မြောက်ပိုင်းစစ်ပွဲနှင့် စစ်ရေးအခြေအနေသုံးသပ်ချက် (နိဂုံး)

မောင်မောင်စိုး
၂၀၁၄ ဇန်နဝါရီလက TNLA တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် / ဟိန်းထက် / ဧရာဝတီ

ကရင်ပြည်နယ်

ကရင်ပြည်နယ်တွင် ယခင်က အင်အားကြီးသည့် KNU ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှိခဲ့သော်လည်း ယခုအခါ အဆိုပါ KNU အဖွဲ့သည် အဖွဲ့များစွာကွဲနေသည်။ ပင်မ KNU/DKBA နှင့် KNU/KNLA(PC) အဖွဲ့ ၃ဖွဲ့သည် ယခု အခါ NCA လက်မှတ်ထိုးရာတွင် ပါဝင်ထားပြီး တပ်မတော်နှင့် အဆင်ပြေဆုံးအဖွဲ့များဖြစ်သည်ဟု ဆိုရမည်။ ထို့ပြင် စော ချစ်သူဦးစီးပြီး DKBA မှ ခွဲထွက်သောအဖွဲ့သည် နယ်ခြားစောင့်တပ်(BGF) အဖြစ် အစိုးရ၏ကွပ်ကဲမှုအောက်တွင် ရောက်ရှိနေပြီဖြစ်သည်။

လက်ရှိ ကရင်ပြည်နယ် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသောအဖွဲ့မှာ စောကျော်သက်နှင့် စောဆန်းအောင်တို့ဦးစီးသည့် DKBA မှ ခွဲထွက်သည့်အဖွဲ့ ဖြစ်သည်။ ပြီးခဲ့သော လပိုင်းက မဲသဝေါတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း လော လောဆယ်တွင် တိုက်ပွဲများ ငြိမ်သက်နေသည်။

စောဆန်းအောင်တို့ဦးစီးသည့် DKBA အဖွဲ့သည် အင်အား ၅၀၀ ခန့်သာရှိနိုင်သည်ဟု ခန့်မှန်းရပြီး လက်ရှိတွင် တပ်မတော် ၏ ဒေသခံတပ်များနှင့် စောချစ်သူ၏ BGF တပ်ဖွဲ့တို့ပူးပေါင်း၍ ထိန်းချုပ်ရင်ဆိုင်နိုင်ရန် ဆောင်ရွက်နေသည်ကို တွေ့ရ သည်။ ထို့ပြင် ကျန် KNU အဖွဲ့များ အပစ်ရပ်ထားစဉ်ကာလတွင် စောဆန်းအောင်တို့၏ လှုပ်ရှားနိုင်စွမ်းမှာ အကန့်အသတ် ရှိသည်ဟု သုံးသပ်ရသည်။

ပြီးခဲ့သော နိုဝင်ဘာလအတွင်းက KNU ပါတီကွန်ဂရက်ကျင်းပခဲ့သော်လည်း ခေါင်းဆောင်သစ် ရွေးချယ်မှု မပြုခဲ့ပါ။ နောက် ထပ် ၆ လခန့်ရွှေ့ဆိုင်းခဲ့သော်လည်း လာမည့်ကွန်ဂရက်တွင်လည်း ခေါင်းဆောင်သစ် ရွေးချယ်မည်ဟု ယတိပြတ် ပြောဆိုနိုင် ခြင်းမရှိပါ။ အကဲခတ်များက နောက်တကြိမ် ရွေးကောက်တင်မြှောက်ပါက လက်ရှိ ဥက္ကဌစောမူတူးစေးဖော ပြန်လည် အရွေး ခံရမည်မှာ မသေချာလှဟု ယူဆကြသည်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တပ်မတော်နှင့် အဆင်ပြေသူ စောမူတူးစေးဖော ပြန်လည်အရွေးမခံရဘဲ သဘောထား တင်းမာသူများတက်လာပါက တပ်မတော်နှင့် တင်းမာမှုများ ပြန်လည် ဖြစ်ပွားမည်ကို ပူပင်ကြသည်။

