြင်းသာဖြစ်ပါသည်။
အထက်က ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံတော်အစိုးရအဆက်ဆက် မအောင်မြင်သည့်ငြိမ်းချမ်းရေးကို သမ္မတဦးသိန်းစိန်လက်ထက်တွင် “ငြိမ်းချမ်းရေး ဇာတ်လမ်း” နောက်တခန်း စတင်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အများစု ပါဝင်သည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစေ့စပ်ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordinating Team)နှင့် အစိုးရကြား ဆွေးနွေးညှိနှိုင်းရာမှ လက်ရှိအားလုံးသိထားကြသည့် “တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA)” ပေါ်ထွက်လာခဲ့သည်။
ထိုသဘောတူစာချုပ် ပြီးဆုံးကြောင်း သဘောတူအပြီး၊ နိုင်ငံရေးဆွေးနွေးမှု စတင်နိုင်ရန် ထိုသဘောတူ စာ ချုပ် NCA ကို လက်မှတ်ထိုးရမည်ဖြစ်ရာ လက်မှတ်ထိုးမည့်အချိန်တွင် အချို့အဖွဲ့များကို တပ်မတော်က လက်မခံဘဲ ချန်လှပ်ထားရာမှ KIO/KIA ပါဝင်သည့် လက်ရှိ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များအပါအဝင် ULA/AA၊ TNLA၊ MNDAA ကဲ့သို့သော အဖွဲ့များလည်း လက်ရှိ အချိန်ထိ လက်မှတ်မထိုးနိုင်ဘဲ ရှိနေသည်။
သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သည် တိုင်းရင်းသားများ၏ အခွင့်အရေးအတွက် သူတို့အဆို “မတူညီသည့် ချဉ်းကပ်မှု” ဆိုသည့် အကြောင်းပြချက်ဖြင့် သမ္မတဦးသိန်းစိန်လက်ထက်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ ၈ ဖွဲ့ဟု ဆိုသော်လည်း၊ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ပါဝင်လျက် ရှိသည်။
ရှမ်းတိုင်းရင်းသား လက်နက်ကိုင်များကို ကြည့်လျင်လည်း အပစ်ရပ်အဖွဲ့တွင် RCSS/SSA ပါပြီး SSPP/SSA က အပစ်မရပ်ရသေးပါ။ တိုင်းရင်းသားအရေးကို အဓိကထားစဉ်းစားလျှင် လက်မှတ်ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ်ဦး (ABSDF) သည်လည်း မေးခွန်းများစွာ ရှိနေသေးသည်။
ဦးသိန်းစိန်လက်ထက်တွင် NCA လက်မှတ်ထိုးပွဲအခမ်းအနားကို ကမ္ဘာသိ ပြုလုပ်ပြီး နောက် NCA ပါ အချက်များအရ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ဖွင့်ပွဲအခမ်းအနားကို မည်သည့် ဆွေးနွေးသဘောတူထားသည့်ခေါင်းစဉ်မျှ မရှိသည့်ကြားက ၎င်း၏ သက်တမ်းမကုန်မီ ဖွင့်ပွဲပြုလုပ်ခဲ့သည်။
လက်ရှိ ဒေါ်အောင်ဆန်စုကြည်ဦးဆောင်သည့် NLD အစိုးရတက်လာပြီး မကြာမီ ဦးသိန်းစိန် အစိုးရ စခဲ့သည့် ငြိမ်းချမ်းရေးဇာတ်လမ်းသစ်ကို ဆက်လက်တင်ဆက်ကပြရန် ဆုံးဖြတ်ပြီး သကာလ ဦးသိန်းစိန် အစိုးရပေးခဲ့သည့် ညီလာခံ၏ မူလခေါင်းစဉ်ကို အနည်းငယ်ထပ်ဖြည့်ကာ “ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာ ခံ (၂၁) ရာစုပင်လုံ” ဆိုသည့်ခေါင်းစဉ်ဖြင့် ပထမအကြိမ် အဖြစ် ထပ်မံဖွင့်ထားသည်မှာလည်း အားလုံးအသိဖြစ်ပါသည်။
ထိုညီလာခံသို့ NCA လက်မှတ်ထိုးသည့် အဖွဲ့များနှင့် မထိုးထားသေးသည့်အဖွဲ့များအပြင် အားလုံးပါဝင်နိုင်ရန် တက်ရောက်လာသည့် ကိုယ်စားလှယ် အားလုံးကို “ပါဝင်တက်ရောက်သူများ” ဟူသည့် အမည်နာမကိုပင် တရားဝင် ပြင်ဆင်မှည့်ခေါ်ခဲ့ရသည်။
