၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်းမှစ၍ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မေးခွန်းတခု ပေါ်လာသည်။ ထိုသို့ပေါ်လာသည်မှာလည်း ပြောင်းလဲလာသော အခြေအနေနှင့်သက်ဆိုင်သည်ဟု ဆိုရမည်။ ထိုပြောင်းလာသည့် အခြေအနေကား ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဆိုသည့် အဖွဲ့တခု တိုက်ခိုက်မှုများ ပေါ်ပေါက်လာပြီးမှ ဖြစ်ပေသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့
ရှမ်းပြည်မြောက်ပိုင်း မဟာမိတ်ဟု ထုတ်ပြန်ကြေညာသည့် အဖွဲ့မှာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ရက္ခိုင့် တပ်မတော် (AA) အဖွဲ့တို့ ဖြစ်သည်။ ထိုမြောက်ပိုင်း မဟာမိတ်အဖွဲ့၏ “ကန့်သတ်စစ်” ဟု ကြေညာထားသည့် စစ်ဆင်ရေးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှ စတင်ပါသည်။
ရှမ်းပြည်မြောက်ပိုင်းစစ်ပွဲ
အဆိုပါ နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်သည့် စစ်ဆင်ရေး၏ အဓိက တိုက်ပွဲများသည် ကြူကုတ် ပန်ဆိုင်း၊ ဟေးမုန်လုံ တောင်ကြော၊ မုန်းကိုးဒေသ၊ ဖောင်းဆိုင်ဒေသထိ (ကြူကုတ်၊ ပန်ဆိုင်းမှ အရှေ့ဘက် သံလွင်မြစ်အထိ) နှင့် သံလွင် အရှေ့ခြမ်း ကိုးကန့်ဒေသတွင် ဖြစ်ပွားသည်ကို တွေ့ရသည်။ ထို့ပြင် သိန်နီ-ကွတ်ခိုင် ၁၀၅ မိုင် မူဆယ် ကားလမ်း တလျှောက်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
အဆိုပါ ကားလမ်း တလျှောက်တွင် ဖြစ်ပွားသော စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာမူ ၁၀၅ မိုင်နှင့် မူဆယ် ရဲစခန်းများကို တိုက်ခိုက်ခြင်း ကားလမ်း ဖြတ်တောက်ခြင်းတို့မှာ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအား ထိန်းချုပ် ရပ်တန့်စေခြင်း ပြည်တွင်းပြည်ပမှ အဆိုပါဒေသနှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ကို အာရုံစိုက်လာစေရန် ရည်ရွယ်ပုံရပါသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုအား ပြည်တွင်းပြည်ပ လူအများ အာရုံစိုက်မိသည့်နေရာမှာ မူဆယ် ၁၀၅ မိုင်နှင့် ကုန်သွယ်ရေး ကားလမ်းကြောင်းပေါ်တွင် ဖြစ်သည်။ မူဆယ်မြို့အဝင် ရဲကင်းနှင့် ၁၀၅ မိုင် ရဲစခန်းတို့အား တိုက်ခိုက်ခြင်းသာ ဖြစ်ပေရာ စစ်ရေးအရ တိုက်ပွဲကြီး မဟုတ်သော်လည်း အဓိက နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ပေါ်တွင် ရှိသဖြင့် လူအများ အာရုံစိုက်မိခြင်း ဖြစ်သည်ဟု ယူဆရသည်။ ထိုသို့ အာရုံစိုက်စေလိုသော မြောက်ပိုင်းအဖွဲ့၏ ရည်ရွယ်ချက်အောင် မြင်ခဲ့သည်ဟု ဆိုရမည်။
အဓိက ကွတ်ခိုင်နှင့် ၁၀၅ မိုင်ကြား ကားလမ်း ဖြတ်တောက် တိုက်ခိုက်ခြင်းကတော့ ပြည်တွင်းပြည်ပ အာရုံစိုက်စေလိုခြင်း သက်သက် ဟုတ်ပုံမရပေ။ အကြောင်းတချက်မှာ ထိုဒေသသို့ စစ်ကူတက်လာမည့် တပ်မတော် တပ်ဖွဲ့များအား ဖြတ်တောက် တိုက်ခိုက်ရန် မုန်းကိုးဒေသသို့ စစ်ကူအရောက် နောက်ကျစေရန် ရည်ရွယ်ပုံရသည်။ ဒုတိယ အကြောင်းတချက်မှာ အစိုးရ၏ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ၎င်းတို့အနေနှင့် အချိန်မရွေး ထိန်းချုပ်နိုင်ကြောင်း ပြသလိုခြင်းဖြစ် ပုံရသည်။
