ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံမှာ “ပြည်သူသာ အဓိက” ဖြစ်ပါတယ်။ အုပ်ချုပ်တဲ့ အစိုးရကို ပြည်သူက ထိန်းကျောင်းခွင့် ရှိသလို ပြည်သူတွေရဲ့ အသံကို အစိုးရက နားထောင်ပေးရပါတယ်။ ဒါပေမယ့် အရေးတကာ့ အရေးအကြီးဆုံး အချက်က ပြည်သူတွေကိုယ်တိုင် “အပြောင်းအလဲ” ကို လိုလားပြီး လိုက်ပါ ပြောင်းလဲမှသာ အဲဒီနိုင်ငံ တိုးတက်ပြောင်းလဲလာမှာပါ။
“ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ စကားနဲ့အတူ ပြည်သူက တခဲနက်ရွေးချယ်ခဲ့တဲ့ အစိုးရတက်လာတာ ၈ လ ကျော်တဲ့ လာတဲ့အခါ “ဘယ်မှာပြောင်းလဲလို့လဲ”၊ “အရင်အတိုင်းပါပဲ”၊ “အစစအရာရာ ကျပ်တည်းလာတာပဲ ပြောင်းလာတယ်” ဆိုတဲ့ အားမလိုအားမရ အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုဆိုရင် စဉ်းစားရမှာက အစိုးရက မပြောင်းလဲတာလား၊ ပြည်သူက မပြောင်းလဲတာလား ဆိုတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိအစိုးရဟာ နိုင်ငံရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းနေရပါတယ်။ ဦးဆောင်မှု အပြောင်းအလဲကို မနှစ်သက်တဲ့ ဝန်ထမ်းတွေ၊ လိုက်ပါလိုခြင်း မရှိတဲ့ ဝန်ထမ်းတွေ ရှိနေတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဟန့်အတားတွေ ရှိနေတာကြောင့် ခရီးတွင်သင့်သလောက် မထွင်သေးပါဘူး။
တဖန် ကျမတို့ ပြည်သူတွေ ဘက်ကလည်း တဦးတယောက်ချင်း အနေနဲ့ မကောင်းတဲ့ “အမူအကျင့်” နဲ့ “စိတ်ဓာတ်” တွေကို ပြင်ဆင်မှသာ ပြောင်းလဲခြင်းဆီ ဦးတည်နိုင်မှာ ဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်နိုင်မှာပါ။
တခြားနိုင်ငံတွေက လမ်းတွေ သန့်ရှင်းလိုက်တာ၊ အမှိုက်တစတောင် မတွေ့ရဘူးလို့ အားကျစိတ်နဲ့ ပြောနေပြီး လက်ရှိမှာတော့ အမှိုက်ကို စနစ်တကျမပစ်သေးရင် ပြည်သူတယောက် လိုက်နာရမယ့် “ကျင့်ဝတ်” ပျက်ကွက် နေတာပါပဲ။ အမှိုက်တွေ ပစ်ချနေကြဆဲ ဖြစ်သလို လမ်းထိပ်တိုင်းမှာ အမှိုက်ပုံးတွေ ချထားတာတောင်မှ အမှိုက်ကို လမ်းပေါ်ပစ်ချနေတုန်း၊ နောက်ဖေးလမ်းကြားထဲ ပစ်ချနေဆဲပါပဲ။ လူတိုင်းသာ အမှိုက်ကို စနစ်တကျ စွန့်ပစ်ခဲ့ရင် သဘာဝအတိုင်း ကြွေကျလာတဲ့ သစ်ရွက်ခြောက် ကလွဲလို့ ကောက်စရာအမှိုက် ရှိမှာ မဟုတ်ပါဘူး။
