ပြီးခဲ့သည့် ရက်များအတွင်း ကွာလာလမ်ပူတွင် ရခိုင်ပြည်နယ်မှ မွတ်စလင်ရိုဟင်ဂျာများနှင့် သွေးစည်းညီညွတ်မှုကို ပြသရန် လူထုစုဝေးပွဲကို ဦးဆောင်စဉ် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်သည် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းထန်သော စကားများသုံးကာ ဝေဖန်ခဲ့သည်။
ဒေါသတကြီး အော်ဟစ်နေသော လူအုပ်ကြီးရှေ့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ကာ “တော်သင့်ပြီ၊ ရပ်သင့်ပြီ”ဟု ပြောဆိုသော သူ၏ဝေဖန်မှုများသည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့်သံတမန်ရေး အကွဲအပြဲဖြစ်မည့် အန္တ ရာယ်ရှိနေသည်။
ထိုလူထုစုဝေးပွဲတွင် နာဂျစ်မပါဝင်မီ အစိုးရနှစ်ရပ်တို့အကြား အပြင်းအထန်ပြောဆိုမှုများ ဖြစ်ခဲ့ကြပြီး မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ်က မလေးရှားအနေဖြင့် မြန်မာ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သတိပေးခဲ့သည်။
ထိုပြောဆိုမှုကို နာဂျစ်ကလည်း “သူတို့ (မြန်မာအစိုးရ) က ကျုပ်ကို မျက်စီပိတ်ထားစေချင်တာလား၊ ပါးစပ်ပိတ်ထားစေ ချင်တာလား”ဟု ထိုလူထုစည်းဝေးပွဲတွင် တုံ့ပြန်သည်။
“အာဆီယံ ပဋိညာဉ်မှာ အာဆီယမ်အဖွဲ့ဝင်နိုင်ငံတွေဟာ လူ့အခွင့်အရေးကို လေးစားရမယ်ဆိုတဲ့ပြဌာန်းချက်ရှိတယ်။ သူတို့ ကန်းနေကြတာလား။ ကိုယ်ထင်သလို လျှောက်ပြီး ဖွင့်ဆိုမနေနဲ့” ဟုလည်း သူက အော်ဟစ်ပြောကြားသည်။
ဝန်ကြီးချုပ်တဦးအနေဖြင့် သူပြောကြားခဲ့သော ဤစကားလုံးများသည် လက်ခံနိုင်ဖွယ်မရှိပေ။ ရှေ့ဆက်၍ သတိထားဖတ်ကြည့်စေချင်သည်။
အာရှခေါင်းဆောင်အများအပြားကဲ့သို့ပင် နာဂျစ်သည် လူ့အခွင့်အရေးတိုက်ပွဲ ဝင်နေသူမဟုတ်ပါ။ သူသည် အဂတိလိုက်စားမှုစွပ်စွဲခံနေရသော နိုင်ငံရေးသမားတဦးသာဖြစ်သည်။
မွတ်စလင်တဦးအနေဖြင့်မူ သူသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသော ရောင်းရင်းမွတ်စလင်များ၏ကံကြမ္မာဆိုးအတွက် စိုးရိမ်မကင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် သူ၏နိုင်ငံရေးအကြံအစည်နှင့် သူလုပ်သည်ဟုလည်း သံသယရှိသည်။ နာဂျစ်သည် နိုင်ငံတော်ရင်းနှီးမြှုုပ်နှံမှု ရန်ပုံငွေ 1MDB အပါအဝင် ဒေါ်လာသန်းတထောင်ခန့်ကို အလွဲသုံးစားပြုလုပ်ထားဖွယ်ရှိကြောင်း စုံစမ်းသိရှိမှုကို မီဒီယာများက ဖော်ပြခဲ့ပြီးနောက် သူသည် ပြည်တွင်း၌ နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
နာဂျစ်သည် လူထုထောက်ခံမှုရရန်နှင့် သူ၏အစိုးရကို နှစ်အတန်ကြာ ကျပ်တည်းနေစေသော အဂတိလိုက်စားမှု စွပ်စွဲချက်မှ အာရုံလွှဲရန် မည်သည့်အရာမဆို လုပ်မည့် အရှုပ်တော်ပုံ နိုင်ငံရေးသမားလော။
