အမေရိကန် သမ္မတအဖြစ် ရွေးချယ်ခြင်း ခံထားရသည့် ဒေါ်နယ် ထရမ့်ပ် (Donald Trump) က နိုင်ငံခြားမှ ဝင်ရောက်လာသူများ၊ လူနည်းစုများနှင့် ပတ်သက်၍ ဆိုးရွားသော မှတ်ချက် အများအပြား ပြုလုပ်ခဲ့သူ ဖြစ်သည်။ သူက မက်ဆီကန်လူမျိုးများကိုလည်း ရာဇဝတ်သားများ၊ မူးယစ်ဆေးရောင်းချသူများ နှင့် မုဒိမ်းသမားများ အဖြစ်စွပ်စွဲခဲ့သည်။
ဆန် ဘာနာဒီနို (San Bernardino) တိုက်ခိုက်မှု (ကယ်လီဖိုးနီးယား ပြည်နယ် ဆန် ဘာနာဒီနို မြို့မှ လူ ၁၄ ဦးသေဆုံး၍ ၂၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော အကြမ်းဖက်မှုဖြစ်ပြီး အမေရိကန်နိုင်ငံသား မွတ်စလင်များ ပါဝင်ပတ်သက်ခဲ့သည်) အပြီး ရက်အနည်းငယ် အကြာ၌ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်းက တောင် ကာရိုလိုင်းနား ပြည်နယ်၊ ချာလက်စတန် (Charleston) တွင် ပြုလုပ်သည့် လူထုအစည်း အဝေးတခုတွင် သူက ထောင်နှင့် ချီသော ထောက်ခံသူများကို “ဘာတွေဖြစ်နေသလဲ ဆိုတာကို ကျနော်တို့ တိုင်းပြည်ရဲ့ ကိုယ်စားလှယ်တွေက ဖော်ထုတ်နိုင်တဲ့ အချိန်အထိ အမေရိကန်နိုင်ငံအတွင်း မွတ်စလင်တွေ ဝင်ရောက်တာကို လုံးဝ ပိတ်ထားဖို့ ဒေါ်နယ် ဂျေ ထရမ့်ပ်က တောင်းဆိုပါတယ်” ဟု ပြောခဲ့သည်။
အဆိုပါ မှတ်ချက်စကားကြောင့် သာမန် အမေရိကန် မွတ်စလင်များကြားတွင် အကြီးအကျယ် စိုးရိမ်စရာများ ပေါ်ပေါက်လာခဲ့ရသည်။
Pew သုတေသန စင်တာ၏ လေ့လာမှုအရ ၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ နေထိုင်သော မွတ်စလင် ၃ ဒသမ ၃ သန်းခန့် ရှိသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံတွင် မွတ်ဆလင်အရေအတွက်က အမေရိကန် နိုင်ငံ လူဦးရေစုစုပေါင်း (၂၀၁၅ ခုနှစ်တွင် ၃၂၂ သန်းခန့်ရှိသည်) ၏ ၁ ရာခိုင်နှုန်း ရှိသည်ဟု ဆိုနိုင်ပါသည်။ ထို့အပြင် ၂၀၅၀ ခုနှစ်တွင် ၂ ဆ ဖြစ်လာမည်ဟုလည်း ခန့်မှန်းထားသည်။
အယ်လီယာ အယ်လ်-ဘိုနီဂျင်မ် (Alyiah al-Bonijim) သည် အမေရိကန်နိုင်ငံ မစ်ချီဂန် (Michigan) တက္ကသိုလ်တွင် ပညာသင်ကြားနေသော အသက် ၁၉ နှစ် အရွယ် ကျောင်းသူတဦး ဖြစ်ပါသည်။ အရပ်မြင့်မြင့်၊ ပိန်ပိန်းပါးပါး ကိုယ်လုံးရှိပြီး ခေါင်းတွင် ပဝါ (hijab) ခြုံထားသည့် အယ်လီယာ အယ်လ်-ဘိုနီဂျင်မ် ၏ အသံနှင့် မျက်လုံးများကတော့ သူ့ကို ပိုပြီး အသက်ကြီးသလို ထင်ရစေသည်။
