ဒေါ်အောင်ဆန်းစုကြည်
လက်ရှိ မြန်မာပြည်နိုင်ငံရေးတွင် မည်သူ တဦးတယောက်က ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ဖယ်ထား၍ မရသည်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သူမ၏ အရည်အချင်းကြောင့် ဖြစ်စေ၊ သူမ၏ ခေါင်းဆောင်နိုင်စွမ်း ကြောင့် ဖြစ်စေ၊ သူမ၏ စည်းရုံးနိုင်စွမ်းကြောင့် ဖြစ်စေ၊ သူမအား လူထု၏ ထောက်ခံမှုကြောင့် ဖြစ်စေ၊ သူမအား နိုင်ငံတကာ၏ အသိမှတ်ပြု ထောက်ခံမှုများကြောင့် ဖြစ်စေ၊ သူမအား ဝိုင်းရံထားသည့် လူထုအားကြောင့် ဖြစ်စေမြန်မာပြည်နိုင်ငံရေးတွင် သူမသည် ရှေ့တန်းရောက်သည့် အခန်းက ပါဝင်လျက်ရှိသည်။
ထို့ကြောင့်လည်း မြန်မာစစ်ဘက် ခေါင်းဆောင်များသည်ပင်လျှင် တချိန်လုံး အမျိုးမျိုး ဖိနှိပ်ထားသော သူမအား ၂၀၀၈ အခြေခံဥပဒေ အခင်းအကျင်း ပြင်ဆင်ပြီး နောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် အသိအမှတ်ပြု လက်ကမ်းကြိုခဲ့ရသည်။ မြန်မာစစ်ဘက် ခေါင်းများသည် ထုံးစံအတိုင်း အစောပိုင်းတွင် သူမ ပါတီအား အရပ်ဘက် လူ့အဖွဲ့အစည်း အဖြစ် ပြောင်းလဲရန် ဖိအားပေးခဲ့သော်လည်း နောက်ဆုံးတွင် သမတဟောင်းဦးသိန်းစိန်သည် သူမအား ဖိတ်ခေါ် တွေ့ဆုံခဲ့ရ ပြီးနောက် ညှိနှိုင်းမှု ပြုလုပ်ကာ မြန်မာ့နိုင်ငံရေးတွင် သူမအား တရားဝင် အသိမှတ်ပြု ခဲ့ရသည်။
သို့ဖြစ်ရာ မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှု တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့တန်း အရောက်ဆုံး ခေါင်းဆောင် အဖြစ် ရပ်တည်လျက် ရှိနေပေသည်။ အထူးသဖြင့် မြန်မာပြည် ပြည်မ လူထုအကြား သူမနှင့် ယှဉ်နိုင် သည့် အခြားပါတီမှ လူပုဂ္ဂိုလ်များ ပေါ်ထွက် မလာနိုင်ဘဲ သူမ၏ ခေါင်းဆောင်မှု ပြိုင်ဘက် မရှိဖြစ်နေသည်ဟု ဆိုရပါမည်။ ပြည်မ၌ အတိုက်အခံ နိုင်ငံရေး ပါတီများစွာ ပေါ်ပေါက်လာသော်လည်း NLD နှင့် အင်အားချင်း သြဇာချင်း ယှဉ်နိုင်သည့် နိုင်ငံရေးပါတီ ပေါ်ပေါက်နိုင်ခြင်း မရှိခဲ့ပေ။
ဒီမိုကရေစီရေးနှင့် အမျိုးသားရေး
သို့ရာတွင် မြန်မာပြည် နိုင်ငံရေး ပြသနာသည် ဒီမိုကရေစီရေး ပြဿနာ သက်သက် မဟုတ်ပေ။ တန်းတူရေး အမျိုးသားရေး ပြဿနာလည်း ယှဉ်တွဲနေသည်က မြန်မာပြည်၏ ထူးခြားချက်ဟု ဆိုရမည်။ သို့ဖြစ်ရာ တိုင်းရင်းသား လူမျိုးများကြား တန်းတူရေး အမျိုးသားရေးကို ကိုယ်စားပြုသည့် တိုင်းရင်းပါတီများ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တိုင်းရင်းသား ခေါင်းဆောင်များသည် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများ၏ ထောက်ခံမှု အဖြစ် ထွက်ပေါ်လာပေသည်။