သို့သော် လက်ရှိ KNU အနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် DKBA နှင့် KNU/KNLA(PC)နဲ့ ပူးတွဲလုပ်ဆောင်၍ ကရင်ညီညွတ်ရေးကို ထိန်းသိမ်းနိုင်ရန် ကြိုးစားနေသည့် အချိန်အခါဖြစ်ပေရာ KNU အတွင်း နောက်ထပ်အကွဲအပြဲတခု မဖြစ် အောင် ဦးစားပေးစဉ်းစားဖွယ်ရှိသည်။ သို့ဖြစ်ရာ ကရင်ပြည်နယ်အတွင်း KNUနှင့် တပ်မတော်ကြား နောက်ထပ်လက် နက်ကိုင်ပဋိပက္ခဖြစ်ပွားရန် အလားအလာ နည်းသည်ဟု သုံးသပ်ရပါသည်။

ကယားပြည်နယ်

ကယားပြည်နယ်အတွင်းရှိ ကရင်ပြည်နယ်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)နှင့် ကယန်းပြည် သစ်ပါတီတို့မှာ ၂၀၀၉ နောက်ပိုင်း BGFနှင့် ပသစအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားပြီဖြစ်သည်။ လက်ရှိ ကယားပြည်နယ် အတွင်း NCA လက်မှတ်မထိုးသေးသည့်အဖွဲ့မှာ UNFC အဖွဲ့ဝင်ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တဖွဲ့သာဖြစ်သည်။ KNPP သည် စောစောပိုင်းကာလများတွင် ပြောက်ကျား လှုပ်ရှားမှုများသာရှိပြီး NCA လက်မှတ်မထိုး သေးသော်လည်း တပ်မတော်နှင့် လက်နက်ကိုင်ပဋိပက္ခကြီးကြီးမားမား မရှိခဲ့ပါ။ ယခုအချိန်တွင်လည်း စစ်ရေးအရ ကြီးမား သည့်လှုပ်ရှားမှု မရှိနိုင်ဟု ယူဆရပါသည်။

မွန်ပြည်နယ်

မွန်ပြည်နယ်တွင် NCA လက်မှတ်မထိုးသေးသည့် UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ NMSP ရှိသည်။ NCA လက်မှတ်မ ထိုးသေးသော်လည်း ပြီးခဲ့သောနှစ်ပိုင်းများအတွင်း တပ်မတော်နှင့် လက်နက်ကိုင် ပဋိပက္ခကြီးကြီးမားမားမရှိခဲ့ပေ။ ယခု လည်း ဖြစ်နိုင်ခြေ နည်းသည်ဟု ယူဆရပါသည်။

KNPPနှင့် NMSP တို့မှာ စစ်ရေးအရ မြောက်ပိုင်းအဖွဲ့များကဲ့သို့ စစ်အင်အားတောင့်တင်းခြင်းမရှိပေရာ လက်နက်ကိုင်ပဋိပ က္ခ ဖြစ်ပါကလည်း ကြီးမားသောတိုက်ပွဲများ ဖြစ်ပွားရန် အလားအလာနည်းသည်။

ချင်းပြည်နယ်

ချင်းပြည်နယ် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော CNF ခေါ် ချင်းအမျိုးသားတပ်ဦးမှာ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။ ၎င်းတပ်ဖွဲ့ဝင်အချို့ ချင်းပြည်နယ်တွင်ရှိသော်လည်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရန် အလားအလာမရှိပေ။

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်တွင် လောလောဆယ် ရခိုင်လက်နက်ကိုင်အဖွဲ့၂ ခုရှိသည်။ တခုမှာ ALP ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အခြေပြုသည်။ ALP သည် NCA လက်မှတ်ရေးထိုးပြီးဖြစ်ပြီး တပ်မတော်နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရန် အခြေအနေ မရှိပါ။