သို့သော် ထိုကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ တိုက်ပွဲများအား နှစ်ဖက် တာဝန်ရှိသူများက သတင်း ထုတ်ပြန်ခဲ့သကဲ့သို့ ပုဂ္ဂလိက သတင်းဌာနများကလည်း လက်လှမ်းမီသည့် သတင်းဖြစ်ပေရာ အများပြည်သူ သိရှိစိတ်ဝင်စားသည့် သတင်းဖြစ်ခဲ့သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့ တိုက်ပွဲများ စတင်ပြီးနောက် မူဆယ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားခဲ့ပြီး ၁၀ ရက်ခန့် အကြာ နိုဝင်ဘာ ၂၉ ရက်နေ့တွင် နယ်စပ်ဒေသ ကုန်သွယ်ရေး လုပ်ငန်းများ ပုံမှန် ပြန်လည် စတင်သည်ဟု ကြေညာသည်ကို တွေ့ရသည်။ သို့သော် မူဆယ်ဒေသခံများ အဆိုအရ မူဆယ်မြို့ အခြေအနေသည် ယခင်ကကဲ့သို့ စိတ်အေးချမ်း လုံခြုံမှု မရနိုင်သေးဘဲ စိုးရိမ်ထိတ်လန့်မှုများ ရှိနေဆဲဟု ဆိုကြပါသည်။
တိုက်ပွဲဖြစ်ပြီး ၁၀ ရက်အကြာ မူဆယ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်သော်လည်း အဓိက တိုက်ပွဲဖြစ်ပွားရာ သံလွင်အရှေ့ခြမ်း ကိုးကန့်ဒေသတွင် လည်းကောင်း၊ သံလွင် အနောက်ခြမ်း မုန်းကိုး ဖောင်းဆိုင် ဒေသတွင် လည်းကောင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သည်။
တပ်မတော်ကလည်း ကားလမ်းလုံခြုံမှု စိတ်မချသေး၍ လည်းကောင်း၊ လျှင်မြန်စေရန် လည်းကောင်း နိုဝင်ဘာ ၂၄ ရက် မှစ၍ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို အသုံးပြုကာ စစ်အင်အား လက်နက်ခဲယမ်းနှင့် ရိက္ခာများကို မူဆယ်သို့ ပို့ဆောင်သည်ကို တွေ့ရသည်။ မူဆယ်မှတဆင့် ကြူကုတ် ပန်ဆိုင်းနှင့် မုန်းကိုးဒေသသို့ ချီတက် တိုက်ခိုက်သည်ကို လည်းကောင်း၊ ကိုးကန့်ဒေသရှိ အစိုးရတပ်များ သံလွင်အနောက်ဘက်သို့ စေလွှတ်၍ တိုက်ခိုက်သည်ကို လည်းကောင်း ကြားသိရသည်။
သို့ဖြစ်ရာ ထိုဒေသ၌ တိုက်ပွဲများ ပြင်းထန်နေပြီး လက်နက်ကြီး ပစ်ကူများသာမက တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ တိုက်လေယာဉ်တို့ ပါဝင်သည့် လေကြောင်း ပစ်ကူများဖြင့်ပါ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေသည်ဟု ကြားသိရသည်။ သို့သော် ထိုတိုက်ပွဲ သတင်းများကို မြောက်ပိုင်း မဟာမိတ်ဖွဲ့က ထုတ်ပြန်သော်လည်း အသေးစိတ် ထုတ်ပြန်နိုင်ခြင်းတော့ မရှိပါ။
ထို့အတူ အစိုးရနှင့် တပ်မတော်ဘက်ကလည်း ထိုဒေသသတင်းများနှင့် ပတ်သက်၍ တိုက်ပွဲများ ပြင်းထန်နေသည်ဟု လည်းကောင်း၊ တိုက်ခိုက်မှုများကြောင့် အရပ်သားအိမ်များ ထိခိုက်မှုရှိသည်ဟူ၍ လည်းကောင်း ဖော်ပြခဲ့သော်လည်း အသေးစိတ် သတင်းများကို ဖော်ပြခဲ့ခြင်းမရှိပါ။ ပုဂ္ဂလိက သတင်းမီဒီယာများ သွားရောက် သတင်းယူရန် လက်လှမ်းမီခြင်း မရှိပေရာ ထိုဒေသတိုက်ပွဲ သတင်းများ အသေးစိတ်အခြေအနေကို မသိနိုင်ပါ။