တိုင်းရင်းသား လူမျိုးများနှင့် ပြည်မ ဒီမိုကရက်တစ် အတိုက်အခံများ လက်ရှိကာလတွင် မတူသည့် အဓိကအချက်မှာ ပြည်မ ဒီမိုကရေစီရေး အတွက် ရပ်ခံကြသည့် စစ်အစိုးရအား ဆန့်ကျင်သည့် အင်အားစုများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ ABSDF မှ အပ မရှိဟု ဆိုနိုင်သည်။ ယခင် အခါက ရှိခဲ့သည့် လက်နက်ကိုင်အဖွဲ့များမှာလည်း ရပ်တည်နိုင်ခြင်း မရှိတော့ပေ။ သို့သော် တိုင်းရင်းသား အင်အားစု အတော်များများမှာ လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေကြပေသည်။ တိုင်းရင်းသားများ အနေနှင့် သူတို့၏ နိုင်ငံရေး ရည်မှန်းချက် အတွက် လက်နက်စွဲကိုင် တိုက်ခိုက်နိုင်ခဲ့ကြ သကဲ့သို့ ယနေ့တိုင်လည်း ရပ်တည်နိုင်စွမ်းရှိကြသည်မှာ လက်ရှိ မြန်မာပြည် တိုင်းရင်းသားပြဿနာ၏ ထူးခြားချက် ဖြစ်ပေသည်။ ABSDF သည်ပင် တိုင်းရင်းသား လက်နက်ကိုင်များနှင့်အတူ ရပ်တည်၍ ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် တန်းတူရေး အမျိုးသားရေး လှုပ်ရှားမှုတွင် တရားဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပါ ပါဝင်နေပြီး သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးအလိုက် သြဇာ
ရှိသော အင်အားရှိသော တိုင်းရင်းသားပါတီများ အဖွဲ့အစည်းများ ခေါင်းဆောင်များ ပေါ်ထွက်လာခဲ့ပေသည်။
ထို့ကြောင့် မြန်မာပြည်နိုင်ငံရေး လှုပ်ရှားမှုသမိုင်းတွင် ဒီမိုကရေစီရေး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အတွက် တိုက်ပွဲဝင်ကြသည့် အင်အားစုများ ခေါင်းဆောင်များသည် ဒီကရေစီရေး လှုပ်ရှားမှုနှင့် အတူ ပေါ်ထွက်လာ
သကဲ့သို့ အမျိုးသားရေး တန်းတူရေး အတွက် တိုက်ပွဲဝင်သည့် အင်အားစုများ ခေါင်းဆောာင်များသည်လည်း အမျိုးသားရေး တန်းတူရေး လှုပ်ရှားမှုနှင့် အတူ ပေါ်ထွက်၍ လာခဲ့သည်။ ဤအခြေအနေကို အသိအမှတ်ပြုရန် လိုအပ်ပေသည်။
ရေစီးကြောင်း နှစ်ခု၏ ပဋိပက္ခ
သို့ရာတွင် မြန်မာပြည်၏ နိုင်ငံရေးတွင် ရေစီးကြောင်း ၂ ခုဖြစ်သည့် ဒီမိုကရေစီရေးနှင့် အမျိုးသား တန်းတူရေး ဟူသော ရေစီးကြောင်းနှစ်ခုသည် ကံအကြောင်း မလှစွာပင် ပေါင်းဆုံခြင်း မပြုနိုင်ခဲ့။ ထိုအင်အားနှစ်ခု ပေါင်း၍ အားကောင်းမောင်းသန် ဖြစ်မလာခဲ့ပေ။ ထို့ပြင် ထိုအင်အားစု နှစ်ခု၏ လှုပ်ရှားမှုများသည်ပင် ဟန်ချက် မညီနိုင်ခဲ့ပေ။ ထိုလှုပ်ရှားမှု နှစ်ခုတွင် တခုကမြင့် တက်လျှင် တခုက ငြိမ်သက်နေတတ်သည်။ ဤသို့ ဖြစ်ခြင်းသည် အုပ်စိုးသူတို့ ထိုအင်အားများ စုစည်းနိုင်ခြင်း မရှိစေရန် အုပ်စိုးသူတို့က စနစ်တကျ ခွဲထုတ်ခြင်းသည် အကြောင်းချက်တခု ဖြစ်သကဲ့သို့ ထိုအင်အားစု နှစ်ခုက တခုနှင့် တခု ပေါင်းစည်းနိုင်ရန် အားမထုတ်နိုင်ကြခြင်းသည်လည်း အကြောင်းအချက် တခုဖြစ်သည်။