လမ်းသွားရင်း စီးကရက်သောက်တာ၊ ရထားပေါ်မှာ စီးကရက်သောက်တာ၊ ဘတ်စကားပေါ်မှာ စီးကရက်သောက်ဟာ လူယဉ်ကျေးတို့ရဲ့ အမူအကျင့် မဟုတ်ပါ။ တချို့ဆို လက်ဖက်ရည်ဆိုင်မှာ ကမ္ဘာ့အရေး၊ နိုင်ငံ့အရေးတွေ အားရပါးရ အာပေါင်အာရင်းသန်သန်နဲ့ ဆွေးနွေး၊ စီးကရက်ကို တလိပ်ပြီး တလိပ်ဖွာ၊ ပြာတွေ ခြွေချ၊ ဆေးလိပ်တိုကို ကြုံရာနေရာမှာ မီးတောင်မငြှိမ်းဘဲ လွှင့်ပစ်သူတွေ၊ တချို့ဆိုရင် ရေမြောင်းထဲကို ပစ်ချကြသူတွေ ဒီလို လူတွေကို ကျမ၊ မကြာခဏ တွေ့ဖူးပါတယ်။
သူတို့ သောက်လိုက်တဲ့ စီးကရက်မီးခိုးငွေ့တွေက တခြားသူကို ဒုက္ခပေးပါလားလို့ မစဉ်းစား၊ အားလည်း မနာကြပါဘူး၊ အဲဒီလို ပြုမူတဲ့ထဲမှာ သာမန်ပြည်သူတွေ သာမက အသိပညာ ဗဟုသုတ အားကောင်းပါတယ် ဆိုတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေတောင် ပါပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ဆေးလိပ်မီးခိုးနံ့ မခံနိုင်တော့လို့ ဝိုင်းပြောင်းထိုင်ရ တာလည်း ကြုံရဖူးပါတယ်။ ဆေးလိပ်နဲ့ စီးကရက် သောက်သုံးရာမှာလည်း ပြည်သူတွေ ဘက်ကလည်း အသိရှိရှိ ပါဝင်ဖို့ လိုပါတယ်။
ကွမ်းတံတွေးကိစ္စ
နောက်ထပ် စိတ်ပျက်စရာကောင်းတာက ကွမ်းတံတွေး ကိစ္စပါ။ စပယ်ယာတွေက လမ်းပေါ်ကို ကွမ်းတပျစ်ပျစ် ထွေးချ၊ ခရီးသည်တွေကလည်း ကွမ်းတပျစ်ပျစ် ထွေးချပါတယ်။ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ကွမ်းစား၊ ကွမ်းတံတွေးကို ကြွပ်ကြွပ်အိတ်ထဲ မထွေးဘဲ ကြမ်းပြင်ပေါ် (ဒါမှမဟုတ်) သမံသလင်းပေါ် စည်းကမ်းမရှိ ထွေးချပြီးမှ “အစိုးရက ကွမ်းဆိုင်တွေ ပိတ်ပစ်ရင် သိမယ်” လို့ ပြောသူတွေလည်း တွေ့ဖူးပါ တယ်။ ကွမ်းစားတာဟာ အပြစ် မဟုတ်ပေမယ့် ကွမ်းတံတွေးကို စည်းကမ်းမဲ့ ထွေးရင် အပြစ်ဖြစ်လာပါပြီ။ ကွမ်းတံထွေး ကိစ္စမှာ ပြည်သူအများလည်း စည်းကမ်းရှိရှိ ပါဝင်ဖို့ လိုပါပြီ။
လမ်းဘေးခွေး ကရုဏာရှင်များ
