“အမေရိကကို ပြန်လည် ကြီးကျယ် ခမ်းနားစေမည် (Make America Great Again) ” ဟု ဒေါ်နယ်ထရန့် ကြွေးကြော်ခြင်းသည် ၁၉၈၀ ခုနှစ်က ရော်နယ်ရေဂင်၏ မဲဆွယ်ပွဲကို ပြန်လည်ပဲ့တင်ထပ်ခြင်းသာ ဖြစ်သည်။ ထိုစဉ်က မဲဆန္ဒရှင်များသည် သမ္မတ ဂျင်မီကာတာ သက်တမ်း၏ မအောင်မြင်မှုများအပြီး ပြန်လည် ဆန်းသစ်လိုနေခဲ့ကြသည်။ မစ္စတာထရန့်ကလည်း သမိုင်းဝင်မည့် တသက်တွင် တခါသာကြုံရမည့် အပြောင်းအလဲကို ကတိပေးသောကြောင့် ယခုတကြိမ်တွင် သူတို့ ထရန့်ကို ရွေးချယ်ခဲ့ ကြသည်။
သို့သော် မတူညီသော အချက်တခု ရှိသည်။ ရွေးကောက်ပွဲ မတိုင်မီ တရက်တွင် ရေဂင်က အမေရိကသည် တောက်ပသော တောင်ပေါ်မြို့ကလေးတမြို့ဟု သရုပ်ဖော်သည်။ ကမ္ဘာကြီးကို ဘေးကင်းသောနေရာ ဖြစ်လာအောင် ပြုလုပ်ရန် အမေရိကန်က ဆောင်ရွက်မည့် အချက်အားလုံးကို စာရင်းပြုစုပြီး “အတွင်းဘက် မျက်နှာမမူဘဲ အပြင်ဘက် အခြားသူများသို့ မျက်နှာမူသော နိုင်ငံတခု”ကို စိတ်ကူးပုံဖော်သည်။ ထိုအချက်နှင့် ဆန့်ကျင်ဘက် မစ္စတာထရန့်ကမူ အမေရိက ပထမ ဖြစ်သည်။ ဝါရှင်တန်မှ ခေါင်းဆောင်များကို “အရူးများ”ဟု မှတ်ယူကာ သူ၏ နိုင်ငံနှင့် ပြည်သူများကို “မှားယွင်းသော ကမ္ဘာလုံး ဆိုင်ရာ ဝါဒ အတွက် မည်သို့မျှ လက်နက်မချနိုင်”ဟု သူက ပြောသည်။ ရေဂင်၏ အမေရိကမှာ အကောင်းမြင်ပြီး မစ္စတာထရန့်၏ အမေရိကမှာ ဒေါသတကြီး ဖြစ်နေသည်။
အမျိုးသားရေး ဝါဒသစ်မှ ကြိုဆိုပါသည်။ ယခုအချိန်သည် ဒုတိယကမ္ဘာစစ် အပြီး ပထမဆုံးအကြိမ် အဖြစ် အင်အားကြီးနှင့် အင်အားကြီး ထွားဆဲ နိုင်ငံများသည် အမျိုးမျိုးသော လူမျိုးကြီးဝါဒများ၏ သြဇာလွမ်းမိုးမှုကို တပြိုင်နက်တည်း ခံနေကြရပြီ ဖြစ်သည်။ ရုရှား၊ တရုတ်၊ တူရကီတို့ကဲ့သို့သော နိုင်ငံများမှ ခေါင်းဆောင်များသည် မစ္စတာထရန့်ကဲ့သို့ပင် နိုင်ငံခြားရေးရာများသည် ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့် အမျိုးသားရေးအကျိုးစီးပွားတို့ ယှဉ်ပြိုင်နေရသော တဘက်နိုင်လျှင် တဘက်ကရှုံးသော ကစားပွဲဖြစ်သည် ဟူသည့် အဆိုးမြင်ဝါဒကို ပွေ့ပိုက်ကြသည်။ ဤအချက်မှာ ကမ္ဘာကြီးကို ပိုမိုအန္တရာယ်များစေသော ကြီးမားသည့် အပြောင်းအလဲ ဖြစ်သည်။