ထိုကဲ့သို့ အပိုင်းပိုင်းအပြတ်ပြတ်နှင့် သွားနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် အကြားမှ နိုင်ငံရေးဆွေးနွေးမှု မူ ဘောင် (Framework For Political Dialogue) ကိုလည်း လက်မှတ်ထိုးထားသည့် တဝက်တပြတ် အဖွဲ့များ နှင့်ဆွေးနွေးညှိနှိုင်းထားကြကာ ယခုဆိုလျှင် အမျိုးသားအဆင့်နိုင်ငံရေးကို “လူမျိုးအလိုက်၊ ဒေသအလိုက် နှင့် အကြောင်းအရာအလိုက်”ဆိုပြီး အဆင့်ဆင့်ဆွေးနွေးရန် သင့်လျော်သည့်နေရာအချို့များတွင် စတင်ကာ ထိုရလဒ်များကို ခန့်မှန်းခြေအားဖြင့် လာမည့် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလလောက်တွင်ကျင်းပမည့် ဒုတိယ အကြိမ် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ”တွင် အတည်ပြုနိုင်ရန် မရမက စိုင်းပြင်းနေ သည်ကိုလည်း တွေ့မြင်နေရသည်။
တချိန်တည်းတွင် UNFC အဖွဲ့ဝင်ဖြစ်သည့် KIO/KIA ကိုလည်း တပ်မတော်မှ ဂျက်လေယာဉ်များအပါအဝင် အခြားစစ်လက်နက်အင်အား၊ တပ်အင်အားအလုံးအရင်းနှင့် ပြန်လည်စစ်ပွဲဆင်နေသည်မှာလည်း (၃) လနီး ပါးရှိလာရာ၊ အကျိုးဆက်အနေဖြင့် စစ်ပြေးဒုက္ခသည်များ ပိုမိုတိုးပွားလားရာ ဒုက္ခသည်ဦးရေ (၁)သိန်း ကျော်သွားပြီဖြစ်ပါသည်။
ထို့ပြင် ULA/AA၊ TNLA၊ MNDAA ကဲ့သို့သောအဖွဲ့ဝင်များကို လက်နက်ဖျက်သိမ်းမှသာ လက်ရှိညီလာ ခံသို့ တက်ရောက်နိုင်မည်ဟု တပ်မတော်က အကျပ်ကိုင်ထားသည်။ တဖက်အဖွဲ့များမှလည်း ထိုလမ်းစဉ်သည် မဖြစ်နိုင်ကြောင်း ပြန်လည် တုံ့ပြန်ထားပြီး လတ်တလော မုံးကိုးအပါအဝင် ရှမ်းမြောက်တိုက်ပွဲများ ပြန်ဆင်နွှဲနေခဲ့ကြပြီဖြစ်သည်။။
တခြားတဖက်တွင် NCA လမ်းကြောင်းတွင် ပါဝင်ခြင်းမရှိခဲ့သည့် မိုင်းလား (NDAA) နှင့် “ဝ” တပ်ဖွဲ့ ဖြစ် သည့် UWSA များသည်လည်း မိမိတို့၏နိုင်ငံရေးရပ်တည်ချက် အမျိုးမျိုးနှင့် ရပ်တည်လျက်ရှိရာ၊ မကြာသေး မီ ကကျင်းပခဲ့သည့် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ” အပေါ်သဘောထားမှုသည် UWSA နှင့် NDAA တို့အကြားကွဲလွဲလျက်ရှိသည်။
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၏အခက်အခဲများထဲမှ တနိုင်ငံလုံး၏ မူဝါဒအသွင် သဏ္ဌာန်ဆောင်သည့် အခက် အခဲတခုမှာ ညီလာခံတွင် တင်ပြသွားသည့် မြန်မာ့တပ်မတော်၏ သဘောထားဖြစ်သည်။
ဤသည်မှာ“၂၀၀၈ ခြေဥကို စိုးစဉ်းမျှ အပွန်းပဲ့မခံနိုင်ပါ” ဆိုသည့်သဘောထားဖြစ်သည်။ သထိုအခက်အခဲ ကို ပိုမိုကြီးလေးစေသည့် အချက်မှာ လက်ရှိဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရ၏ “အမျိုး သားရင်ကြားစေ့ရေး” မူဝါဒသည် တပ်မတော်၏ ငြိုငြင်မခံရရေးသဏ္ဌာန်ဆောင်နေခြင်းပင်။
ဤသို့ဆိုသော် နိုင်ငံရေးဆွေးနွေးပွဲတွင် အားလုံးပါဝင်လာရန်မှာ ပိုမိုနီးကပ်လာခြင်းမရှိဘဲ ပိုမိုဝေးကွာလာသည့်အပြင် ပိုမိုရှုပ်ထွေးလာပြီဖြစ်ရာ နည်းလမ်းသစ်များကို ရှာဖွေကာ ကြိုးစားသွားမည်လော၊ သို့တည်း မဟုတ် လက်ရှိအပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သည့် တခန်းရပ်ငြိမ်းချမ်းရေးပြဇာတ် “ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁) ရာစုပင်လုံ” ကိုပဲ ဖြစ်သလို ဆက်လုပ်မည်လောဆိုသည်မှာ မဖြစ်မနေ စဉ်းစားရမည့်အချိန် ဟူ၍သာ ဆိုချင်ပါတော့သည်။
(ဆောင်းပါးရှင် ယော်ထုန် (Yaw Htung) သည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မဟီဒေါတက္ကသိုလ် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး လေ့လာမှု သိပ္ပံဌာနတွင် ပါရဂူဘွဲ့ အတွက် တက်ရောက်နေသူ တဦးဖြစ်သည်။)