ကိုယ့်ကိုယ့်ကိုယ် ကရုဏာရှင်လို့ ခံယူချင်သူ တချို့ကျတော့ အများပြည်သူ သွားလာနေတဲ့ ပလက်ဖောင်းနဲ့ လမ်းပေါ် တက်ပြီး ခွေးလေခွေးလွင့်တွေကို အစာကျွေးပါတယ်။ သူတို့ ကျွေးတယ် ဆိုတဲ့ အစာတွေ ကလည်း စာကြွင်းစာကျန်တွေသာ ဖြစ်ပြီး အများပြည်သူ လမ်းဘေးမှာ၊ ပလက်ဖောင်းပေါ်မှာ ပုံပြီး စည်းမရှိ ကမ်းမရှိ ကျွေးကြတာပါ။
အဲဒီ ခွေးလေခွေးလွင့်တွေက လမ်းသွားလမ်းလာကို ကိုက်ရင်တော့ တာဝန်ယူသူ တယောက်မှ မရှိတော့တာ အံ့သြစရာပါပဲ။ နောက်ပြီး ရေကျော်လမ်းမဘေး တလျှောက် လူစည်ကားရာ နေရာမှာ စည်းကမ်းမဲ့ ကရုဏာရှင်တွေ ကျွေးမွေးထားတဲ့ ခွေးလေခွေးလွင့် အုပ်စု အများအပြား တွေ့ရပါတယ်။ တချို့ ခွေးကရုဏာရှင်တွေကျတော့ စည်ပင်သာယာက ခွေးလေခွေးလွင့် နှိမ်နင်းရေး ဝန်ထမ်းတွေလာတဲ့ အချိန်မှာ ခွေးတွေကို ဝှက်ပေးထားပြီး ဝန်ထမ်းတွေ ပြန်သွားမှ ဝှက်ထားတဲ့ ခွေးကို လမ်းပေါ်ကို ပြန်ပို့ကြတဲ့ သူတွေလည်း အများအပြား တွေ့ဖူးပါတယ်။ ဒီလို အမူအကျင့်တွေကြောင့်ပဲ ခွေးလေခွေးလွင့်တွေ တိုးပွားပြီး မြို့ပြကို အကျည်းတန်စေတာကို တွေးမိကြပုံ မရပါဘူး။
တာဝန်ယူမှု မရှိတဲ့ လေအေးပေးစက် တပ်ဆင်သူများ
ရန်ကုန်က တိုက်ခန်း တော်တော်များများမှာ လေအေးပေးစက်တွေ တပ်ဆင်ထားကြပါတယ်။ အပူဒဏ်မခံနိုင်လို့၊ အေးချင်လို့ လေအေးပေးစက် တပ်ထားပေမယ့် မိမိ လေအေးပေးစက်ကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်အောင် ဂရုစိုက်ရမှာပါ။ သိန်းချီ အကုန်အကျခံပြီး တပ်ဆင်ထားပြီးမှ ရေထုတ်တဲ့ ပိုက်ပျော့ရှည် သုံးရမှာ နှမြောနေတဲ့ သူတွေကြောင့် အနီးဝန်းကျင်က တခြားသူတွေကို စိတ်အနှောင့် အယှက် ဖြစ်စေတာမျိုး တွေ့နေရပါတယ်။
အထပ်မြင့်မှာ တပ်ထားတဲ့ လေအေးပေးစက်ကနေ တပေါက်ပေါက် ကျနေတဲ့ ရေတွေက လမ်းသွား လမ်းလာတွေကို အနှောင့်အယှက် ဖြစ်စေတာမျိုး၊ တချို့တိုက်ခန်းတွေရဲ့ ဆန်းရှိတ်ပေါ် အပေးထပ်မှာ တပ်ဆင်ထားတဲ့ လေအေးပေးစက်က ကျနေတဲ့ ရေတပေါက်ပေါက် ကျနေသံက ဝန်းကျင်ကို ဆူညံမှု ဖြစ်စေမျိုးတွေ တွေ့နေရပါတယ်။ ရေကျသံက ညည့်နက် တိတ်ဆိတ်တာနဲ့အမျှ ကျယ်လောင်လာပြီး ပတ်ဝန်းကျင်က လူတွေကို အိပ်ရေးပျက်စေတဲ့ အထိ ဖြစ်စေပါတယ်။ ဒါကြောင့် လေအေးပေးစက်ရဲ့ ရေထုတ်ပိုက်ပျော့ကို မြေကြီးအထိ တပ်ဆင်ဖို့ လိုပါတယ်။