သို့သော် နိုဝင်ဘာ ၂၀ ရက်နေ့မှစ၍ ၁၂ ရက်ကြာသည့်တိုင်အောင် နေ့စဉ် နေရာ ၁၀ နေရာခန့်တွင် တိုက်ပွဲများ ဖြစ်ပွားနေရာ တိုက်ပွဲများ ပြင်းထန်သည်ဟု ဆိုရမည်။ ထို့အပြင် နှစ်ဖက်လုံးက ကျဆုံးဒဏ်ရာရ စာရင်းကို ဖော်ပြခြင်း မရှိ သဖြင့် ယခု ၁၂ ရက်ကြာပြီဖြစ်သော တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှု စာရင်းအား တိကျစွာ မသိနိုင်သော်လည်း နှစ်ဖက်ထိခိုက် ကျဆုံး ဒဏ်ရာရသူ မနည်းလှဟုသာ ခန့်မှန်းရပေတော့သည်။
မြောက်ပိုင်းစစ်ပွဲနှင့် နှစ်ဖက်အမြင်
အဆိုပါ မြောက်ပိုင်းစစ်ပွဲနှင့် ပတ်သက်ပြီး မြောက်ပိုင်း မဟာမိတ်များက ၂၀၁၆ နိုဝင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်အရ ကချင်၊ ကိုးကန့်၊ တအန်း၊ ရခိုင်၊ ရှမ်းဒေသများတွင် တပ်မတော်၏ ထိုးစစ်မှာ ပိုတိုး၍ လာနေကြောင်း ၁၀၅ မမ ၁၂၀ မမ လက်နက်ကြီးများကို အသုံးပြု၍ တိုင်းရင်းသား ဒေသများအား တိုး၍ တိုက်ခိုက်လာကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း တပ်မတော်က ထိုးစစ်များ အဆက်မပြတ် ပြုလုပ်နေကြောင်း၊ ၎င်းတို့ အနေနှင့် ငြိမ်းချမ်းရေးပြုလုပ်ရန် ဆန္ဒရှိသော်လည်း တပ်မတော်၏ စစ်ရေးဖိအားကို တောက်လျှောက် ခံနေရ၍ စစ်ရေးပူး ပေါင်းဆောင်ရွက်မှုကို မလွှဲမရှောင်သာ ဆောင်ရွက်ရကြောင်း ဖော်ပြသည်။
မွန်ပြည်သစ်ပါတီ၏ ဒုဥက္ကဋ္ဌလည်းဖြစ်၊ UNFC ၏ ဒုဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ဟံသာက လက်ရှိ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ ပြန်တိုက်သည်ဆိုခြင်းမှာ အမှန်တကယ်က တပ်မတော်ထိုးစစ်ကို ပုံစံတမျိုးနှင့် ပြန်လည် ချေဖျက်ခြင်းဖြစ်ကြောင်း၊ အစိုးရအနေနှင့် ထိုးစစ်လုပ်နေသည်မှာ ၃ လခန့် ရှိပြီ ဖြစ်ကြောင်း၊ ဆက်လက်၍ ခံစစ်နေပါက တိုင်းရင်းသား အဖွဲ့များဘက်မှ နစ်နာနိုင်ကြောင်း၊ ယခုကဲ့သို့ အပြင်ထွက် တိုက်လိုက်ခြင်းကြောင့် အစိုးရအနေနှင့် သူ့ကွင်းကို ပြန်လည် လုံခြုံရေးယူရန် လိုအပ်ပြီး တပ်မတော် ထိုးစစ်ဒဏ်ကို သက်သာစေနိုင်သည်ဟု ယုံကြည်ကြောင်း ရှင်းလင်း ပြောကြားပါသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၆ ခုနှစ်နိုဝင်ဘာ ၂၃ ရက်နေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်ပါသည်။ ၎င်းကြေညာချက်တွင် ပထမအချက် NLD အစိုးရအနေနှင့် NRPC အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဖွဲ့စည်းပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လက်မှတ် မထိုးသေးသည့်အဖွဲ့များပါ ပါဝင်လာအောင်ကြိုး ပမ်းခဲ့ကြောင်း၊ ဒုတိယ အချက်အနေနှင့် NCA လက်မှတ် မထိုးသေးသည့် အဖွဲ့များအား နိုင်ငံရေးမူဘောင် ဆွေးနွေးရာတွင် လည်းကောင်း၊ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် သဘောအမြင် စာတမ်းများတင်ပြရာတွင် လည်းကောင်း NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များပါ ပါဝင်ခွင့်ပြုခဲ့ကြောင်း ပါဝင်သည်။
