RCSS/SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း ရှမ်းပြည်တောင်ပိုင်း လွယ်တိုင်းလျံတွင် အခြေပြုသည့် စဝ်ရွက်ဆစ် ခေါင်းဆောင်သည့်အဖွဲ့ဖြစ်သည်။ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ထိုးရာတွင် ပါဝင်ခဲ့သောအဖွဲ့ဖြစ်သည်။
RCSS/SSA သည် UNFC အဖွဲ့ဝင် မဟုတ်သကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အတူတကွ ပါဝင်ဆွေးနွေးခြင်းမရှိဘဲ သီးခြားရပ်တည်ဆွေးနွေးခဲ့သော အဖွဲ့ဖြစ်သည်။ သို့သော် RCSS/SSA သည် အခြားရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် SSPP/SSA နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်။
လက်ရှိမြောက်ပိုင်းစစ်ပွဲဖြစ်ပွားသောအခါ RCSS/SSA သည် ထူးခြားစွာ နှုတ်ဆိတ်၍ လက်ရှောင်နေသည်။ ၂၀၁၅ခုနှစ် NCA ထိုးပြီးနောက်ပိုင်း ယခုမြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သော TNLA နှင့် လက်နက်ကိုင် ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွား ခဲ့သော်လည်း ယခုမြောက်ပိုင်းစစ်ပွဲဖြစ်ပွားသောအခါ လက်ရှောင်သွားသည်ကို တွေ့ရသည်။ TNLA နှင့် ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခအား ခေတ္တရှောင်လွှဲထားသည်ကို တွေ့ရသည်။
မြောက်ပိုင်းစစ်ပွဲဖြစ်ပွားနေစဉ်အတွင်း KNU ဥက္ကဌ စောမူတူးစေးဖော နေပြည်တော်သို့ ရောက်လာပြီး တပ်မတော်ခေါင်း ဆောင်များနှင့် တွေ့ရသည်။ ယခင်က ဤသို့တွေ့ဆုံမှုမျိုးရှိပါက မရှေးမနှောင်းဆိုသလို RCSS ဥက္ကဌ စဝ်ရွက်ဆစ်လည်း နေပြည်တော်သို့ ရောက်လာလေ့ရှိသော်လည်းယခုအကြိမ်တွင် ရောက်လာသည်ကိုမတွေ့ရပေ။
လက်နက်ကိုင်အင်အား ၆၀၀၀ခန့်ရှိသည်ဟု ခန့်မှန်းခြင်းခံရသည့် RCSS သည် လက်ရှိမြောက်ပိုင်းစစ်ပွဲတွင် လက်ရှောင် နေပြီး မြောက်ပိုင်းစစ်ပွဲအခြေအနေနှင့် SSPP/SSA အနေအထားကို စောင့်ကြည့်နေသည်ဟု သုံးသပ်ရသည်။ ဤအချက် သည်လည်း မဖြစ်မနေ ထည့်သွင်းတွက်ချက်ရန် လိုအပ်သည့်အချက်တချက် ဖြစ်ပေလိမ့်မည်။
သံလွင်အရှေ့ခြမ်း
သံလွင်အရှေ့ခြမ်းတွင် မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် လက်နက်ကိုင်အင်အားအတောင့်တင်း ဆုံး UWSA ဝတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ရှိသည်။ စုစုပေါင်းလက်နက်ကိုင်အင်အား နှစ်သောင်းခွဲခန့်ရှိနိုင်သည်ဟု အများက ခန့်မှန်းကြသည့် UWSA သည် အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့နှင့် ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် ကျယ်ပြန့် သည့်နယ်မြေရှိသည်။
