အကယ်၍ နောက်နှစ် ၂၀ မှာ စင်ကာပူလိုဖြစ်ချင်ရင်

သန်းနိုင်ဦး
စင်ကာပူရှိ မာရီနာဘေးဆန်းဟိုတယ်ပေါ်က ရေကူးကန်မြင်ကွင်း / Reuters

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံခရီးစဉ်မှာ နောက်နှစ်ပေါင်း ၂၀ ကြာတဲ့အခါ မြန်မာနိုင်ငံက စင်္ကာပူနိုင်ငံကို ကျော်တက်နိုင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီစကားက လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ အငြင်းပွားဖွယ် ဖြစ်ခဲ့ရပါတယ်။ ကာတွန်းဆရာတချို့က ကာတွန်း ရေးခဲ့ကြသလို တချို့ကလည်း လေထဲ တိုက်အိမ် ဆောက်တာပဲလို့ ယူဆခဲ့ကြ တယ်။ နိုင်ငံတခု ဖွံ့ဖြိုးတိုးတက်ဖို့ ဆယ်စုနှစ် နှစ်စုဆိုတာ အချိန်မနည်း လွန်းသလို များပြားလှတဲ့ အချိန်တော့လည်း မဟုတ်ဘူး။ ဒီလို အလားတူ စကားမျိုးကို စင်္ကာပူဝန်ကြီးချုပ်ကိုယ်တိုင် လွန်ခဲ့တဲ့ ရာစု တဝက်ကျော်က မြန်မာနိုင်ငံ လာလည်ချိန်မှာ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီတုန်းက “နောက်ထပ် နှစ် ၂၀ နေရင် စင်္ကာပူဟာ မြန်မာလို ဖြစ်ရမယ်” ဆိုပြီးပြောခဲ့တာပါ။

အာရှမှာ မြန်မာနိုင်ငံ ရွှေရောင်လွှမ်းခဲ့တဲ့ ကာလတခု အမှန်တကယ် ရှိခဲ့ဖူးပါတယ်။ လွတ်လပ်ပြီးစ မြန်မာနိုင်ငံမှာ အာရှအဆင့်မီ ဘောလုံးကွင်း၊ အာရှအဆင့်မီ တက္ကသိုလ်၊ အာရှအဆင့်မီ နိုင်ငံတကာလေဆိပ်၊ အာရှအဆင့်မီ အားကစား စတဲ့နယ်ပယ်စုံမှာ မြန်မာတွေ ခေါင်းမော့ရင်ကော့ လက်မထောင်နိုင်ခဲ့ကြတယ်။ စီမံခန့်ခွဲမှု အလွဲတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး မလုပ်နိုင်ဘဲ ဖွံ့ဖြိုးမှု နည်းတဲ့ နိုင်ငံအဖြစ် ပြတ်ကျန်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာက အစစ အရာရာ ချွတ်ခြုံကျခဲ့ရာက ရုန်းထွက်ဖို့ ကြိုးစားနေဆဲ နိုင်ငံတနိုင်ငံသာ ဖြစ်ပါတယ်။

စင်္ကပူကို နှစ်၂၀ ကြာတဲ့အခါ ကျော်တက်နိုင်ရမယ် ဆိုတာ တကယ်ပဲ အိပ်ယာဝင်ပုံပြင် ဖြစ်နေပြီလား။ မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် နတ်သမီးအိပ်မက် မက်နေကြတာလား။ ဖြစ်ရမယ် ဆိုတဲ့ စိတ်မျိုးထားပြီး လုပ်ရင် မရနိုင်ဘူးလား။ မဖြစ်နိုင်ပါဘူးလို့ မျက်စိတ်စုံမှိတ် ငြင်းချက်ထုတ်ရမယ့် ကိစ္စ မဟုတ်သလို၊ ဖြစ်ရမယ်လို့ ပြောပြီး ဘာမှ မလုပ်ပဲ ငုတ်တုပ်ထိုင် နေရမယ့် အချိန်လည်း မဟုတ်ဘူး။ ဖြစ်ကို ဖြစ်ရမယ်လို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်နိုင်သမျှကို တွေးတောကြံဆ လုပ်ကိုင်နေရင် ဖြစ်နိုင်ရမှာပေါ့။