ဝဲဝဲ၊ ယာယာ ငါ့နိုင်ငံ
အမျိုးသားရေးဝါဒ (Nationalism) မှာ လွန်စွာ တိမ်းဆောင်းလွယ်သော အယူအဆဖြစ်သောကြောင့် နိုင်ငံရေးသမားများက ထိုအယူအဆကို လိုသလို သုံးရလွယ်သည်ဟု မြင်ကြသည်။ ၎င်း၏ အကောင်းဆုံးမှာ တနိုင်လုံးကို ဘုံတန်ဖိုး တခုဖြင့် ညီညွတ်စေပြီး ပြည်သူတို့တဦးခြင်း မလုပ်ဆောင်နိုင်သော ကိစ္စများကို ပြီးမြောက်စေနိုင်ခြင်း ဖြစ်သည်။ ဤနိုင်ငံသား အမျိုးသားရေးဝါဒ (Civic nationalism) သည် ပြေငြိမ်းလိုသော သဘောရှိပြီး ရှေ့သို့ မှန်းမျှော်သည်။ အမေရိကန် ဗော်လန်တီယာများ၏ အမျိုးသားရေးဝါဒ သို့မဟုတ် ကနေဒါ၏ အားလုံးအကျုံးဝင် မျိုးချစ်ဝါဒ သို့မဟုတ် ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားကို လက်ခံကျင်းပစဉ် ဂျာမဏီ၏ မိမိဘောလုံးအသင်းအပေါ် ထောက်ခံမှုနှင့် တူသည်ဟု ဆိုရမည်။ နိုင်ငံသား အမျိုးသားရေး ဝါဒသည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း တို့ကဲ့သို့သော အကျွင်းမဲ့တန်ဖိုးများကို အစွဲပြုသည်။ ၎င်းသည် တဘက်နိုင်လျှင် တဘက်ရှုံးသော၊ ရန်လိုသော၊ အတိတ်ကို တမ်းတသော၊ ကိုယ့်နိုင်ငံကို အခြားနိုင်ငံ များထက် သာစေရန် ကိုယ့်လူမျိုး သို့မဟုတ် ကိုယ့်သမိုင်းကို အစွဲပြုသော လူမျိုးရေးအခြေခံ အမျိုးသားရေးဝါဒ (Ethnic nationalism) နှင့် ဆန့်ကျင်နေသည်။ အမှောင်မိုက်ဆုံးခေတ် ဖြစ်သော ၂၀ ရာစု၏ ပထမရာစုဝက် အတွင်းက လူမျိုးရေးအခြေခံ အမျိုးသားရေး ဝါဒသည် စစ်ဆီသို့ ဦးတည်စေခဲ့သည်။
မစ္စတာ ထရန့်၏ လူကြိုက်များမှုမှာ နိုင်ငံသား အမျိုးသားရေးဝါဒအပေါ် ထိုးနှက်ချက် တခုဖြစ်သည်။ ထရန့်၏ ရှေ့မှ စစ်ပြီးခေတ် သမ္မတများသည် အမေရိက၏ အကျွင်းမဲ့ တန်ဖိုးများကို ထောက်ခံကြပြီး ထိုတန်ဖိုးများကို ပြည်ပတွင်လည်း မြှင့်တင်ကြ သော်လည်း ၎င်းတို့၏ မျိုးချစ်ဝါဒကို မည်သူမျှ သံသယ မရှိနိုင်ကြပေ။ အများနှင့်မတူ ကွဲပြားသည်ဟူသော အယူအဆ exceptionalism က အမေရိကန် သမ္မတ တဦးဦးကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (International Criminal Court -ICC) နှင့် ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ သဘောတူညီချက် (UN Convention