UWSA သည် ၁၉၈၉ ခုနှစ် အပစ်ရပ်ပြီးနောက် တပ်မတော်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သော်လည်း ၂၀၀၉ ခုနှစ် နအဖ၏ BGF ဖွဲ့စည်းရန် ဖိအားပေးခံရပြီးနောက် ယုံကြည်မှု စတင်ပျက်ပြားခဲ့သည်။ လက်ရှိအချိန်တွင် အစိုးရနှင့်တပ်မ တော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား NCA အတိုင်းသွားမည်ဟု ဆိုနေချိန်တွင် UWSA သည် NDAA မိုင်းလားအဖွဲ့နှင့် အတူ ၎င်းတို့အနေနှင့် NCA လက်မှတ်ထိုးရန် မလိုအပ်ဟု ရပ်ခံထားရာ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအရ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိပေ။
မူလက NDAA နှင့်တွဲ၍သာ ရပ်တည်ခဲ့ပြီး အခြားတိုင်းရင်းသားအဖွဲ့များနှင့် ဆက်စပ်မှုနည်းခဲ့သော UWSA သည် သမ္မတ ဟောင်းဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အတူတကွ ပါ ဝင်ခြင်းမရှိခဲ့သော်လည်း UNFC အဖွဲ့ဝင်များအပါ တိုင်းရင်းသားလက်နက်ကိုင်များအား ၎င်းတို့ဌာနချုပ်ရှိရာ ပန်ဆန်းသို့ ဖိတ်ခေါ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ထိပ်သီးညီလာခံကို နှစ်ကြိမ်တိုင်ပြုလုပ်ခါ အခြားတိုင်းရင်းသားလက် နက်ကိုင်များနှင့် ထိတွေ့ဆက်ဆံခဲ့သည်။ ဆွေးနွေးပွဲများသည် နိုင်ငံရေးဆွေးနွေးပွဲများဟု ဆိုသော်လည်း UWSA သည် လက်နက်ကိုင်အင်အားရှိသော တိုင်းရင်းသားအဖွဲ့များအား အလေးထားခဲ့သည်။
UWSA သည် ၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ်အစည်းအဝေးအား တက်ရောက်ခဲ့သော်လည်း အဆင်မပြေမှုအချို့ ကြောင့် သပိတ်မှောက်ထွက်ခွာခဲ့သည်။ ထို့နောက် ၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် UWSA ၏ မထင်မှတ် ထားခဲ့သော စစ်ရေးလှုပ်ရှားမှုတခုဖြစ်သည်။
ဖြစ်စဉ်မှာ UWSA အင်အား ၅၀၀ ခန့် မိုင်းလားဒေသတွင်းသို့ ဝင်ရောက်လာခဲ့ပြီး မိုင်းလားဒေသမှ ကျိုင်းတုံသို့သွားသည့် ကားလမ်းထွက်ပေါက်ရှိလွယ်ဆမ်ဆုမ် လွယ်ကျူဆိုင်းတောင်ကြောများသို့ ဝင်ရောက်နေရာယူခဲ့သည်။ ထိုတောင်ကုန်း များ သည် ကျိုင်းတုံမြို့အထွက် တာပင်းနှင့် ရင်ဆိုင်ကုန်းများဖြစ်ပေရာ တပ်မတော်မှလည်း တာပင်းတဝိုက်တွင် အင်အား ဖြည့် တင်း၍ ပြန်လည်အသင့်ပြင်ခဲ့သည်။
တကယ်တမ်းဆိုလျှင် UWSA တပ်များမိုင်းလားဒေသတွင်းဝင်ရောက် တပ်စွဲထားသည်မှာ ယခုမှ မဟုတ်ချေ ။ ၂၀၀၉ ခုနှစ် BGF ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဖိအားပေးခံရပြီး စစ်ရေးတင်းမာမှုများဖြစ်လာပြီးနောက် တပ်မဟာ ၃ ခုသာရှိပြီး အင် အား မလုံလောက်ဖွယ်ရှိသည့် မိုင်းလားဒေသသို့ ၂၀၁၀ ခုနှစ် နှစ်ဆန်းတွင် UWSA တပ်အင်အား ၅၀၀ ခန့်ဝင်ရောက် တပ် စွဲပြီး ဖြစ်သည်။
ထိုစဉ်က ဝင်ရောက်တပ်စွဲသည့် UWSA တပ်များသည် မိုင်းယောင်မြို့အရှေ့မြောက်ရှိ မိုင်းလားဒေသစိုးမိုးမှုအောက်ရှိ လွယ်ပန်နောင်းနှင့် ဆက်စပ်တောင်ကြောများတွင် တပ်စွဲနေရာယူထားခဲ့သည်မှာ ယနေ့ချိန်ထိ ဖြစ်သည်။ ကွာခြားသည် မှာ ယခင်အခါက မိုင်းလားဒေသတွင်း UWSA တပ်များတပ်စွဲသည်မှာ နှစ်ဖွဲ့သဘောတူညီချက်နှင့်ဖြစ်ပြီး ယခုအကြိမ်မှာ UWSA တပ်ဖွဲ့၏ ဆုံးဖြတ်ချက်သက်သက်နှင့် ဖြစ်သည်။