နောက်ထပ် ရခိုင်လက်နက်ကိုင်အဖွဲ့မှာ ULA/AA ဖြစ်သည်။ ULA/AA သည် လက်ရှိမြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ဖြစ် ပြီး အဓိကစုဖွဲ့လေ့ကျင့်မှုကို တရုတ်နယ်စပ်တွင် ပြုလုပ်ကြသော်လည်း ၂၀၁၅ ခုနှစ်အတွင်းမှစ၍ ၎င်း၏အင်အား အချို့ ရခိုင် ပြည်နယ်အတွင်းသို့ ပြန်လည်ထိုးဖောက်ဝင်ရောက်ပြီး တပ်မတော်စစ်ကြောင်းများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။ သို့သော် ယခုအချိန်တွင် တိုက်ပွဲဖြစ်ပွားသည့်သတင်းများ မတွေ့ရပေ။ ULA/AA အနေနှင့် ထိုဒေသတွင် မြောက်ပိုင်းတွင် ကဲ့သို့ ကြီးမားသည့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရန် အကန့်အသတ်များစွာရှိသည်ဟု သုံးသပ်ရပါသည်။

ရခိုင်ပြည်နယ်ရှိ လတ်တလော စစ်ရေးအကျပ်အတည်းတခုမှာ ဘူးသီးတောင် မောင်တောဒေသရှိ ဘင်္ဂါလီမွတ်စလင်နှင့်် ပတ်သက်သည့်ပြဿနာဖြစ်သည်။ ရခိုင်ပြည်နယ် ဘင်္ဂလီအရေးသည် နှစ်အချို့ လိပ်ခဲတင်းတင်းဖြစ်နေရာမှ ၂၀၁၆ အောက် တိုဘာ ၉ ရက်နေ့တွင် အပြောင်းအလဲတခု ဖြစ်ပေါ်ခဲ့သည်။ ဘင်္ဂါလီမွတ်စလင်များသည် အဆိုပါနေ့မှစ၍ နယ်ခြားစောင့်ရဲ စခန်းများကို တပြိုင်နက် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ ထို့ပြင် ထိုနေ့မှစ၍ ဆက်လက်၍ ရဲများအားလည်း ကောင်း တပ်မတော်စစ်ကြောင်းများအားလည်းကောင်း ဆက်လက် တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

ယခုအကြိမ် ထူးခြားချက်မှာ ဒေသခံရခိုင်များနှင့် ပဋိပက္ခဖြစ်ပွားသည့် ပုံစံမဟုတ်ဘဲ အစိုးရလက်နက်ကိုင်တပ်ဖွဲ့များအား ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်။ ထို့ပြင် တိုက်ခိုက်သည့်ပုံစံမှာလည်း လက်နက်ကိုင်တပ်ဖွဲ့ တခုထူထောင်ပြီး စစ်စခန်းများ ဖွင့်လှစ်၍ တိုက်ခိုက်ခြင်းမဟုတ်ဘဲ ဘင်္ဂါလီကျေးရွာများအား အခြေပြု တိုက်ခိုက်ခြင်းဖြစ်သည်။

ထို့ပြင် ယခုအချိန်ထိမည်သည့်အဖွဲ့အစည်း မည်သူက ခေါင်းဆောင်၍ တိုက်ခိုက်သည်ဆိုသည်ကို ရှင်းလင်းစွာသိရခြင်း မရှိပေ။ သို့ဖြစ်ရာ စစ်မျက်နှာဖွင့် ပြန်လည်တိုက်ခိုက်ရာတွင် ခက်ခဲမှုရှိသည်။ ဘင်္ဂါလီကျေးရွာများနှင့် စစ်ခင်းရသကဲ့သို့ ဖြစ်နေပေသည်။

တဖက်ကလည်း ဘင်္ဂါလီမွတ်စလင် တို့ က နိုင်ငံတကာစာမျက်နှာတွင် ရွာများဖျက်ဆီးမှု အစုလိုက်အပြုံလိုက် အသတ်ခံရမှု  မုဒိမ်းမှုစသည်တို့ဖြင့် ပြန်လည်စွပ်စွဲတိုက်ခိုက်ရာ ကုလသမဂ္ဂ နိုင်ငံတကာ လူ့အခွင့်အရေးမျက်နှာစာနှင့် အာဆီယံအတွင်း နိုင်ငံရေးအရ အကျပ်အတည်း တွေ့နေရသည်။