on the Law of the Sea – UNCLOS) တို့ကဲ့သို့သော သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်းမှ တားဆီးခဲ့စေကာမူ အမေရိကသည် စည်းမျဉ်း အခြေပြုစနစ်ကို ထောက်ခံခဲ့သည်။ ဇာတ်တူသား စားသော လောကကြီးကို တွန်းလှန်ရန် ကမ္ဘာလုံးဆိုင်ရာ မဏ္ဍိုင်အဖွဲ့အစည်းများ (Global institutions) ကို ထောက်ခံခြင်းဖြင့် အမေရိကန်ပြည်ထောင်စုသည် မိမိကိုယ်မိမိနှင့် ကမ္ဘာကြီးကို ပိုမိုလုံခြုံကြွယ်ဝစေခဲ့သည်။
လူမျိုးရေးအခြေခံ အမျိုးသားရေးဝါဒသည် နေရာတကာတွင် အင်အားကောင်းနေချိန် မစ္စတာထရန့်က ထိုသန္နိဋ္ဌာန်ကို အင်အားချည့်နဲ့ စေသည်။ ရုရှားတွင် ဗလာဒီမာပူတင်က လူမျိုးစုံ လစ်ဘရယ်တန်ဖိုးများ (cosmopolitan liberal values) ကိုရှောင်ရှားပြီး ရုရှားဆန်သော ဆလပ်ဗစ်အစဉ်အလာ (Russian mix of Slavic tradition) နှင့် ရှေးရိုးစဉ်လာ ခရစ်ယာန် အယူအဆ (Orthodox Christianity) ကို ဆုပ်ကိုင်သည်။ တူရကီတွင် တေရစ်အာဒိုဂန်က ဥရောပသမဂ္ဂနှင့် ကာ့ဒ်သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကျောခိုင်းပြီး ပြည်ပခြိမ်းခြောက်မှုနှင့် စော်ကားမှုများကို ဆတ်ဆတ်ထိ မခံသော တင်းကျပ်သည့် အစ္စလမ်အမျိုးသားရေး ဝါဒကို ဆုပ်ကိုင်သည်။ အိန္ဒိယတွင် မိုဒီက ပြင်ပဦးတည်ပြီး ခေတ်မီရေးကို မျက်နှာမူနေသေးသော်လည်း သူ့တွင် လူမျိုးကြီးဝါဒနှင့် သည်းမခံရေး အယူအဆရှိသော ဟိန္ဒူလူမျိုးစု အမျိုးသားရေး အုပ်စုများနှင့် အချိတ်အဆက် ရှိနေသည်။
တချိန်တည်းမှာပင် တရုတ်အမျိုးသားရေး ဝါဒမှာ လွန်စွာ ဒေါသအာဃာတကြီးနေသောကြောင့် ၎င်းကို ထိန်းချုပ်ရန် ပါတီက ကြိုးစားနေရသည်။ ထိုနိုင်ငံသည် လွတ်လပ်သော ဈေးကွက်အပေါ် မှီခိုသည်၊ ကမ္ဘာလုံးဆိုင်ရာ မဏ္ဍိုင် အဖွဲ့အစည်းများကို ကြိုဆိုသည်၊ အမေရိကနှင့် နီးစပ်လိုသည်၊ ဤအချက် အားလုံးမှန်ကန်ပါသည်။ သို့သော် ၁၉၉၀ ခုနှစ်များမှ စ၍ ကျောင်းနေ ကလေးများသည် ရာစုနှစ်တခုကြာ သိက္ခာမဲ့ သိမ်းပိုက်ခံရခြင်းကို ဖျောက်ဖျက်ရန် ရည်ရွယ်သော မျိုးချစ်ပညာရေး အားဆေးများ နေ့စဉ် သောက်နေရသည်။ ထို့အပြင် “တရုတ်”အဖြစ် သတ်မှတ်ခံရရေး အတွက် လက်တွေ့တွင် ဟန်လူမျိုးများနှင့် ဆက်စပ်မှုရှိရန် လိုအပ်နေသည်။ ဟန်လူမျိုး မဟုတ်သူ လူတိုင်းမှာ တရုတ်တွင် ဒုတိယတန်းစား နိုင်ငံသားများ ဖြစ်နေသည်။