“ငါ့ဘာသာ လေအေးပေးစက် တပ်ထားတာ ဘယ်သူ့ ဂရုစိုက်ရမှာလဲ” လို့ တွေးတဲ့သူ ဆိုရင်တော့ လူနေမှု အဆင့်မြင့် သလောက် အထက်ကို မြင့်မလာတဲ့ စိတ်ဓာတ်ပိုင်ရှင် ဖြစ်နေပါပြီ။
မယဉ်ကျေးတဲ့ ငရုတ်ဆုံများ၊ ဒီဗီဒီ ဆောင်းဘောက်များ
တိုက်ခန်းတွေမှာ ငရုတ်သီးထောင်းကြရင် အဝတ်အခုအခံ မပါဘဲ ထောင်းတာနဲ့ ကြုံရဖူးမှာပါ။ ထောင်းနေတဲ့ အခန်းရဲ့အပေါ်မှာ နေသူရော၊ အောက်ထပ်မှာ နေသူတွေပါ နားဒုက္ခရောက်ရပါတော့တယ်။ ကိုယ့် အသိစိတ်ဓာတ်နဲ့ ကိုယ် အဝတ်ခံထောင်းတာ (ဒါမှမဟုတ်) ကြိတ်စက်အသေး သုံးလိုက်ရင် လူ့ကျင့်လူ့ဝတ်ကို လိုက်နာပြီးသား ဖြစ်မှာပါ။
နောက်ပြီး ကိုယ့်အခန်းကိုယ် ဖွင့်တာပဲ ဆိုပြီး ရုပ်မြင်သံကြားတွေ၊ ဒီဗီဒီ ဆောင်းဘောက်တွေ ကျယ်ကျယ် လောင်လောင် ဖွင့်တာဟာ လူ့ကျင့်ဝတ်ကို ချိုးဖောက်နေတာပါပဲ။ အဲဒီလိုပဲ စီးပွားရေးလုပ်တာ အကြောင်း ပြ၊ အရောင်းမြှင့်တင်ရေး ဆိုပြီး ဆောင်းဘောက်စ်တွေကို အများနားမခံသာအောင် ဖွင့်တဲ့ ဈေးဝယ် စင်တာတွေ၊ ဖုန်းဆိုင်တွေ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေ အနေနဲ့ စိတ်ဓာတ်တွေ ပြင်ဆင်သင့်ပါပြီ။
ညံ့ဖျင်းစိတ်ဓာတ်တမျိုး
ကားရပ်နားရမယ့် နေရာမှာ ဈေးရောင်းကြတာ၊ ကိုယ်က အများပြည်သူသွားလာတဲ့ ပလက်ဖောင်းမှာ ဈေးရောင်းနေသူတွေက လမ်းသွား လမ်းလာတွေကို ပမာပခန့် ပြုမူဆက်ဆံတာဟာ အလွန်ဆိုးရွားတဲ့ စိတ်ဓာတ်ပါ။ ဈေးရောင်းတာကို သမ္မာအာဇီဝလို့ ဆိုပေမယ့် ကိုယ့်ကြောင့် တခြားသူ ထိခိုက်ရင် ကောင်းမွန်တဲ့ လုပ်ရပ်လို့ ပြောမရပါဘူး။
အစိုးရ အငှားချ အိမ်ရာတွေမှာ နေထိုင်ပြီး အခန်းတွေကို တရားမဝင် ငှားစားတာ၊ ရောင်းစားတာတွေဟာ သိမ်ဖျင်းလွန်းတဲ့ စိတ်ဓာတ်ကို ဖော်ညွှန်းနေပါတယ်။ မြေညီထပ်တွေမှာ အဆောင်တွေချဲ့တာကို “သူများတွေ လုပ်လို့ ကိုယ်လည်းလုပ်တာပဲ” လို့ သဘောထားနေရင် ညံ့ဖျင်းတဲ့ စိတ်ဓာတ်ကို မွေးမြူနေ တာပါပဲ။