စစ်အာဏာရှင်စနစ်ကို အသက်သွင်းလိုသူ အုပ်စိုးသူတို့က စနစ်တကျ ခွဲထုတ်နိုင်ရန် ကြိုးစားခြင်းသည် သူတို့ အလုပ်သူတို့ လုပ်ခြင်း ဖြစ်သည်။ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေး အင်အားစုများမှလည်း ပေါင်းစည်းရေး အတွက် ကိုယ့်အလုပ်ကိုယ် လုပ်ကြရန် လိုအပ်ပေမည်။ သို့သော် တိုင်းရင်းသား အင်အားစု အချင်းချင်း သွေးစည်း ညီညွတ်ရေးသည် လည်းကောင်း၊ ဒီမိုကရေစီအင်အားစု အချင်းချင်း သွေးစည်းညီညွတ်ရေးသည် လည်းကောင်း၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများကြား သွေးစည်းညီညွတ်ရေးသည် လည်းကောင်း သဘောတရား အရ ငြင်းပယ်ရန် မရှိကြသော်လည်း လက်တွေ့အကောင် အထည်ဖော်ရန် လွယ်ကူလှသည် မဟုတ်ပေ။
ဤသို့ မလွယ်ကူဘဲ ကွာဟနေသည်မှာ မတူသော အခြေအနေ မတူသောအမြင် မတူသောအယူအဆနှင့် မတူညီသော အကျိုးစီးပွားပြသနာများကြောင့် ဟုဆိုနိုင်သည်။ ဤဆောင်းပါးတွင် ဒီမိုကရေစီ အင်အားစုများနှင့်
တိုင်းရင်းသား အင်အားစုများကြားရှိ ကွာဟမှုများကို အလေးထားသုံးသပ်မည် ဖြစ်ပါသည်။
တိုင်းရင်းသားနိုင်ငံရေးပါတီ
၁၉၆၂ ခုနှစ်ထိ တိုင်းရင်းသား နိုင်ငံရေးပါတီ အများအပြား ရှိခဲ့သော်လည်း ဗိုလ်နေဝင်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဒီမိုကရေစီချုပ်ငြိမ်းမှုနှင့် အတူ တိုင်းရင်းသားပါတီများလည်း ပျောက်ကွယ်ခဲ့သည်။ ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲနှင့် အတူ တိုင်းရင်းသားပါတီများ ပြန်လည် ပေါ်ထွက်လာခဲ့သော်လည်း ၂၀၁၀ ခုနှစ် အထိ ဖိနှိပ်မှု အမျိုးမျိုးနှင့် ခေါင်းဆောင်ပိုင်း အဖမ်းဆီးခံရမှုတို့ကြောင့် တိုင်းရင်းသားပါတီများ နလံမထူနိုင်ခဲ့ပေ။
သို့သော် ပြည်မမှ NLD ပါတီနည်းတူ တိုင်းရင်းသား ပါတီများလည်း ကြံ့ကြံ့ခံ၍ ရပ်တည်နိုင်ခဲ့သည်။ NLD ပါတီ အနေနှင့် တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးတပ်ပေါင်းစု တရပ် ဖွဲ့စည်းခဲ့ခြင်း မရှိသော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) အစိုးရ၏ ပစ်ပယ်ခြင်း ခံရသော ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ် အတွက် ရွေးကောက်ပွဲတွင် အလားတူ အနိုင်ရခဲ့သည့် တိုင်းရင်းသားပါတီများနှင့် တွဲ၍ CRPP ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီတရပ် ဖွဲ့၍ မဟာမိတ်ပြုမှု ရှိခဲ့သည်။ ၎င်းကော်မတီသည် ၁၉၉၀ ရွေးကောက်ပွဲမှ အမတ်များ အား ကိုယ်စားပြု ဖွဲ့ထားခြင်း ဖြစ်ပြီး တိုင်းရင်းသားပါတီ ၄ ပါတီပါ ပါဝင်ခဲ့သည်။ CRPP သည် နိုင်ငံရေး ရည်ရွယ်ချက် တခုအတွက် စုစည်းခဲ့ခြင်း ဖြစ်သော်လည်း ရေရှည် နိုင်ငံရေး