လူမျိုးရေးအခြေခံ အမျိုးသားရေးဝါဒ အောင်မြင်နေစဉ်မှာပင် အမျိုးသားရေးဝါဒလွန်ခေတ် Post-nationalism နှင့် ပတ်သက်သော ကမ္ဘာ့အကြီးမားဆုံး စမ်းသပ်မှုမှာ နစ်မြုပ်နေသည်။ ဥရောပကို ဆိုးရွားသော ကမ္ဘာစစ်ကြီးနှစ်ခု အတွင်း ဆွဲချခဲ့သော အမျိုးသားရေး ဝါဒသည် ညှိုးနွမ်း သေဆုံးသွားလိမ့်မည်ဟု ယနေ့ ဥရောပ သမဂ္ဂ ဖြစ်လာမည့် အဖွဲ့အစည်း၏ ဗိသုကာကြီး များက ယုံကြည်ခဲ့ကြသည်။ ဥရောပသမဂ္ဂသည် အမျိုးသားရန်ဘက် ပြိုင်ဆိုင်မှုများကို ကက်သလစ်၊ အယ်ဆေးရှန်း၊ ပြင်သစ်၊ ဥရောပသား စသည့်အရာ အားလုံးတပြိုင်နက် ဖြစ်နိုင်သော ပေါင်းစည်းထားသည့် စရိုက် လက္ခဏာ များနှင့် ကျော်လွှားနိုင်မည်ဟု ထင်ခဲ့ကြသည်။
သို့သော် ဥရောပသမဂ္ဂ၏ အစိတ်အပိုင်းအများအပြားတွင် မည်သည့်အခါကမျှ ဤသို့ ဖြစ်မလာခဲ့ပေ။ ဗြိတိန်က ခွဲထွက်ရန် မဲပေးခဲ့ပြီး ပိုလန်နှင့် ဟန်ဂေရီကဲ့သို့သော ကွန်မြူနစ် နိုင်ငံဟောင်းများတွင် နိုင်ငံခြားသား မုန်းတီးရေး အစွန်းရောက် အမျိုးသားရေးဝါဒီများက အာဏာရရှိသွားကြသည်။ ပြင်သစ်တွင် သေးငယ်သော်လည်း ကြီးထွားနေသည့် ခွဲထွက်မည့် အန္တရာယ်ရှိနေကာ ဥရောပသမဂ္ဂ ပြိုကွဲနိုင်သည်။
အမေရိကသည် ပြည်တွင်းရေးကို ရှေ့တန်းတင်ခဲ့သော နောက်ဆုံးကာလမှာ ပထမကမ္ဘာစစ် အပြီးဖြစ်ပြီး အကျိုးဆက် များမှာ ဆိုးရွားလှသည်။ ယနေ့အချိန်တွင်လည်း မစ္စတာထရန့်၏ အမျိုးသားရေးဝါဒသစ်ကို စိုးရိမ်ထိတ်လန့်ရန်ထက် ပိုလွန်သော မည်သည့်အရာမျှ မရှိပေ။ ထိုအမျိုးသားရေးဝါဒသစ်သည် ပြည်တွင်းတွင် သည်းခံနိုင်မှု ကင်းမဲ့ခြင်းကို ထုတ်လုပ်ပေးပြီး လူမျိုးစုများ၏ ကောင်းမွန်သော အရည်အသွေးများနှင့် သစ္စာစောင့်သိမှုအပေါ် သံသယကို ကြီးထွားစေသည်။ ဂျူးဆန့်ကျင်ရေး စိတ်ဓာတ်များသည် အမေရိကန်နိုင်ငံရေးတွင် ဆယ်စုနှစ်များစွာ အတွင်း ပထမဆုံးအကြိမ် ကူးစက်လာသည် ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းမှာ မတော်တဆ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
