“ကျနော်နဲ့ ကျနော့် ဦးလေးကို Tanah Abang (ဂျကာတာ မြို့လယ်ပိုင်းဒေသ) မှာ ခင်ဗျား ပထမဆုံး တခေါက်လာပြီး အင်တာဗျူး လုပ်တုန်းကနဲ့ အခြေအနေတွေက အများကြီး ကွာခြားသွားပြီ။ အဲဒီတုန်းက ပိုပြီးညစ်ပတ်တယ်၊ ကြမ်းတမ်းတယ်။ လမ်းပေါ်က လူဆိုးသူခိုးတွေက တချိန်လုံး ရှိနေကြတယ်။ သူတို့က အစားအသောက်တွေ ယူပြေးမယ်။ ပိုက်ဆံ တောင်းကြမယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ကျနော့် ဦးလေးက အနားယူပြီး Pemalang (ဂျားဗား အလယ်ပိုင်း ခရိုင်) ကို ပြန်သွားတော့ ဒီ လက်တွန်းလှည်း ဆိုင်လေးကို ကျနော် ဆက်လုပ်ဖို့ ထားခဲ့တယ်။ အခုအချိန်မှာတော့ သူတို့ (လမ်းပေါ်မှ လူဆိုးများ) တော်တော်လေးကို ပျောက်ကုန်ကြပြီ”
လာဝယ်သည့် ဖောက်သည်များကို ဈေးရောင်းပေးရင်း ပက် အူဒင် (Pak Udin) က ပြောပြသည်။ လာဝယ်သူ အများစုက ပါဆယ်ယူပြီး ပြန်ထွက်သွားကြသည်။
အရွယ်ရောက်ပြီးသည့် အချိန် အများစုတွင် ဂျကာတာမြို့၌ နေထိုင်ခဲ့သူ ဖြစ်သော်လည်း ပက် အူဒင် ပြောသည့် အင်ဒိုနီးရှား စကားက ဂျားဗားလူမျိုးတို့၏ လေသံ အပြည့်အဝ ရှိနေဆဲဖြစ်သည်။
“တချိန်တည်းမှာပဲ မြို့တော် အုပ်ချုပ်ရေးပိုင်းကလည်း ပိုပြီး ဖြောင့်ဖြောင့်မှန်မှန်နဲ့ စနစ်တကျ လုပ်လာတယ်။ အရာရာတိုင်းမှာ သန့်ရှင်းလာတာတင် မဟုတ်ဘူး။ ရဲတွေ၊ မီးသတ်တွေနဲ့ တခြား အစိုးရဌာနတွေလည်း တူတူပဲ။ သူတို့ ပိုပြီး တိုးတက်လာ ကြတယ်။ ပုံစံတွေမှာ လက်မှတ်ထိုးဖို့ ဒေသအာဏာပိုင်တွေကို ပိုက်ဆံပေးစရာ မလိုတော့ဘူး” ဟု သူက ဆက်ပြောသည်။
“အရင်တုန်းကဆိုရင် အားလုံးက ပိုက်ဆံအတွက်ပဲ။ ဒါပေမယ့် အခုတော့ ခင်ဗျားက အမှိုက်တွေ၊ ဒါမှ မဟုတ်ရင်လည်း တခြား အမြင်မတော်တာ တခုခုတွေ့ရင် ဓာတ်ပုံရိုက်ပြီး QLUE လို့ခေါ်တဲ့ အွန်လိုင်း အပလီကေးရှင်း တခုခုကနေ ပို့ပေးလိုက်၊ သူတို့ ချက်ချင်း တုန့်ပြန်လိမ့်မယ်။ တိုင်တဲ့သူရဲ့ နာမည်တွေ ဖုန်းနံပါတ်တွေကို ထုတ်မပြောဘူး”
သူပြောသည့်ထဲတွင် အမှန်တရား တချို့ ရှိပါသည်။ Tanah Abang ဒေသကို တချိန်က သိခဲ့ကြသည့် ရာဇဝတ်ဂိုဏ်းများ၊ ဥပဒေမဲ့မှုများက ရှင်းလင်းသွားပြီ ဖြစ်သည်။ လမ်းမများတွင် တရားမဝင် လမ်းဘေး ဈေးသည်များဖြင့် ပြည့်ကျပ်နေခြင်း မရှိတော့ နာမည်ကျော် အဝတ်အထည် လက်ကားဈေးကြီးကိုလည်း အရင်ကထက် အလွယ်တကူ သွားရောက်နိုင်လာသည်။