မိလ္လာနံ့ရှူနေတဲ့ သူဌေးတွေ
ကျမတို့ ၄၁ လမ်းမှာ နေထိုင်ခဲ့စဉ်တုန်းက ကျမတို့ နေတဲ့ တိုက်ရဲ့ ဘေးကတိုက်မှာ မိလ္လာပိုက်ပေါက် နေပါတယ်။ အနံ့အသက် ဆိုးတွေ ရသလို ရေကျသံတွေကြောင့် ကောင်းကောင်း အိပ်မရပါဘူး။ ဒါကြောင့် ပေါက်နေတဲ့ မိလ္လာပိုက်ကို ပြင်ပေးပါလို့ အခန်းပိုင် အမျိုးသမီးဆီ ကောင်းကောင်းမွန်မွန် မေတ္တာရပ်ခံခဲ့ ပါတယ်။ အဲဒီ အခန်းပိုင်ရှင် အမျိုးသမီးက ပြန်ပြောတဲ့ စကားကြားတော့ အံ့သြလွန်းလို့ ဘာပြောရမှန်း တောင် မသိတော့ပါဘူး။ ဆိုဖာတွေ အိနေအောင် နေရာချထား ဧည့်ခန်းထဲက ဆွဲကြိုး အကြီးကြီးဆွဲထားတဲ့ တိုက်ခန်းပိုင်နဲ့ နေတဲ့ သူတယောက်က ‘မိလ္လာပိုက်ပြင်ရင် သောင်းချီကုန်မှာ ဖြစ်တဲ့အကြောင်း၊ သူတို့ အခန်းက အလွန်ဆုံးထည့်နိုင်ရင် ၅၀ဝ၀၊ ၆၀ဝ၀ ကျပ်ပဲ ရှိကြောင်း၊ တခြားအခန်းတွေနဲ့ တိုင်ပင်ဦးမယ်’ ဆိုတဲ့ အကြောင်း ပြောပါတယ်။ ဒါပေမယ့် ကျမတို့သာ ပြောင်းသွားတယ် သူတို့တိုက်က မိလ္လာပိုက် မပြင်ပါဘူး။
အမှန်တကယ် ပြောင်းလဲဖို့ လိုလားတယ် ဆိုရင်
ကိုယ်နေထိုင်တဲ့ နိုင်ငံဖွံ့ဖြိုး တိုက်တက်ဖို့ ကျမတို့အနေနဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်ထားရှိပြီး မကောင်းတဲ့ အမူအကျင့်တွေ အားလုံးကို ပြင်ဆင်ဖို့ လိုပါတယ်။ ဘယ်နိုင်ငံက ဘယ်လို တိုးတက်တာဆိုပြီး အတုယူဖို့ မကြိုးစား၊ မစားရဝခမန်း ပြောရင်း ကိုယ်တိုင်က စည်းကမ်း မရှိ၊ စိတ်ဓာတ် မပြင်ချင်၊ ကိုယ့်လွတ်လပ်ခွင့်ဟာ တခြားသူကို အနှောင့်အယှက် မဖြစ်သင့်ပါလား လို့တောင် မတွေးနိုင်၊ အမူအကျင့်ဆိုးတွေ မပြင်နိုင်ရင် တော့ နိုင်ငံသူ နိုင်ငံသားကောင်းတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။
အမှန်တကယ် အပြောင်းအလဲ အတွက် အစိုးရက ဦးဆောင် တာဝန်ယူရမှာ ဖြစ်သလို ပြည်သူက အစိုးရရဲ့ ဦးဆောင်မှုနောက်ကနေ ပြည်သူတွေကလည်း ပြည်သူရဲ့ တာဝန်ကို ယူမှသာ အပြောင်းအလဲဆီ ဦးတည် လျှောက်လှမ်းနိုင်မှာဖြစ်ပါကြောင်း သုံးသပ် ရေးသားလိုက်ရပါတယ်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် စာရေးဆရာမဖြစ်သည်)