“ကျမ ထိတ်လန့်နေတုန်းပဲ။ အမေရိက က အမေရိကပါ။ အပြန်အလှန် စောင့်ကြည့် ထိန်းချုပ်မှုရှိပါတယ်။ ဒါပေမယ့် ရီပတ်ဘလီကင်တွေက အထက်လွှတ်တော်ကိုရော အောက်လွှတ်တော်ကိုရော ထိန်းချုပ်နေတဲ့ အတွက် သူ (ဒေါ်နယ် ထရမ့်ပ်) လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ ကျမ ဆိုလိုတာက အခုဆိုရင် မွတ်စလင်တွေက မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့ သတင်းတွေ ထွက်နေတယ်။ လူတိုင်း စိုးရိမ်နေပါတယ်။ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် မွတ်စလင်တယောက်က အမေရိကန် တယောက် ဖြစ်နိုင်တယ်လို့ ကျမထင်ပါတယ်။ ဥပမာ အနေနဲ့ ကြည့်မယ်ဆိုရင် ဘားရက် အိုဘားမား (Barack Obama) နဲ့ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား အသိုင်းအဝိုင်း ဖြစ်ပါလိမ့်မယ်။ တကယ်လို့ သူတို့ လုပ်နိုင်တယ်ဆိုရင် ကျမတို့ အားလုံးလည်း လုပ်နိုင်ပါလိမ့်မယ်”။
“သူ (ဒေါ်နယ် ထရမ့်ပ်) က ကြောက်စရာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ခြိမ်းခြောက်မှုလို့တော့ မထင်ပါဘူး။ သူ့ကို ထောက်ခံသူတွေက လူမျိုးရေးခွဲခြားတဲ့အမြင် အမြဲတမ်း ရှိခဲ့ကြတယ်။ ဒါပေမယ့် အခုမှာတော့ သူတို့ ဆန္ဒနဲ့အညီ လုပ်ပေးမယ်လို့ သူတို့ယုံကြည်တဲ့ အာဏာရှိသူတယောက် ရခဲ့ပြီ။ အခုအဲဒါက ပိုမို ပြင်းထန်လာပါတယ်”။
သူ၏ ခေါင်းတွင် ခြုံထားသည့် ပဝါ (hijab) အကြောင်းကို ကျနော်က မေးကြည့်သည့် အခါ သူက ရှက်ရွံ့သလို ဟန်ပြသော်လည်း အလွန်ပြတ်သားသည့် အသံဖြင့် “နယ်ချဲ့ဝါဒနဲ့ ကိုလိုနီဝါဒတွေရဲ့ အာရပ်ကမ္ဘာအပေါ် သက်ရောက်မှု တွေကြောင့်ပါ။ ပဝါ (hijab) ကို ဝတ်ဆင်ထားတာက တော်လှန်တဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်” ဟု ပြန်ဖြေခဲ့သည်။
ဒက်ထရွိုက်မြို့လယ်နှင့် နာရီဝက် ခရီးလောက်သာဝေးပြီး အာရပ်မွတ်စလင် အများစုနေထိုင်သည့် ဒီးယားဘွန်း (Dearborn) မြို့တွင် အယ်လီယာ အယ်လ်-ဘိုနီဂျင်မ်ကို မွေးဖွားခဲ့သည်။ သူ၏ မိဘများမှာ အမေရိကန်နိုင်ငံသို့ ၁၉၉၇ ခုနှစ်တွင် ရောက်ရှိလာသည့် အီရတ်နိုင်ငံမှ ရှီးယား မွတ်စလင် ဒုက္ခသည်များ ဖြစ်သည်။