တတိယ အချက်အနေနှင့် NLD အစိ်ုးရအနေနှင့် နိုင်ငံရေး ပြဿနာကို ဆွေးနွေးဖြေရှင်းရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးစားပေးခဲ့ကြောင်း၊ NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များနှင့်လည်း NCA လက်မှတ်ထိုးရေး ဆွေးနွေးခဲ့ပြီး ဆက်လက် ၍လည်း NCA ထီးရိပ်အောက်တွင် အားလုံးပါဝင်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တန်းတူ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းအား ထုတ်သွာမည်ဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါကြေညာချက်တွင် စတုတ္ထ အချက်အနေနှင့် လက်ရှိအချိန်တွင် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ကြိုးပမ်း ဆောင်ရွက်နေကြပြီး လူထု၏ သဘောထားကို ညီလာခံသို့ သယ်ဆောင်လာတော့မည် ဖြစ်ကြောင်း ပဉ္စမ အချက်အနေနှင့် ထိုသို့သော အချိန်တွင် မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့အနေနှင့် တိုက်ခိုက်လာရာ တပ်မတော်သား၊ ရဲ စသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသာမက အပြစ်မဲ့ပြည်သူများပါ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ကြကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင် ရွက်နေစဉ် ဤသို့ ဖြစ်ပွားခဲ့သဖြင့် များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားရခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်ပြီး လူမှုဘဝ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဖော်ပြပါသည်။
ဆဌမ အချက်အနေနှင့် ပြည်တွင်းစစ်ကြောင့် တိုင်းပြည် ခေတ်နောက်ကျနေသည်မှာ အနှစ် ၇၀ ခန့်ရှိပြီး လက်နက်ကိုင် နည်းလမ်းဖြင့် ပန်းတိုင်သို့ မရောက်နိုင်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေး အတွက် တံခါးဖွင့်ထားကြောင်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် NCA လက်မှတ်ထိုးရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် တနိုင်ငံလုံး တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် လုံခြုံရေးတပ် ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံ စွမ်းဆောင်မှုများကြောင့် အခြေနေတခုအထိ တည်ငြိမ်အောင် စွမ်းဆောင်နိုင်ကြောင်း၊ သတ္တမ အချက်အနေနှင့် ရှမ်းမြောက် လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံး ချုပ်ငြိမ်းရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမြန်ဆုံးပါဝင်နိုင်ရေး NCA အမြန်ဆုံး လက်မှတ်ထိုးရေး၊ NCA လက်မှတ်ထိုးပြီး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ဝိုင်းဝန်း အဖြေရှာရေး ၂၀၁၇ ဖေဖော်ဝါရီလတွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးတွင် အတူတကွ လက် တွဲ လျှောက်လှမ်းကြရန် တိုက်တွန်းကြောင်း ဖော်ပြထားပါသည်။