ယခုအချိန်တွင် အသက် ၃၄ နှစ် အရွယ်ရှိပြီဖြစ်သော ပက် အူဒင်က လူဦးရေ သိပ်သည်းမှု အလွန်များသော (၁ စတုရန်း ကီလိုမီတာတွင် လူ ၃၁၀ဝ၀ နှုန်း) သို့မဟုတ် စကားပြော တင်းမာသည့် (တချို့ကတော့ အပေါက်ဆိုးသည်ဟု ပြောကြ သည့်) အုပ်ချုပ်ရေးမှူး Basuki Tjahaja Purnama ခေါ် Ahok ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသော မွတ်စလင် အများစု နေထိုင်ရာ ဒေသတွင် တဖြည်းဖြည်း ပြောင်းလဲလာမှုကို မျက်မြင်တွေ့ခဲ့ရသူ ဖြစ်သည်။
ပက် အူဒင် နှင့် ဇနီးဖြစ်သူ အီဘူ ဆရီ ယာနီ (Ibu Sri Yani) တို့သည် ATM ကတ်တမျိုး ဖြစ်သည့် Kartu Jakarta Pintar (Jakarta Smart Card – KJP) ကို အလွန် သဘောကျနေကြသည်။ အဆိုပါကတ်က မိဘများ (အထူးသဖြင့် မိခင်များ) အတွက် ကလေးငယ်များ၏ အသုံးစရိတ်ကို အင်ဒိုနီးရှားငွေ ရူပီးယား ၁၅၀ဝ၀ဝ မှ ၃၅၀ဝ၀ဝ အထိ ၂ လ တကြိမ် ရန်ပုံငွေ ထောက်ပံ့ပေးပါသည်။ (ဂျကာတာမြို့မှ ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များက အထက်တန်းပညာ သို့မဟုတ် အသက်မွေး ဝမ်းကျောင်းပညာ သင်ကြား နိုင်ရေးအတွက် budget funds Jakarta မှ ကျခံပေးခြင်း ဖြစ်သည်။)
“ကလေးအတွက် ဘာပဲဝယ်ဝယ် ဒီကတ်ကို သုံးလို့ရတယ်။ လက်ခံဖြတ်ပိုင်းကို သိမ်းထားပြီး ဆရာ၊ ဆရာမတွေကို ပြန် ပေးရတယ်။”
အကျင့်ပျက် ခြစားမှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် နိုင်ငံတခုတွင် လူငယ် မိခင်များမှာ အသက်မွေး ဝမ်းကျောင်းမှု အတွက် စိုးရိမ်နေခဲ့ရသည်။
ဘာသာတရားကို စော်ကားသည့် စကားများ ပြောသူအဖြစ် စွပ်စွဲခြင်းခံနေရသည့် အုပ်ချုပ်ရေးမှူး Ahok အတွက် သူတို့၏ စိတ်အားထက်သန်မှုကို ယခုအချိန်အထိ ကျနော် အနည်းငယ် အံ့အားသင့်နေဆဲ ဖြစ်ပါသည်။
မွတ်စလင်များ အနေဖြင့် သူတို့က တရုတ်လူမျိုး ခရစ်ယန်ဘာသာဝင် အုပ်ချုပ်ရေးမှူးကို ဖယ်ရှားလိုခြင်း ရှိ၊ မရှိ ကျနော် မေးကြည့်မိပါသည်။ (Ahok ဆိုသည်မှာ သူ၏ တရုတ်နာမည် ဖြစ်ပါသည်။ သူက ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး ရှိသည့် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း မွတ်စလင် မဟုတ်သော ပထမဆုံး အုပ်ချုပ်ရေးမှူး ဖြစ်သည်။ လက်ရှိ သမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) ၏ နေရာကို ဆက်ခံပြီး ဂျကာတာ အုပ်ချုပ်ရေးမှူး ဖြစ်လာသူလည်း ဖြစ်သည်။ )