ရည်မှန်းချက်အတွက် မဟာမိတ် တပ်ပေါင်းစု တခုအဖြစ် ပေါ်ထွက်လာခဲ့ခြင်း မရှိပေ။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီအသစ် တချို့ ပေါ်ပေါက်လာသကဲ့သို့ အဟောင်းအချို့မှာလည်း ရွေးကောက်ပွဲ မဝင်ခဲ့ကြပေ။ ထို့ပြင် ပထမဆုံး ရွေးကောက်ပွဲတွင် အကြောင်းကြောင်းဖြင့် ကြံ့ခိုင်ရေးပါတီမှ အသာစီး ရယူထားနိုင်သဖြင့် တိုင်းရင်းသားပါတီများ အခန်းမှာ သိသာထင်ရှားမှု မရှိသေးပေ။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲ တွင် သိသိသာသာ စတင်ပြောင်းလဲသည်။ SNLD ကဲ့သို့ ရှမ်းပြည်တွင် အစဉ်အလာနှင့် သြဇာရှိသော ရှမ်းတိုင်းရင်းသား ပါတီ ရွေးကောက်ပွဲ ပြန်ဝင်သည်။ ALD ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း RNDP ရခိုင်အမျိုးသား တိုးတက်ရေးပါတီနှင့် ပေါင်း၍ ANP ရခိုင်အမျိုးသားပါတီ အဖြစ် ပြန်လည် ဖွဲ့စည်းသည်။ ဤသို့နှင့် တပြည်လုံးအနှံ့ ပြည်နယ်တိုင်းလိုလို၌ တိုင်းရင်းသားပါတီများဖွဲ့စည်း၍ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ရွေးကောက်ပွဲကာလ ပြိုင်ဆိုင်မှု
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ စခဲ့သည်ဟု ဆိုသော်လည်း တကယ်တမ်း လူထု တက်တက်ကြွကြွ ပါဝင်ခဲ့သည်မှာ ၂၀၁၅ ရွေးကောက်ပွဲဟု ဆိုရမည်။ အဆိုပါရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီရော တိုင်းရင်းသားပါတီများပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ခဲ့ကြသည်။ စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရေး အတွက် ရွေးကောက်ပွဲကို နည်းလမ်းတခု အဖြစ် ဝိုင်းဝန်းကျင့်သုံးခဲ့ကြ သည်။
ထိုစဉ်က ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသော ပါတီ ၉၂ ပါတီရှိခဲ့ပြီး တိုင်းရင်းသားပါတီ ၅၆ ပါတီ ရှိသည်။ တိုင်းရင်းသား ဒေသများတွင် NLD အနေနှင့် တိုင်းရင်းသားပါတီများနှင့်ပါ ဝင်ရောက်ယှဉ်ပြို င်ရခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ပေါ်ထွက်လာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က ထိုကိစ္စနှင့်ပတ်သက်၍ အောက်ပါအတိုင်း ရှင်းလင်းခဲ့သည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းချက်တွင် NLD ကပြည်နယ်များ တိုင်းရင်းသားဒေသများတွင် အဘယ်ကြောင့်ဝင်ပြိုင်သနည်း တိုင်းရင်းသားများနှင့် အဘယ်ကြောင့် မပူးပေါင်းသနည်းဟု အမေးများ ပြောဆိုမှုများ ရှိကြောင်း၊ တကယ်တမ်းအားဖြင့် သူမတို့ဝင်ပြိုင်ရခြင်းမှာ တိုင်းရင်းသားများနှင့် ပူးပေါင်းလို၍ ဝင်ပြိုင်ရခြင်း ဖြစ်ကြောင်း၊ ဤနိုင်ငံ၏ စနစ်ကို ပြောင်းလဲရန် တကယ့်ဒီမိုကရေစီ နိုင်ငံ ဖြစ်ရန် လိုကြောင်း၊ ခပ်တိုတိုပြောရလျင် NLD အစိုးရ ဖြစ်မှသာ ထိုသို့ဖြစ်နိုင်မည် ဖြစ်ကြောင်း NLD အစိုးရဖြစ်ဖို့ အတွက် ပြည်ထောင်စုလွှတ်တော်တွင် NLD အနေနှင့် ပြတ်ပြတ်သားသား အနိုင်ရရန် လိုသည်ဟု ပါရှိပါသည်။