ထို့အတူ တပ်မတော်မှ တာဝန်ရှိသူတဦးဖြစ်သူ ဗိုလ်ချုပ် အောင်ရဲဝင်း ကလည်း မြောက်ပိုင်းက တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်နိုင်သည်ဟု ဆိုပါသည်။
ကွဲလွဲမှုများ
အဆိုပါ မြောက်ပိုင်း တိုက်ပွဲများအပေါ် အပြန်အလှန် သဘောထားများကို ဖော်ထုတ်ပြောဆိုကြရာမှ အောက်ပါ ကွဲလွဲမှုများကို တွေ့ရပါသည်။
ပထမအချက်မှာ အရပ်သားများ ထိခိုက်မှု ပြဿနာဖြစ်သည်။ လက်ရှိ မြောက်ပိုင်းစစ်ပွဲတွင် အပြစ်မဲ့ အရပ်သား ပြည်သူများ ထိခိုက်မှု ပြဿနာသည် လူပြောအများဆုံးဖြစ်သည်။ နှစ်ဖက်စလုံးက တဖက်က ပစ်၍ဖြစ်သည်ဟု အပြန်အလှန် စွပ်စွဲထားကြသည်။ စစ်ပွဲကာလအတွင်း အတည်ပြုရန်လည်း မလွယ်ကူလှ၍ အငြင်းပွားဖွယ်ရာ ပြဿနာ ဖြစ်နေသည်။ သို့သော် တိုက်ပွဲများဖြစ်၍ အရပ်သား အသေအပျောက်ရှိသည်ကတော့ ငြင်း၍ မရနိုင်။
ဒုတိယအချက် အနေနှင့် ၎င်းတိုက်ပွဲသည် မြောက်ပိုင်း မဟာမိတ်အဖွဲ့ စတင်၍ ဖြစ်သည်ဟု တဖက်က ဆိုသည်။ တဖက်ကလည်း သူတို့ဒေသတွင်းသို့ တပ်မတော်ထိုးစစ်များ လရှည်ကြာ ဆက်တိုက်ထိုးစစ်ဆင်နေရ၍ တုံ့ပြန်ရသည်ဟု ဆိုသည်။ ထိုသို့ တပ်မတော် ထိုးစစ်ဆင် တိုက်ခိုက်သည့် ကာလအတွင်း အရပ်သားများ ထိခိုက်မှုရှိပြီး စစ်ဘေးဒုက္ခသည် သိန်းနှင့်ချီ ရှိခဲ့သည်ဟု ဆိုပါသည်။
တတိယအနေနှင့် တဖက်က လက်ရှိကာလတွင် NCA လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်း ပါဝင်ရမည့် ကာလတွင် NCA လက်မှတ်မထိုးဘဲ လက်နက်ကိုင် တိုက်ခိုက်သည်ကို လက်ခံနိုင်ဖွယ်မရှိဟု ဆိုသည်။ တဖက်ကလည်း NCA လက်မှတ်ထိုးရန် UNFC တောင်းဆိုသည့် အချက်များကို အစိုးရဘက်က ခွင့်မပြုသေး၍ မထိုးနိုင်သေးဟူ၍ လည်းကောင်း MNDAA, TNLA, AA အဖွဲ့ ၃ ဖွဲ့အား NCA လက်မှတ်ထိုးရန် ငြင်းပယ်ထားသည် ဟူ၍လည်းကောင်း ပြန်လည်ထောက်ပြကြသည်။
လက်ရှိဖြစ်ပွားနေသော ပြဿနာများတွင် မတူသောဘက်နှင့် မတူသောအမြင်များ ရှိသည်။ စစ်ပွဲအရှိန်မြင့် တက်လာသည် နှင့်အမျှ ကွဲလွဲမှုများသည် ပို၍ မြင့်တက်လာနိုင်ခြေ ရှိပေသည်။ ထိုမတူသော ဘက်နှစ်ဖက်ကို သေချာစွာ စေ့စေ့ငုငုသုံးသပ် ကိုင်တွယ်နိုင်မှသာ ပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။
မြောက်ပိုင်းစစ်ပွဲနှင့် ငြိမ်းချမ်းရေး
မြောက်ပိုင်းစစ်ပွဲ ပေါ်ပေါက်လာခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်မည်လော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ဆုတ်သွားမည်လော ဟူ၍ ငြိမ်းချမ်းရေး လိုလားသူများအတွက် စိတ်ပူပန်ဖွယ်ဖြစ်ခဲ့သည်။ မည်သို့ဆိုစေ ယခု မြောက်ပိုင်း စစ်ပွဲဖြစ်ပေါ်လာသောကြောင့် ခက်ခဲသော်လည်း ယတိပြတ် ဆုံးဖြတ်ချက်များကို ချမှတ်ရန် ဖြစ်လာသည်ဟု ဆိုရမည်။ ထိုသို့ ယတိပြတ် ဆုံးဖြတ်ချက်ချရန် ဖြစ်လာခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သော ပြည်တွင်း ပြည်ပရှိ သူများအားလုံးအား လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်ပေရာ အဆိုးထဲက အကောင်းဟု ဆိုရပါမည်။