“ကျနော်တို့က အုပ်ချုပ်ရေး ခေါင်းဆောင် အကြောင်း ပြောနေတာပါ။ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ဒါက အုပ်ချုပ်ရေးမှူး တယောက် ရွေးချယ်တာပါ။ ဘာသာရေး ဆရာတယောက် ရွေးချယ်တာ မဟုတ်ပါဘူး။ ကျနော်တို့က ကိုယ်စားလှယ် ၃ ယောက်တည်းမှာမှ တယောက်ချင်းစီက စွမ်းဆောင်နိုင်မှုနဲ့ သူတို့ရဲ့ အစီအစဉ်တွေကို ဘယ်လို ကောင်းအောင် ဆောင်ရွက်မှာလဲ ဆိုတာကိုပဲ အကဲဖြတ်ရမှာပါ” ဟု ပက် အူဒင်က ရှင်းပြသည်။
“Ahok က ကောင်းကောင်း လုပ်ခဲ့တယ်။ သူ့လက်အောက်က လူတွေကလည်း အလိုအလျောက် ကောင်းလာကြတယ်။ Ahok နဲ့ ပတ်သက်လို့ သူ့ရဲ့ ဆောင်ရွက်မှုတွေကို ကျနော်တို့ မြင်ပြီးပါပြီ၊ ရလဒ်တွေကို တွေ့ပြီးပါပြီ”။
သူ၏ မပြောင်းလဲသော ရပ်တည်ချက်ကို အံ့သြရင်း ကျနော် ထပ်မေးမိပါသည်။ “သူက ဘာသာတရားကို စော်ကားတဲ့ သူလို့ မထင်ဘူးလား။”
နောက်တကြိမ် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရာတွင် ပြိုင်ဘက် မွတ်စလင် ကိုယ်စားလှယ်ဟောင်း ၂ ဦးက ဘာသာရေးကို အသုံးပြု၍ စည်းရုံးခဲ့သည်ကို Ahok က ပြန်လည် ဝေဖန်တိုက်ခိုက်ရင်း အစ္စလမ် ဘာသာကို စော်ကား ပြောဆိုသည်ဟု စွပ်စွဲခံခဲ့ရသည်။
“အဲဒီ ဗီဒီယိုကို ကျနော်ကြည့်ရပါတယ်။ ကျနော်တော့ ဒီလို မထင်ပါဘူး။ လူတိုင်းက Ahok ကို မဖမ်းချင်ကြပါဘူး။ (ယခုအခါ Ahok ကို တရားရုံးတွင် စစ်ဆေးနေသည်။ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်ခြင်း ခံရနိုင်ပါသည်။ တရားရုံးတွင် အစစ်ခံနေရသော်လည်း ဖမ်းဆီး ထိန်းသိမ်း ခံရခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူး တာဝန် ကို ဆက်လက် ထမ်းဆောင်နေဆဲ ဖြစ်သည်။)
နိုဝင်ဘာလ ၄ ရက်နေ့က ဆန္ဒပြပွဲမှာ Tanah Abang က ကျနော့် အိမ်နီးချင်း တော်တော်များများပါကြတယ်။ သူတို့က စိုးရိမ်တာ သက်သက်ပါ။ အဲဒီ ဆန္ဒပြပွဲမှာ အများစုက ညနေ ၃ နာရီလောက် ရောက်တော့ ပြန်ကုန်ကြတာပဲ”။