တဖက်ကလည်း စစ်ရေးအရ မဖြေရှင်း၍လည်း မရ။ သမရိုးကျ စစ်ဆင်မှုပုံစံနှင့်လည်း မရ၊ ခက်ခဲနေပေသည်။ ကြီးမား သည့် တိုက်ပွဲများ ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း တပ်အင်အားလုံလောက်ရန် လိုအပ်နေပေသည်။ ဘူးသီးတောင် မောင်းတောဒေသတွင် ဘင်္ဂါလီမွတ်စလင် လူဦးရေသည် ၉၀ရာခိုင်နှုန်း အထက်ဖြစ်ပေရာ ရဲနှင့်တပ်မတော်စစ်ကြောင်း များအနေနှင့်တည်ငြိမ်မှု ထိန်းသိမ်းနိုင်ရန် တပ်အင်အားအလုံလောက်ချထားရန် လိုအပ်နေပြီး တပ်အင်အား လျော့ကျ သည်နှင့် ဘင်္ဂါလီမွတ်စလင်တိ့ု၏လှုပ်ရှားမှု ပြန်လည်မြင့်မားလာဖွယ်ရှိသည်။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဒေသသည် တပ်မတော်အနေနှင့် စစ်အင်အားချ ထားရန် လိုအပ်သည့်ဒေသတခုဖြစ်၍ နေပေတော့သည်။

နာဂတောင်တန်း

နာဂတောင်တန်းတွင် အခြေပြုသည့် NSCN ( K ) နာဂအဖွဲ့သည် ဒေသဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးထား သော်လည်း NCA လက်မှတ်ထိုးထားခြင်းမရှိသည့်အဖွဲ့ဖြစ်သည့်အပြင် ၂၁ ရာစုပင်လုံညီလာခံပထမအကြိမ် အစည်းအဝေး သို့လည်း တက်ရောက်ခြင်းမရှိပေ။ သို့သော် နာဂအဖွဲ့၏ နိုင်ငံရေးရည်ရွယ်ချက်နှင့် အဓိက ပဋိပက္ခဖြစ်နေသည်မှာ မြန်မာ အစိုးရနှင့် မဟုတ်ဘဲ အိန္ဒိယအစိုးရဖြစ်ပေရာ မြန်မာပြည်နာဂတောင်တန်း၌ နာဂအဖွဲ့နှင့် တပ်မတော်တို့တိုက်ပွဲဖြစ်ရန် ဖြစ် နိုင်ခြေ မရှိသလောက် နည်းပါးပါသည်။

မြောက်ပိုင်းစစ်ပွဲနှင့် စစ်ရေးအလားအလာ

သို့ဖြစ်ရာ မြောက်ပိုင်းစစ်ပွဲနှင့်အတူ အပြင်းအထန် ကူးစက်နိုင်သည့် ဒေသများမှာ ရှမ်းအလယ်၊ ရှမ်းအရှေ့နှင့် ကချင်ပြည် နယ်တို့ ဖြစ်သည်ဆိုသည်ကို တွေ့ရပါသည်။ ရခိုင်ပြည်နယ်သည် ထူးခြားချက်အဖြစ် ထားရှိရမည့်ဒေသဖြစ်၍နေပေမည်။

လက်ရှိ တပ်မတော်စစ်အင်အားနှင့် လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူတို့၏ အားသာချက်အရ ဒေသတကွက်ချင်း ဖြစ်ပွားသည့်စစ်ပွဲများအား ရင်ဆိုင်ရန် အင်အားလုံလောက်သည်ဟု ဆိုနိုင်ပါသည်။ သို့သော် အင်အားလုံလောက်သည် ဆိုသော်လည်း တောတောင်ထူထပ်သော လမ်းပန်းဆက်သွယ်မှု ခက်ခဲသောဖွံ့ဖြိုးမှု ခက်ခဲသောဒေသများတွင် စိတ်ကြိုက် စစ်ဆင်ရန် ခက်ခဲပါသည်။