UWSA တပ်ဖွဲ့များတပ်စွဲသည့်ရည်ရွယ်ချက်မှာ နိုင်ငံရေးအရ NDAA မိုင်းလားအဖွဲ့နှင့် လက်ရှိအစိုးရ/ တပ်မတော်တို့ ပိုမိုနီး ကပ်သွားမည်ကို စိုးရိမ်၍ ဖြစ်နိုင်သည်ဟု ယူဆကြသည်။ စစ်ရေးအရဆိုလျှင် ၁၉၈၉ ခုနှစ်နောက်ပိုင်း နဝတအစိုးရ၏ ခွင့် ပြုချက်နှင့် မိုင်းဆတ်ခရိုင် အတွင်းရှိ ထိုင်းနယ်စပ်တလျှောက် (လွယ်လန်းဒေသ)တွင် ဝင်ရောက်နေရာယူပြီး ဝလူမျိုး များပါ ပြောင်းရွှေ့အခြေချ နေရာယူထားသည့် UWSA ၏၁၇၁ စစ်ဒေသနှင့် UWSA မြောက်ပိုင်းဒေသများ ဆက်စပ်ရေး အတွက် မိုင်းလားဒေသမှာ အချက်အချာနေရာတွင် ရှိနေ၍ဖြစ်သည်။
၂၀၁၆ အောက်တိုဘာလကုန်ပိုင်းတွင် တပ်မတော်မှ UWSA တပ်များ မိုင်းလားဒေသမှ ထွက်ခွာရန် သတိပေးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ကျိုင်းတုံမှ မိုင်းလားသို့အထွက် တာပင်းဂိတ်အားတပ်မတော်မှသွားလာခွင့် ပိတ်ထား လိုက်သည်။ အလားတူ မိုင်းယောင်းမှ မိုင်းလားဒေသထိန်းချုပ်မှုအောက်ရှိ မဲခေါင်ဒေသသို့ ဝင်ရောက်သည့် မိုင်းမဂိတ် အားပိတ်ဆို့ထားခဲ့သည်။
လက်ရှိတွင် မိုင်းလားဒေသမှ ကျိုင်းတုံသို့ သွားလာရန် မိုင်းယန်းဆီလူးဂိတ်တခုသာ ခွင့်ပြုထားပြီး မိုင်းလားဒေသခံများ သာစိစစ်ခွင့်ပြုသည်ဟု ဆိုသည်။ လက်ရှိတွင် UWSAတို့၏ တပ်ပြောင်းရွှေ့နေရာယူမှုများအကျိုးဆက်အနေနှင့် UWSA မြောက်ပိုင်းဒေသနှင့် မိုင်းဆတ်ခရိုင်တွင်းရှိ UWSA ၁၇၁ ဒေသတို့ အဆက်သွယ်ဖြတ်တောက်ခံထားရပြီး လက်ရှိအချိန် တွင် ထိုဒေသတွင် တပ်မတော်နှင့် UWSAတို့ အပြန်အလှန် တပ်များချထားပြီး စစ်ရေးအရ တင်းမာမှု ဖြစ်ပွားနေသည်ဟု သိရသည်။
ထိုပြဿနာနှင့် ပတ်သက်ပြီး မိုင်းလားဒေသခေါင်းဆောင်များနှင့် UWSA ခေါင်းဆောင်များသည် အကြိမ်အချို့ ညှိနှိုင်းဆွေး နွေးခဲ့ကြပြီး ပြဿနာကို ပြေလည်အောင် ညှိနှိုင်းဆွေးနွေးကြသည်ကို တွေ့ရသည်။ အကယ်၍ ထိုပြဿနာအား ငြိမ်းချမ်း စွာမဖြေရှင်းနိုင်ပါက ဒေသတွင်း ရှုပ်ထွေးမှု ဖြစ်လာမည်ကို သတိထား၍ ကိုင်တွယ်ဆောင်ရွက်နေပုံရသည်။
နောက်ပိုင်း ထွက်ပေါ်လာသောသတင်းများအရ မိုင်းလားဒေသတွင်း ဝင်ရောက်တပ်စွဲထားသော UWSA တပ်ဖွဲ့များမှ သံ ချပ်ကားယဉ် ၃ စီးစစ်ကားကြီး ၃ စီးကားငယ် ၂ စီးနှင့် အင်အား ၁၅၀ ခန့်သည် ၂၀၁၆ နိုဝင်ဘာ ၈ ရက်နေ့တွင်၎င်း စစ် ကားကြီး ၆ စီးကားငယ် ၂ စီး ဆိုင်ကယ်အစီး ၂၀ ခန့်နှင့် အင်အား ၂၀၀ ခန့်သည်၂၀၁၆ ဒီဇင်ဘာ၂ ရက်နေ့တွင် ၎င်း ဝ ဒေ သသို့ ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။ သို့သော် UWSA အင်အားအချို့သည် ကျိုင်းတုံမှ မိုင်းလားသို့ ဝင်ပေါက် ဖြစ်သည့် လွယ်ဆမ်ဆုမ် လွယ်ကျူဆိုင်းစခန်းများကို ထိန်းချုပ်ထားဆဲဖြစ်ပြီး၂၀၁၀ ခုနှစ် မှစ၍ မိုင်းယောက် အရှေ့မြောက် ဘက်တွင် တပ်စွဲထားသော UWSA စခန်းများကိုလည်း ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။