နာဂျစ် နှုတ်ထွက်ပေးရေး တောင်းဆိုသောကြီးမားသည့် လူထုစည်းဝေးပွဲကြီးတခုတွင် ဝန်ကြီးချုပ်ဟောင်း မဟာ သီယာမိုဟာမက် ဝင်ရောက်အားပေးခဲ့သည်။ နာဂျစ်သည် အာဏာမက်ပြီး မလေးရှားကို ဖျက်ဆီးနေကြောင်းပင် မဟာသီယာက ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့်မူ နာဂျစ်ကို သင့်တင့်လျောက်ပတ်သောပုံစံနှင့် တုံ့ပြန်ပြီး သူကဲ့သို့ စည်းမကျော်ရန် လိုသည်။ ထို့ကြောင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ရခိုင်မြောက်ပိုင်းအရေး ရှင်းလင်းတင်ပြရန် ဒေါ်အောင်ဆန်းစုကြည်က အရေးပေါ်ခေါ်ဆိုခဲ့ခြင်း ဖြစ်မည်။
ဒေါ်အောင်ဆန်းစုကြည်သည် အကန့်အသတ်ရှိသော သူမ၏နိုင်ငံရေးအာဏာဖြင့် ထိရှလွယ်သော ရခိုင်မြောက်ပိုင်းအရေးကို ကိုင်တွယ်ဖြေရှင်းရန် အာရုံစိုက်နေသည်။ သူမသည် သူတော်စင်မဟုတ်၊ နိုင်ငံရေးသမားဖြစ်သည်။ အမှားတွေလည်း လုပ်နိုင်သည်။
တောက်လောင်နေသော ပြဿနာများစွာမှာ သူ့ပုခုံးပေါ်ကျနေသည်။ သို့သော် လက်မှိုင်ချကာ ထိုင်ကြည့်နေသည်တော့ မဟုတ်ပေ။ ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေးသည် သူ၏ ဦးစားပေးကိစ္စဖြစ်သည်ဟုလည်း ပြောခဲ့သည်။
ရခိုင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ဖွံ့ဖြိုးရေး ဗဟိုကော်မတီကိုလည်း မေလက ဖွဲ့စည်းခဲ့သည်။ တဆက်တည်းမှာပင် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဦးဆောင်စေခဲ့သည်။ ပြင်ပမှ သူတဦးကို ထိုသို့ခန့်အပ်ခြင်းကြောင့် ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ်များနှင့် စစ်တပ်၏ အပြင်းအထန်ဆန့်ကျင်မှုကို ရင်ဆိုင်ရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရခိုင်အရေးကိုင်တွယ်ပုံကို ရခိုင်နိုင်ငံရေးသမားများက ဆက်လက်ဆန့်ကျင်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ပါးစပ်ဟလိုက်သည်နှင့် မည်သူထံက မည်သည့်ကိစ္စမျှ အောင်မြင်မည် မဟုတ်ကြောင်းသိ၍ ထိုကိစ္စအပေါ် ဆက်လက်နှုတ်ဆိတ်နေသည်။
အစိုးရသည် ရခိုင်ပြည်နယ်တွင် အခြေအနေကို ထိန်းချုပ်ခဲ့သည်ဟု လွန်ခဲ့သော အပတ် စင်္ကာပူသို့ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က Channel News Asia သို့ ပြောသည်။ အသိုင်းအဝန်းနှစ်ခုကြား ဆက်ဆံရေးမှာ မကောင်းလှကြောင်းနှင့် သူသည် တဘက်ဘက်မှပါမည် မဟုတ်ကြောင်း ပြောသည်။