တိုင်းရင်းသားတပ်ဖွဲ့များအဖို့ ဒေသကျွမ်းကျင်မှုနှင့် ဒေသခံတိုင်းရင်းသားများအပေါ် အားကိုးအားထားပြုနိုင်မှုပေါ် မူတည် ၍ လှည့်ပတ်ရှောင်တိမ်းနိုင်သည့် အခွင့်အလမ်းအပေါ် အသုံးပြုနိုင်ခြေများသည်။ လက်ရှိမြောက်ပိုင်း မဟာမိတ်အဖွဲ့ အဖို့ ရင်ဆိုင်တိုက်ပွဲများကို အကန့်အသတ်နှင့်သာ ဆင်နွှဲဖွယ်ရှိပြီး လှည့်လည်ရှောင်တိမ်း၍ ပြောက်ကျားစစ်ဆင်ခြင်းကိုသာ အလေးထားလုပ်ဆောင်ဖွယ်ရှိသည်။

တပ်မတော်အနေနှင့် စစ်ပွဲအတွင်းစခန်းတခု မြို့ရွာတခု အားအင်အားသုံးအချိန်သုံး၍ ရယူသိမ်းပိုက်နိုင်သော်လည်း အဆို ပါတိုင်းရင်းသားတပ်ဖွဲ့များအား အမြစ်ပြတ်ချေမှုန်းနိုင်ရန် ဖြတ်လေးဖြတ်ကဲ့သို့ စစ်ဆင်ရေးများလုပ်ရန် လွယ်ကူမည် မ ဟုတ်ဟု သုံးသပ်ရပါသည်။ စစ်ပွဲသည် ကြာမြင့်သွားဖွယ်ရာသာ ရှိသည်ဟု ယူဆပါသည်။

ထို့ပြင် လက်နက်ကြီးပစ်ကူနှင့် စစ်အင်အားတစုံတရာရှိကာ ပြောက်ကျားစစ်ပုံစံထက် ပုံမှန်စစ်ပုံစံဘက်သို့ အလေးသာနေ သော UWSA ကဲ့သို့ တပ်ဖွဲ့မျိုးနှင့် မလွှဲမရှောင်သာ စစ်ပွဲဖြစ်ပွားပါက နှစ်ဖက် အသေအပျောက် မြင့်တက်နိုင်ပါသည်။ ထို့ ပြင် လက်ရှိတိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားနေသည့် စစ်ပွဲအား မြန်ဆန်စွာ ထိန်းချုပ်နိုင်ခြင်းမရှိပါက ပြင်ပနိုင် ငံများ၏ ပါဝင်စွက်ဖက်မှု ရှိလာပြီး စစ်ဖြစ်ပွားနေသော နှစ်ဖက်စလုံးအား အသီးသီး စစ်လက်နက်ထောက်ပံ့မှုများ ပေါ် ပေါက်လာပါက စစ်ဒဏ်နှင့် စစ်ကြောင့် ပိုမိုထိခိုက်ပျက်စီးနိုင်သည်ကို ထည့်သွင်းတွက်ချက်ကြရန် လိုပါသည်။

စစ်ရှိန်မြင့်လာပါက မုန်းကိုးမြို့ပျက်စီးသည်ကဲ့သို့ အခြားမြို့ရွာများလည်း ပျက်စီးလာနိုင်ပါသည်။ ထို့ပြင် စစ်မီးအားကန့် သတ်မထားနိုင်ခဲ့ပါကလည်း စစ်ဒဏ်သည် တိုင်းပြည်အား ပြင်းထန်စွာ သင့်စေပြီး နလံမထူသည့်နိုင်ငံ (Failed State) အဖြစ်သို့ လျှောကျနိုင်ပေသည်။

(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)

Loading