လက်ရှိအချိန်မှာ စင်္ကာပူနိုင်ငံက  မြန်မာထက် ထိပ်တန်းရောက်နေတာ မှန်ပေမယ့် ထုတ်ကုန်တွေ အမြောက်အများ ထုတ်လုပ်ပြီး ပြည်ပပို့ကုန် အဖြစ် တင်ပို့ရောင်းချနေတဲ့ နိုင်ငံ မဟုတ်ဘူး။ သတ္တုနဲ့ သစ်တော တို့လို သဘာဝသယံဇာတ တွေက မြန်မာနိုင်ငံလို အလျှံပယ်ထွက်နေတာ မဟုတ်ဘူး။နည်းပညာ အခြေပြု ကုန်ကြမ်းဝယ် ကုန်ချောထုတ်နေတဲ့ ဈေးသည်နိုင်ငံသာဖြစ်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်။

စင်္ကာပူကို နောင် အနှစ် ၂၀ နေရင် ကျော်တက်နိုင်ရမယ် ဆိုတာ လေထဲတိုက်အိမ်ဆောက်ပြီး မဖြစ်နိုင်တာကို စိတ်ကူးယဉ် နေတာ မဟုတ်ဘူး။ အခု စင်္ကာပူကို မီဖို့ အရည်အချင်း မရှိသေးရင် အရည်ချင်း ပြည့်မီအောင် ဖြည့်ဆီးကြရ ပါမယ်။ ပြုပြင် ပြောင်းလဲလို့ မရနိုင်ဘူး ဆိုတာ မရှိဘူးလို့ ယုံကြည်ထားဖို့ လိုပါတယ်။ စင်္ကာပူမှာ မြန်မာကျွမ်းကျင်လုပ်သားတွေ လုပ်ခလစာ ကောင်းကောင်းယူပြီး အလုပ် လုပ်နေကြတာပဲ။ မိတ်ဆွေကိုယ်တိုင် ဖြစ်နိုင်တယ်လို့ တွေးနေသလား။ မဖြစ်နိုင်ဘူးလို့ တွေးနေ သလား။ မိတ်ဆွေရဲ့ အတွေးပေါ်မှာ မူတည်ပါတယ်။

စာရေးဆရာ တင်မောင်သန်းက သင့်ဘ၀ မဂ္ဂဇင်း ၁၉၉၄ ခုနှစ် စက်တင်ဘာလထုတ် “ငါသာလျှင် ငါ့ကံ၏ အရှင်သခင်” ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးမှာ အခုလို ရေးသားခဲ့တယ်။ မိုးအကျမှာ ပျိုးကျဲထားပါမှ မိုးကုန်တဲ့အခါ ခင်ဗျား ရိတ်သိမ်းနိုင်ပါလိမ့်မည်။ မစိုက်မပျိုးပဲ ရိတ်သိမ်းချင်လို့ကတော့ ဘယ်ဘုရားသခင်ကမှ ခင်ဗျားကို သနားလိမ့်မည် မဟုတ်ချေ။ ဒါက သဘာ၀ နိယာမသာ ဖြစ်တယ်။ တိုးတက်ပြောင်းလဲစေတဲ့ ခရီးတိုင်းမှာ ဖြတ်လမ်းနည်းဟူသည် မရှိ။ ထိုင်နေရုံနဲ့ ရောက်သွားသောသူ မရှိ။

ကာလတရပ် ထိတော့ ရင်းရပေလိမ့်မည်။ တခါတရံမှာ ဖြတ်လမ်းနည်း ဆေးမြီးတိုများက အသုံးတည့် သွားတဲ့အခါတွေလည်း ရှိပါတယ်။ အလုပ်ပင်ပန်း၍ ခေါင်းကိုက်ခြင်းကို ဘတ်စ်ပရိုနှင့် ပျောက်ကင်းအောင် ကုသနိုင်ပေမယ့် သွေးတက်လို့ ခေါင်းကိုက် တာကိုတော့ ဘက်စ်ပရိုနှင့် ကုသလို့ မပျောက်နိုင်ပေ။ နာတာရှည်ရောဂါကို ဆေးမြီးတိုနှင့် ကုသ၍ မရပါ။