လက်ရှိ အခြေအနေတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့က KIA, MNDAA, TNLA, AA အဖွဲ့ ၄ ဖွဲ့ ပူးပေါင်း တိုက်ခိုက်သည်ဟု ကြေညာထားသော်လည်း အစိုးရနှင့် တပ်မတော်ဘက်ကမှ AA အား အစောပိုင်းက အသိမှတ်ပြု ဖော်ပြခြင်း မရှိပေ။ တိုက်ပွဲများဖြစ်သည့် ၁၂ ရက်မြောက်နေ့ဖြစ်သော၂၀၁၆ ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်များတွင်မှ AA အား ဖော်ပြ အသိမှတ်ပြုသည်ကို တွေ့ရသည်။
တဖန် KIA သည် UNFC နှင့် အတူ NCA နှင့်ပတ်သက်ပြီး ဆွေးနွေးနေသော်လည်း လာမည့် NCA လက်မှတ်ရေးထိုးရေး ကိစ္စများတွင် သူ၏ စစ်ရေးမဟာမိတ်များဖြစ်သော MNDAA, TNLA, AA အဖွဲ့ ၃ ဖွဲ့ပါဝင်ရေးကို ရပ်ခံဖွယ်ရှိသည်။ ထို့ပြင် UWSA ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ထို ၃ ဖွဲ့လုံး ပါဝင်ရေးကို ရပ်ခံထားရာ ထို ၃ ဖွဲ့ပါရေး မပါရေးသည် UWSA ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆက်လက် ပါဝင်ရေးအတွက် အရေးပါနေသည်ဟု ဆိုရမည်။ NDAA မိုင်းလားသည်လည်း UWSA နှင့်အတူ ရပ်တည်မည်ဟု ယူဆရသည်။ တခုနှင့်တခု ချိတ်ဆက်နေသည်။
သို့ဖြစ်ရာ လက်ရှိ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် ပါဝင်သည့် AA အား အသိမှတ်ပြု၍ ဖော်ပြခြင်းကို တွေ့ရပြီးနောက် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဆိုသည့် အဖွဲ့ ၄ ဖွဲ့အား NCA လက်မှတ်ထိုးခြင်း (ဝါ) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုခြင်း၊ မပြုခြင်းသည် သမ္မတဟောင်း ဦသိန်းစိန် လက်ထက်က စတင်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်နိုင်ရေး အတွက် ကွင်းဆက် ပြဿနာဖြစ်၍ နေပေတော့သည်။ ခက်ခဲသော ဆုံးဖြတ်ချက်လည်း ဖြစ်သည်။ မည်သည့် ဆုံးဖြတ် ချက်များကို ချသည်ဖြစ်စေ ထိုဆုံးဖြတ်ချက်နှင့် ကိုက်ညီသည့်ရလဒ် ထွက်ပေါ်ပေလိမ့်မည်။
လက်ရှိအချိန်တွင် တရုတ်၏ ကြားဝင်ပေးမှုအရ မြောက်ပိုင်းရှိ အဖွဲ့ ၆ ဖွဲ့ဖြစ်သည့် KIA, TNLA, MNDAAAA, UWSA, NDAA တို့သည် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေသည့် သတင်းများ ကြားသိနေရသည်ဖြစ်ရာ ငြိမ်းချမ်းရေးအတွက် သတင်းကောင်းကို မျှော်လင့်နိုင်ဖွယ် ရှိပါသည်။ မြောက်ပိုင်းစစ်ပွဲသည် အဆိုးထဲက အကောင်းကို သယ်ဆောင် လာမည်လော ဆိုသည်ကို မျှော်လင့်နိုင်ဖွယ်ရှိသည်ဟု ဆိုရမည်။
ငြိမ်းချမ်းရေးနှင့် စစ်ပွဲဆိုသည်မှာ ဒင်္ဂါးပြားတခု၏ ခေါင်းနှင့်ပန်းသဖွယ်ဖြစ်ပေရာ ခေါင်းမကျလျှင် ပန်းကျပေလိမ့်မည်ဟုသာ ဆိုနိုင်ပါတော့သည်။
(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)