UWSA သည် လက်ရှိ စစ်အင်အားအတောင့်ဆုံးဖြစ်သည့်အပြင် သူ၏ ဒေသတွင်း၌ စစ်မှုထမ်းစနစ်နှင့် ပြည်သူ့စစ် ဖွဲ့စည်း ထားမှုကြောင့် စစ်အင်အား ထပ်မံဖြည့်တင်းရန် စစ်လေ့ကျင့်မှု ပြုလုပ်ပေးထားပြီးသော အရန်အင်အားရှိသည်။
၎င်း၏တပ်အားလက်နက်ငယ်မျိုးစုံတပ်ဆင်ပေးထားပြီး ဖြစ်သကဲ့သို့ အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထက် ပိုမိုသောအကူပစ် လက်နက်ကြီးများရှိသည်။ ယခင် အရှေ့မြောက် ဗကပမှ ခွဲထွက်စဉ်က ရှိပြီးဖြစ်သော ၆၀မမ/၈၂မမ မော်တာ ၅၇မမ/၇၅မမ နောက်ပွင့် ပွို င့် ၅ စက်ကြီး ( ပြောင်းတခု / ပြောင်း ၂ ခုတွဲ ) တို့အပြင် ယခုအခါ ၁၀၅မမနှင့်၁၂၂ မမဟော်ဝစ်ဇာများပါ တပ်ဆင်ထားရှိသည်ကို တွေ့ရသည်။
ထို့ပြင် HN-5 နှင့် HN-7 ဝေဟင်ပစ် ပုခုံးထမ်းဒုံးကျည်များတပ်ဆင်ထားနိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ထား ကြသည်။ ထိုပြင် ဝ ဒေသ၌ လက်နက်ငယ်စက်ရုံ ကျည်ဆန်စက်ရုံ၊ လက်ပစ်ဗုံးထုတ်လုပ်သည့် စက်ရုံများရှိသည်ဟု သတင်းများထွက်ပေါ်နေပေရာ လက်နက်ငယ်ကျည် သုံးစွဲနိုင်အားမှာ အခြားအဖွဲ့များထက် သာလွန်မည်ဟု သုံးသပ်ရ သည်။
ထို့ပြင် သံချပ်ကာကားများ ဖြည့်တင်းထားသည်ကို တွေ့ရသည်။ ၎င်းဒေသတွင်း စစ်အင်အားများ ပြောင်းရွှေ့ရာတွင် စစ် ကားကြီး/ငယ်များကို အသုံးပြုနိုင်သကဲ့သို့ ဝ ဒေသနှင့်မိုင်းလားဒေသအတွင်းရှိ စခန်းများအားလုံးနှင့် အစိုးရထိန်းချုပ် သည့်ဆက်စပ်ဒေသများသို့ ကားလမ်းများဖောက်လုပ်ထားပြီး ရာသီမရွေး လျင်မြန်စွာ သွားလာနိုင်သည်ကို တွေ့ရသည်။
လက်ရှိ UWSA တပ်ဖွဲ့များနှင့် တပ်မတော် အပြန်အလှန်ထိန်းချုပ်၍ ရင်ဆိုင်ထားသည့်ဒေသများမှာ ၁။ မိုင်းမောရှင်းတိဖန်း ချင်းရွှေဟော် ဟိုပန် ပန်လုံ၊၂။ တန့်ယန်းအရှေ့ဘက်သံလွင်အရှေ့ဘက်ကမ်း မန်မန်းဆိုင်ဒေသမော်ဖာဒေသ၊ ၃။ ကျိုင်းတုံ တာပင်းနှင့် လွယ်ကျူဆိုင်းလွယ်ကျူမော၊ မိုင်းယောင်းနှင့် လွယ်ပန်နောင်းဆက်စပ်တောင်ကြောများ၊ မိုင်းပေါက် ဆီလူးနှင့် မိုင်းယန်းဒေသ၊ ၄။ မိုင်းဆတ် မိုင်းတုံပုံပါကျင်ဒေသတို့ဖြစ်သည်။
မိုင်လားဒေသ သို့ UWSA တပ်များဝင်ရောက်လာပြီး ထိုဒေသသို့ တပ်မတော်မှလည်း တပ်အင်အားဖြည့်တင်းခြင်း သတိ ပေးခြင်းများပြုလုပ်ခဲ့သည်။ UWSA ကလည်း ၎င်းတို့ဘက်မှ စတင်တိုက်ခိုက်မည်မဟုတ်ကြောင်းနှင့် ၎င်းတိုအား တိုက် ခိုက်ခဲ့ပါက ပြန်လည်တုံ့ပြန်မည်ဟု ဆိုထားခဲ့သည်။ သို့ဖြစ်ရာ နှစ်ဖက်တပ်များ အမှားမခံဘဲ တဖက်နှင့်တဖက် စောင့်ကြည့် နေကြသည်ဟု ဆိုရမည်။