ပြည်ပတွင်မူ အခြားသော နိုင်ငံများသည် အမေရိကန်ပြည်ထောင်စုထံမှ အချက်ပြမှုကို ယူကြသောကြောင့် ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာပြဿနာများမှာ ပိုမိုဖြေရှင်းရ ခက်ခဲလာနိုင်သည်။ ICC ၏ နှစ်ပတ်လည် ညီလာခံမှာ အာဖရိက ၃ နိုင်ငံ နုတ်ထွက်သွားခြင်း၏ အရိပ်မည်း လွှမ်းမိုးခံနေရသည်။ တောင်တရုတ် ပင်လယ်တွင် တရုတ်၏ ပိုင်နက်နယ်မြေရယူမှုသည် UNCLOS နှင့် ကိုက်ညီခြင်းမရှိပေ။ အကယ်၍ မစ္စတာထရန့်သည် သူ၏ ကုန်သွယ်ရေး ဝါဒပြောဆိုမှုများ၏ တစိတ်တပိုင်းမျှကိုပင် ဥပဒေပြုခဲ့ပါက သူသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO) ကို သင်းကွပ်မည့် အခြေအနေကို ဖြစ်စေနိုင်သည်။ အမေရိကန်၏ မဟာမိတ်များသည် ၎င်းတို့ ရရှိနေသော လုံခြုံရေးအတွက် ပေးဆပ်ရန် ပျက်ကွက်သည်ဟု သူ ယူဆလျှင် ထိုနိုင်ငံများနှင့် လမ်းခွဲမည်ဟု သူက ခြိမ်းခြောက်သည်။ ရလဒ်မှာ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းများကြောင့် အကာအကွယ် ရရှိနေသော နိုင်ငံများအတွက် ပိုမိုကြမ်းတမ်း ပိုမိုမတည်ငြိမ်သော ကမ္ဘာသာ ဖြစ်လာပေမည်။
အထီးကျန်နေထိုင်ရေး ဝါဒီများ ညီညွတ်ကြသည်
သူ၏ မူဝါဒများသည် အခြားနိုင်ငံများ၏ မနာလိုဝန်တိုသော အမျိုးသားရေးဝါဒကို ကြိုးဖြည်ပေးခြင်းဖြစ်ကြောင်း မစ္စတာထရန့် သဘောပေါက်သင့်သည်။ အဆက်အသွယ် ဖြတ်တောက်ခြင်းသည် အမေရိကန်ကို ကမ္ဘာနှင့် ပြတ်တောက် စေမည် မဟုတ်ဘဲ အမျိုးသားရေးဝါဒသစ်က ဆောင်ယူလာသော ပဋိပက္ခမီးလျှံများကြောင့် ပိုမို၍သာ အမေရိကကို ထိခိုက်စေမည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးမှာ အဆိပ်မိထားသောကြောင့် အမေရိကသည် ဆင်းရဲလာပြီး ၎င်း၏ ဒေါသကို ကြီးထွားစေကာ မစ္စတာထရန့်ကို ရန်လိုမှု လက်စားချေမှု သံသရာတွင် ပိတ်မိနေစေမည် ဖြစ်သည်။ ထရန့်အနေဖြင့် သူ၏ အမှောင်တိုက်အမြင်ကို စွန့်လွှတ်ရန် သိပ်နောက် မကျလှသေးပေ။ သူ၏ နိုင်ငံနှင့် ကမ္ဘာကြီးတခုလုံး အတွက် ယခင် သမ္မတများ၏ အသိဉာဏ်မြင့်မားသော မျိုးချစ်ဝါဒကို ထရန့်အနေဖြင့် အလျှင်အမြန် ရယူရန် လိုသည်။
(The Economist တွင်ဖော်ပြထားသည့် The new nationalism ဆောင်းပါးကို ဘာသာပြန်သည်။)