နိုင်ငံခြားသားတဦး အိမ်ထောင်ကျခြင်းကို အကြောင်းပြပြီး၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအကြိုကာလက သူမကို နိုင်ငံတော်အကြီးအကဲအဖြစ်မှ တားမြစ်ရန် ကြိုးစားသော အမျိုးသားရေးနှင့် မွတ်စလင်ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှုများအကြား သူမကို ဆန့်ကျင်သူများက နှုတ်ဆိတ်နေသည်ဟု စွပ်စွဲခံရသည်။
သို့သော် ထိုလှုပ်ရှားမှုကို မည်သူ ငွေကြေးထောက်ပံ့ခဲ့ပါသနည်း။ ရန်ကုန်ရှိ အနောက်နိုင်ငံသံတမန်အချို့ကပင် ယခင်အစိုးရနှင့် မွတ်စလင်ဆန့်ကျင်ရေး ငွေကြေးတောင့်တင်းသော ဘုန်းတော်ကြီးများအကြား ဆက်စပ်ပြောဆိုရန် ငြင်းဆန်ကြသည်။
“ပိုမိုကြီးမားတဲ့ အမုန်းမီးတွေကိုပဲ အမြဲတောင်းဆိုနေမယ့်အစား” ရခိုင်ပြည်နယ်မှ အသိုင်းအဝန်းနှစ်ခုကြား တည်ငြိမ်ငြိမ်း ချမ်းစေရန် မြန်မာနိုင်ငံကို ကူညီပါဟု နိုင်ငံတကာအသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူတွင် တိုက်တွန်းခဲ့သည်။
သူ ထောက်ပြခဲ့သော ဤအချက်သည် မမှားပေ။ ထိုအသိုင်းအဝန်းနှစ်ခုအကြား ဆယ်စုနှစ်များစွာ ဖြစ်ပေါ်နေခဲ့သော ဆန့် ကျင်ကွဲလွဲမှု၊ ရှုပ်ထွေးမှုများကို ရှင်းလင်းတင်ပြသော မီဒီယာနှင့် ဆောင်းပါးရှင် လွန်စွာ နည်းပါးလှသည်။
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များအနက် တခုဖြစ်သော ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဟု မိမိကိုယ်ကိုယ်ခေါ်သည့် မွတ်စလင်များမှာ ပြင်းထန်သော လူသားချင်း စာနာမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။ အောက်တိုဘာလက လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုများတွင် တွေ့ရသည့် အစွန်းရောက်မှုမျိုး ကြီးထွားလာမည့် အန္တရာယ်ရှိနေသည်။
ဤဒေသ၏ ရှုပ်ထွေးလှသော သမိုင်းကြောင်းကို ရှင်းမပြဘဲ ဘင်ဂါလီဟုသာ အစိုးရနှင့် မြန်မာအများစုက သတ်မှတ်ထားသည့် မွတ်စလင်များ၏ ကံကြမ္မာကိုသာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အနောက်တိုင်းမီဒီယာများက အာရုံစိုက်နေခြင်းမှာ မှားယွင်းသည်ဟု ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာရခိုင်များနှင့် အခြား လူမျိုးစုများက ခံစားကြရသည်။
ဗုဒ္ဓဘာသာရခိုင်များမှာ အားအောက်တွင် ရောက်နေရသည်၊ သူတို့သည် ခုခံကာကွယ်နေရသော အခြေအနေရောက်နေသည်ဟု ခံစားကြရသည်။
လွတ်လပ်သော သတင်းသမားများ၊ အကူအညီပေးရေးအဖွဲများလည်း ပိတ်ပင်ထားခံရသည်။ တရားစီရင်မှုမဲ့ သတ်ဖြတ်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်း အပါအဝင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များကို ဖော်ထုတ် သက်သေပြနိုင်ခြင်း မရှိပေ။