“ကျမက ကလေး ၄ ယောက်မှာ အငယ်ဆုံးပါ။ အမေရိကန်ရောက်မှ မွေးတာက ကျမ တယောက်တည်းပါ။ ကျမရဲ့ အဖိုး က အယ်လ် ဘူဂျီရင် (al-Bujirin) မျိုးနွယ်စုရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ကျမတို့ မိသားစုတွေက နက်ဆီရီယာ (Nassyriah) မှာနေခဲ့ကြပါတယ်။ အဲဒီ နေရာက အရမ်းလှပတယ်လို့ ကျမအမေက ပြန်ပြောပြပါတယ်။ ဒါပေမယ့် ကျမတို့က ရှီးယားမွတ်ဆလင်တွေ ဖြစ်တဲ့ အတွက် ဆက်ဒမ်ဟူစိန်က ကျမတို့ရဲ့ စိမ့်မြေတွေကို ဖျက်ထုတ်ခဲ့ပြီးတော့ ၁၉၉၀ အစောပိုင်း နှစ်တွေမှာ ကျမတို့ကို နာမည်ပျက်စာရင်း သွင်းပြီးတော့ အီရတ်နိုင်ငံထဲက မောင်းထုတ်ခဲ့ပါတယ်”။
သူတို့ မိသားစုသည် ဆော်ဒီ အာရေးဗီးယားရှိ ဒုက္ခသည်စခန်းတွင် ၇ နှစ်ကြာ နေထိုင်ခဲ့ရပြီးနောက် ကြက်ခြေနီအဖွဲ့၏ အကူအညီဖြင့် အမေရိကန်နိုင်ငံတွင် အခြေချခဲ့သည်။ ငွေကြေး အထောက်အပံ့များလည်း အများအပြား ရရှိခဲ့သည်။
“အဲဒီ အကူအညီတွေကြောင့် ကျမတို့ မိသားစု ရပ်တည်နိုင်ခဲ့ပါတယ်။ ကြက်ခြေနီ အဖွဲ့ကို ကျမ အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ဒါကြောင့်လည်း နိုင်ငံတကာ ပြန်လည်နေရာချထားရေး နယ်ပယ်မှာ တစုံတခု ဝင်ရောက် လုပ်ကိုင်ချင်တာပါ” ဟု အယ်လီယာ အယ်လ်-ဘိုနီဂျင်မ်က ပြောသည်။
“မိသားစု တဝက်လောက်က သြစတြေးလျမှာ ပြန်လည် နေရာချထားပေးခံရပါတယ်။ ကျမတို့ကိုတော့ အမေရိကန်ကို ပို့ပါတယ်။ ပထမဆုံးတော့ Utah မှာ နေပါတယ်။ နောက်ပိုင်းတော့ ကျမရဲ့ အမေနဲ့ အစ်မတွေက ဒီးယားဘွန်း အကြောင်းကို ကြားတာနဲ့ ဒီကိုပြောင်းလာခဲ့ပါတယ်”။
Ford မော်တော်ကား ကုမ္ပဏီ ရုံးချုပ်ရှိသည့် ဒီးယားဘွန်းမြို့ရှိ လူဦးရေတွင် မွတ်စလင်က ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာ ခိုင်နှုန်း အတွင်းတွင် ရှိပြီး မြောက်အမေရိကတွင် မွတ်စလင် ဦးရေ အများဆုံးနေရာ ဖြစ်လာခဲ့သည်။
ဒီးယားဘွန်းမြို့တွင်းတွင် ကားဖြတ်မောင်းခြင်းက အနည်းငယ် စိတ်လှုပ်ရှားစရာ ကောင်းသည့် အတွေ့အကြုံတခု ဖြစ်သည်။ ဟာလာလုပ်ထားသည့် အသားများကို ရောင်းချသည့် ဆိုင်များ၊ စတိုးဆိုင်များ နှင့် မုန့်ဆိုင်များ အားလုံး၏ ဆိုင်းဘုတ်က အာရပ်ဘာသာနှင့် ဖြစ်သည်။ ဒီးယားဘွန်းက ရှီးယား မွတ်စလင်များ လွှမ်းမိုးထားသည့်နေရာ ဖြစ်သော်လည်း သူ၏ အခင်ဆုံး သူငယ်ချင်းအများစုက ဆွန်နီ မွတ်စလင်များ ဖြစ်သည်ဟု အယ်လီယာက ပြောသည်။ ယဉ်ကျေးမှု ကွာခြားချက်များကလည်း အရေးကြီးသည်ဟု သူကဆိုသည်။
“လက်ဘနွန်တွေက အာရပ်စကားကို ပျော့ပျော့ပြောင်းပြောင်း ပြောတယ်။ ယီမင်တွေကတော့ အရမ်းမြန်တယ်။ အီရတ်တွေကတော့ စကားပြောတာ လေသံမာတယ်။ လက်ဘနွန်တွေက ဟိတ်ဟန်များတယ်လို့ ကျမတို့ အမြဲတမ်း ဟာသ လုပ်ကြတယ်”။