“ဘာကြောင့်လဲဆိုတော့ ကျနော် ဒီမှာ ရှိနေတာကြာပြီ။ ကျနော် အများကြီး ကြားခဲ့မြင်ခဲ့ရတယ်။ ကျနော့် ဆိုင်လေး တဝိုက်မှာတင်ပဲ လူအမျိုးမျိုး ရှိတယ်။ Ahok ကို သဘောကျတဲ့ သူတွေ ရှိတယ်။ သူ့ကို မကြိုက်ဘဲ (ပြိုင်ဘက်များ ဖြစ်သည့်) Agus Yudhoyono နဲ့ Anies Baswedan ကို ထောက်ခံတဲ့ သူတွေလည်း ရှိတယ်။ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတုန်းက ဆိုရင် ဒီနေရာက Prabowo (လက်ရှိသမ္မတ Joko Widodo ၏ပြိုင်ဘက်) ကို အကြီးအကျယ် ထောက်ခံခဲ့တဲ့ နေရာ ဖြစ်ပါတယ်”။
အင်ဒိုနီးရှားနိုင်ငံ လူဦးရေ၏ ၃၆ ဒသမ ၂ ရာခိုင်နှုန်း ရှိသော ဂျာဗားလူမျိုးများက လူဦးရေ ၁၀ သန်းရှိသည့် ဂျကာတာ မြို့တော်တွင်လည်း အကြီးဆုံးတိုင်းရင်းသား လူမျိုးစု ဖြစ်သည်။ တချိန်က အင်အားကြီးမားခဲ့သော ဒေသခံ Betawi အသိုင်းအဝိုင်းထက် အရေအတွက် ကျော်လွန်နေပါသည်။
Ahok ၏ ဆောင်ရွက်ခဲ့မှု မှတ်တမ်းများနှင့် ဘာသာရေး စော်ကားသည်ဟု စွပ်စွဲခံရသည့် အမှုတို့က မကြာမီ ပြုလုပ်တော့မည့် ဂျကာတာ ရွေးကောက်ပွဲများတွင် အဓိကကျသည့် အချက် ဖြစ်လာနိုင်သည်ဟု သူတို့က မြင်သည်။
သိုသိုသိပ်သိပ် နေတတ်သလို တခါတရံ ခန့်မှန်းရ ခက်ခဲလေ့ရှိသည့် ဂျာဗားလူမျိုးများက Ahok ကို ချက်ချင်း ဖမ်းဆီးထိန်း သိမ်းရန် တောင်းဆိုနေသူများနှင့် အမြင်တူလိမ့်မည်ဟု သေချာပေါက် ယူဆပါက ဉာဏ်နည်းရာကျလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ဆန္ဒပြပွဲတွင် ဂျကာတာ မြို့ခံများ ပါဝင်ခဲ့ကြသော်လည်း ကျနော်တို့ သိထားရန် အရေးကြီးသည်မှာ ဂျကာတာ မြို့က တရောင်တသွေးတည်း ရှိမနေခြင်း ဖြစ်ပါသည်။ Ahok ကို အရေးယူရန် တောင်းဆိုနေကြသည့် Islamic Defenders Front – FPI) နှင့် National Movement to Safeguard the Indonesian Ulema Council’s Fatwa (GNPF-MUI) တို့ကို ထောက်ခံသူများ ယူဆထားသည်ထက် ပို၍ စုံလင်ကွဲပြားသည့် နေရာတခု ဖြစ်ပါသည်။ အဆိုပါ အဖွဲ့ များကို ထောက်ခံသူ အများစုမှာ ဂျကာတာမြို့တွင် အမှန်တကယ် နေထိုင်သူများ မဟုတ်ကြပါ။
ကျနော်တို့ လမ်းခွဲခါနီးတွင် ပက် အူဒင် ပြောခဲ့သည့် အတိုင်းပင် ဖြစ်ပါသည်။
“ဒီနိုင်ငံက ကိုးကွယ်ရာ ဘာသာတခုတည်း ရှိတဲ့ နိုင်ငံ မဟုတ်ပါဘူး။ ကိုးကွယ်ရာ ဘာသာတွေ အများကြီး ရှိတဲ့ နိုင်ငံတခု ပါ” ဟု သူက ပြောပါသည်။
(ကရင်မ် ရတ်စ်လာမ် (Karim Raslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦး ဖြစ်သည်။)