ထိုစွပ်စွဲချက်များကို အလျင်အမြန် သက်သေပြရန် လိုသည်ဟု လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး Adama Dieng က လွန်ခဲ့သောအပတ်က ပြောကြားပြီး ထိုဒေသသို့ ဝင်ခွင့်ပေးရန် အစိုးရကို တိုက်တွန်းသည်။
“ဒီကိစ္စမှာ မြန်မာနိုင်ငံရဲ့၊ အစိုးရ သစ်ရဲ့၊ စစ်တပ်ရဲ့ဂုဏ်သတင်းတွေလည်း အန္တရာယ်ကျရောက်နေတယ်”ဟု သူက သူပြောသည်မှာ မှန်ပါ သည်။
ရိုဟင်ဂျာခေါ် ဘင်ဂါလီတို့၏ ကံကြမ္မာမှာ နိုင်ငံတကာ အာရုံစိုက်မှု ရရှိနေသည်။ တချိန်တည်းပင် ရခိုင်ဗုဒ္ဓဘာသာများက ပြည်ပသြဇာကို ဆန့်ကျင်ပြီး နိုင်ငံတကာ ပါဝင်ပတ်သက်မှုကို ကန့်ကွက်နေသည်။ အနောက်တိုင်းမီဒီယာနှင့် အကျိုးဆောင်အဖွဲ့အစည်းများသည် ၎င်းတို့၏နစ်နာမှုများကို လျစ်လျူရှုထားသည်ဟု ခံစားကြရသည်။
မြန်မာအစိုးရသည် ရှေ့နောက်ညီညွတ်သော သတင်းစကားများပေးရန် ဌာနများ၊ လုံခြုံရေးတပ်ဖွဲ့များအကြား ညှိနှိုင်းပေးရမည်ဖြစ်သည်။
နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ဆက်လက်ဝင်ရောက်နေကာ ရိုဟင်ဂျာဖြစ်သည်ဟုဆိုသော ရွှေ့ပြောင်နေထိုင်သူများ၏ စွပ်စွဲချက်များသည် အဂတိလိုက်စားမှုနှင့် လူကုန်ကူးဂိုဏ်းများ ရှိနေကြောင်း သက်သေပြနေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အင်အားကြီးမားလှသော စစ်ဘက်ခေါင်းဆောင်များအကြား ရှုပ်ထွေးလှသော ဆက်ဆံရေးကို ချိန်ညှိရန် လိုသည်။
ဗုဒ္ဓဘာသာ ရခိုင်အများစုက ရခိုင်မြောက်ပိုင်းမှ စစ်တပ်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ထောက်ခံကြသည်။ ဤ ပြ ဿနာကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသည် မည်မျှ အောင်မြင်နေသည်ကို မည်သူမျှ မသိကြ။ လက်ရှိအစိုးရခေတ်တွင်လည်း ဖြေရှင်း၍ရမည့်ပုံ မပေါ်ပေ။
အနည်းဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်သည် ပြဿနာကို ဖြေရှင်းရန် နိုင်ငံရေးအရ ပိုင်းဖြတ်မှုကိုတော့ ပြနိုင်ခဲ့သည်။ ယခင်အစိုးရများက ပြဿနာရှိကြောင်းပင် ဝန်မခံခဲ့ပေ။
ဒေသတွင်းတွင်ဖြစ်စေ၊ ကမ္ဘာလုံးဆိုင်ရာ အနေအထားတွင်ဖြစ်စေ ရိုဟင်ဂျာ ပြဿနာသည် နိုင်ငံရေးသမားများအတွက် လက်ဝှေ့ကျင့်သော သဲအိတ်မဖြစ်သင့်ပေ။ သူ၏နိုင်ငံရေးအရှုပ်ထုပ်မှ လမ်းလွှဲရန် သားကောင်ရှာနေပါက ဝန်ကြီးချုပ်နာဂျစ်အနေဖြင့် အခြားနေရာတွင် ရှာသင့်သည်။ မြန်မာနိုင်ငံတွင်တော့ တွေ့ရမည်မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Malaysia, Don’t Use Burma to Distract from Disquiet at Home ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)