NDAA မိုင်းလားတပ်ဖွဲ့များမှာ နှိုင်းယှဉ်မှုအရ အစိုးရတပ်မတော်နှင့် ပြေလည်သော ဆက်ဆံရေးရှိသော်လည်း ၎င်းတို့အဖွဲ့ သည်လည်း NCA ထိုးရန် မလိုအပ်ဟု UWSA နှင့်အတူ ရပ်ခံထားသည်။ သို့သော် လက်ရှိအနေအထားတွင် NDAA တပ် များနှင့် တပ်မတော်တပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်ထားသော တင်းမာမှု မရှိပါ။
UWSA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့
သမ္မတဦးသိန်းစိန်ကာလက ပန်ဆန်းဒေသတွင် ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲများသည် UWSA နှင့် KIA တို့ ပူးတွဲ ကမ ကထပြုလုပ်၍ စီစဉ်ခြင်းဖြစ်ရာ UWSA နှင့် KIA တို့ကြား တစုံတရာရင်းနှီးသော ဆက်ဆံရေးရှိသည်ဟု ဆိုရမည်။
၂၀၁၅ ခုနှစ်အောက်တိုဘာ၁၅ ရက် နေ့NCA လက်မှတ်ရေးထိုးရာတွင် MNDAA/AA/TNLA အဖွဲ့ ၃ ဖွဲ့ ပါဝင်ငြင်းပယ် ခံရပြီးနောက် ထို ၃ ဖွဲ့နှင့် UWSA တို့ ပိုမိုနီးစပ်လာသည်ဟု ဆိုရမည်။ ထို ၃ ဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၏ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ NCCT တွင် တလျှောက်လုံးပါဝင်လာခဲ့ပြီး MNDAA နှင့် TNLA တို့မှာ UNFC အဖွဲ့ဝင်ဖြစ်ပြီး AA မှာ UNFC အဖွဲ့ဝင်အဖြစ် လျှောက်ထားဆဲကာလဖြစ်သည်။
သို့သော် ၂၀၁၅ အကုန် ၂၀၁၆ နှစ်ဆန်းတွင် TNLAနှင့် MNDAA တို့ သည် UNFC မှ နှုတ်ထွက်ခွင့်တင်ပြီးနောက် (UNFC ၏ အတည်ပြုချက်တော့မရှိသေး) MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့သည် UWSA နှင့် ပိုမိုပူးပေါင်းလာပြီး မြောက်ပိုင်း၏မဟာမိတ်တပ်ပေါင်းစုတခုသဖွယ် ဖြစ်ခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်းမိုင်းလား၌ MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ တရားဝင်တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရာတွင် UWSA က အရေးပါသော အခန်းမှ ရပ်တည်ခဲ့သည်။ ထို့ပြင် မြန်မာ့ပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထို ၃ ဖွဲ့ ပါဝင်ရေးကို ရပ်ခံခဲ့သည်။
လက်ရှိမြောက်ပိုင်းစစ်ပွဲဖြစ်ပွားချိန် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ပြီး UWSA အနေ နှင့် ထိုအခြေအနေကို စောင့်ကြည့်နေကြောင်း အားလုံးနိုင်ငံရေးနည်းနှင့် ဆွေးနွေးကြရန် တိုက်တွန်းပြီး UWSA မှ လိုအပ် သောအကူအညီပေးမည်ဟု ဆိုထားသည်။ သို့ဖြစ်ရာ မြောက်ပိုင်းစစ်ပွဲတွင် ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့ ၄ ဖွဲ့နှင့် ရင်း နှီးသောဆက်ဆံရေးရှိသည့် UWSA အား မြောက်ပိုင်းစစ်ပွဲနှင့် ပတ်သက်၍ အလေးထားထည့်သွင်းစဉ်းစားရန် လိုအပ်သည့် စစ်အင်အားတရပ်ဖြစ်သည်ဟု သုံးသပ်ရပါသည်။
ဆက်လက်ဖော်ပြပါမည်
(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)