ပုဂ္ဂလိက သတင်းစာနဲ့ ဂျာနယ်တွေမှာ သရော်စာတွေ ရေးနေတဲ့ ဗြိတိသျှကိုကိုမောင် ကလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်စကားနဲ့ ပါတ်သတ်ပြီး အခုလို ကတိစကား ရေးသားထားပါတယ်။

“အန်တီဒေါ်အောင်ဆန်းစုကြည် ရည်မှန်းချက်အတိုင်း လာမည့် နှစ်နှစ်ဆယ်အတွင်း ကျနော် အသက်မွေးသည့် စာရေးခြင်း အတက်ပညာနှင့် ပတ်သတ်သည့် ကဏ္ဍတွင် စင်္ကာပူနိုင်ငံအား ကျော်နိုင်အောင် ကျနော်တတ်စွမ်းသမျှ ကြိုးစားကူညီသွားမည်ဟု လူငယ်တစ်ယောက်အနေဖြင့် တက်ကြွစွာ ကတိပြုပါသည်။ နိုင်ငံတော်သစ်အတွက် ကျနော်နိုင်ရာ ထမ်းပိုးကို ထမ်းပါမည်။”

လူငယ်တယောက်ဆီက ဒီလို အားမာန်ပါပြီး တက်ကြွတဲ့ စကားတွေကြားရတာ အင်မတန် ကျက်သရေရှိတယ်။ အဖြူ-အမည်း ခေတ်မှာ ကောလိပ်ဂျင်နေဝင်းနဲ့ ကျော်ဟိန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နာမည်ကျော် မြန်မာရုပ်ရှင်ကား တကား ရှိပါတယ်။ တဦးကစေတနာ တဦးက မေတ္တာ ဆိုတဲ့ကား။ အဲဒီဇာတ်ကားမှာ ကောလိပ်ဂျင်နေဝင်းက ကျော်ဟိန်းကို ပြောတဲ့ ဇာတ်ဝင် စကားက ပရိတ်သတ်တွေ ကြားမှာ ရေပန်းစားတယ်။ “တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်” တဲ့။ မိတ်ဆွေတို့လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချင်တဲ့ စေတနာရှိမှာပဲ။ ဖြစ်မှာ မဟုတ်ပါဘူးလေ ဆိုတဲ့ အငုံ့စိတ် တွေပေါ်လာရင် အဝေးကို မောင်းထုတ် လိုက်ကြပါ။

ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ အားကစား၊ ဆက်သွယ်ရေး၊ နည်းပညာ၊ ကူးသန်း ရောင်းဝယ်ရေး စတဲ့ နယ်ပယ်စုံက ဒီလို စကားမျိုးတွေ လူကြီးလူငယ်တွေ အားလုံး တက်ညီလက်ညီ ပြောပြီး လုပ်ကိုင်လာကြရင် ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကဗျာဆရာ Rudyard Kipling က အကယ်၍ ဆိုတဲ့ ကဗျာတပုဒ် ရေးဖွဲ့ထားတာကို မိတ်ဆွေတို့ ဖတ်ဖို့ ကောက်နုတ် ဖော်ပြပေးလိုက် ပါတယ်။

အကယ်၍

စိတ်ကူးယဉ် အိပ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေဘဲ

စိတ်ကူးနိုင်မယ် ဆိုရင်- ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ

မျှော်မှန်းချက် သက်သက်သာ မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်……

………………….

…………………

အကယ်၍

အောင်မြင်မှု သုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေရတဲ့အခါ

တူညီသော လောကဓံ တရားတွေပါလားရယ်လို့

ခံယူထားနိုင်မယ် ဆိုရင်

………

အကယ်၍

ရန်သူက ဖြစ်စေ မိတ်ဆွေက ဖြစ်စေ

မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်

……

အကယ်၍

လူတိုင်းကို တန်ဘိုးထား လေးစားရပေမဲ့

စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင်

…….

အကယ်၍

တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ

အဓိပ္ပာယ် ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်……

ငါ့သားရေ

မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ကာကြီးကို ဆုပ်ကိုင်လို့

အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့

အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့….။         ။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာဖြစ်သည်)

Loading