သူ၏ ဖခင်မှာ ခပ်ပေါ့ပေါ့ နေသူတယောက်ဖြစ်ပြီး အိမ်တွင်လည်း အမြဲမရှိသည့်အတွက် မိခင်ဖြစ်သူမှာ သားသမီး ၄ ယောက် နှင့် ရုန်းကန်ရင်း စိတ်ကျဝေဒနာ ခံစားခဲ့ရသည်ဟု အယ်လီယာက ဝန်ခံပါသည်။
“ကျမတို့ နှစ်တိုင်း ပြောင်းရွှေ့နေရတယ်။ ကျမတို့ အစပိုင်းတုန်းက တိုက်ခန်းကျယ်တခုမှာ တခြားမိသားစု ၅ ခုနဲ့ စုပြုံနေခဲ့ရတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ သူများတွေထက်ပိုပြီး တည်တည်ငြိမ်ငြိမ် အခြေတကျ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျမ အစ်ကို အကြီးဆုံးကတော့ မစ်ချီဂန် တက္ကသိုလ်ကနေ ကျောင်းထွက်လိုက်ရတယ်။ ကျမ အထက်က မွေးချင်း ၂ ယောက်ကတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ဖို့ စောင့်ဆိုင်းနေကြရတယ်။ ကျမက ကံကောင်းတယ်ဆိုတာ သိပါတယ်”။
အယ်လီယာက ဉာဏ်ကောင်းပြီး အလုပ်ကြိုးစားသည့် အမျိုးသမီးငယ်လေး ဖြစ်ပါသည်။ သူ့မှာ အမြင်လည်း ရှိသည်။ သို့သော်လည်း သူတို့ အသိုင်းအဝိုင်းမှ အများစုမှာမူ အယ်လီယာ ပြသနိုင်ခဲ့သည့် ဆုံးဖြတ်မှုမျိုးကို အသုံးပြု၍ အခွင့်အရေးများ မယူနိုင်ခဲ့ကြပါ။
“ကျမ မော်ရိုကိုနဲ့ ပါလက်စတိုင်းမှာ နိုင်ငံခြားပညာသင် အစီအစဉ်တချို့ သွားနိုင်ခဲ့တယ်။ ကျမလို ဒုတိယနှစ် ကျောင်းသူတယောက် အနေနဲ့တော့ ဒါက ပုံမှန် မဟုတ်ဘူးပေါ့။ ကျမက စိတ်အားထက်သန်မှု များနေတယ်”။
တခြားသော မွတ်စလင် အမျိုးသမီးငယ်များကဲ့သို့ပင် ပညာရေး၏ အရေးပါမှုကို သူသတိပြုမိခဲ့သည်။ “ပိုမိုပြီး ကွဲပြားတဲ့ ပတ်ဝန်းကျင်တခုကို သွားဖို့အတွက် ဒါက တခုတည်းသော လမ်းပဲလေ။ ဒီးယားဘွန်းက ကောင်းပါတယ်။ ဒါပေမယ့် ကျမက ကွဲပြားခြားနားတဲ့ အတွေ့အကြုံသစ်လိုချင်တယ်” ဟု အယ်လီယာက ပြောသည်။
ဒေါ်နယ်ထရမ့်ပ်၏ အောင်ပွဲ၊ ရှေ့အလားအလာနှင့် သူ၏ ခံစားချက်ကို ကျနော် မေးသည့် အခါ “တဖြည်းဖြည်း အရှိန် လျော့သွားမယ်လို့ ကျမမျှော်လင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်လည်း ကျမမှာ လုံလောက် သင့်တော်တဲ့ အသိုင်း အဝိုင်းတခု ရှိပါတယ်။ စိတ်ဓာတ်ရေးရာ အထောက်အကူ ရှိနေတာနဲ့အမျှ အားလုံးက အဆင်ပြေသွားပါ လိမ့်မယ်” ဟု အယ်လီယာက ဖြေသည်။
(ကရင်မ် ရတ်စ်လာမ် (Karim Raslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦး ဖြစ်သည်။)