ထို့ပြင် ကြံ့ခိုင်ရေးပါတီကလည်း တပြည်လုံးတွင် ပါဝင်ယှဉ်ပြိုင်နေရာ NLD အနေနှင့်လည်း တပြည်လုံးတွင် ယှဉ်ပြိုင်ရန် လိုကြောင်း၊ နေရာတိုင်းတွင် NLD ဝင်ရောက် အရွေးခံခြင်းသည် အစိုးရဖွဲ့နိုင်ရန် အတွက် ဖြစ်ကြောင်း၊ ရှင်းရှင်းပြောရလျင် ဗဟိုမှာ ဒီမိုကရေစီ မရှိဘဲ ပြည်နယ်များတွင် ဒီမိုကရေစီ မရှိနိုင်ကြောင်း၊ ဗဟိုမှာ ဒီမိုကရေစီ ရအောင် အရင်လုပ်ဆောင်နိုင်မှ ပြည်နယ်များတွင်လည်း ဒီမိုကရေစီ ရနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ NLD အနေနှင့် ဖက်ဒရယ်လမ်းကြောင်းကို သွားမည် ဖြစ်ကြောင်း၊ ယင်းတို့မှာ သူမပေးထားသော ကတိ ဖြစ်ပြီး သူမတို့ ဖျက်မည် မဟုတ်ကြောင်း ဆိုခဲ့ပါသည်။
ဤသို့နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD နှင့် တိုင်းရင်းသားပါတီများသည် ပြည်နယ်တွင် ယှဉ်ပြိုင်ခဲ့ကြသည်။ ချွင်းချက် အနေနှင့် CRPP တွင် ပါဝင်ခဲ့သော တိုင်းရင်းသားပါတီများ၏ ခေါင်းဆောင်တို့ ဝင်ရောက် အရွေးခံမည့် နယ်မြေတွင် ယှဉ်ပြိုင်ခြင်း မပြုဘဲ ဖယ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ သို့သော် ထိုကမ်းလှမ်းချက်ကို ANP ရခိုင်အမျိုးသားပါတီက ပယ်ချခဲ့သည်။ SNLD ခေါင်းဆောင်များက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့သည့် အပြင် မွန်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် နိုင်ငွေသိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သဖြင့် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးပူကျင့်ရှင်းထန် နေရာတခုသာ ဖယ်ပေးရန် လိုအပ်ခဲ့သည်။
ပြည်နယ်များ၏ရွေးကောက်ပွဲရလဒ်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD သည် ပြည်နယ် ၅ ခုတွင် အများစု အနိုင်ရခဲ့ သော်လည်း ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် အရေးနိမ့်ခဲ့သည်။ အနိုင်ရသည့် ပြည်နယ်များ ဖြစ်သည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့အား သုံးသပ်ကြည့်ပါက ချင်းပြည်နယ်မှ အပ ကျန်ပြည်နယ် ၄ ခုတွင် ပြောင်းရွှေ့အခြေချသူ များပြားသည်၊ ထို့ပြင် ထိုပြည်နယ်များတွင် တိုင်းရင်းသားပါတီ အားမကောင်းသည့် အပြင် ပါတီများ ကွဲပြားနေသည်။ အချို့ပြည်နယ်များတွင် တိုင်းရင်းသား ကိုယ်စားပြု အင်အားစုအင်အားစုများသည် လက်နက်ကိုင်စွဲခြင်းဘက် အားသန်နေသည်။
ထိုပြည်နယ်များရှိ တိုင်းရင်းသားများ ကလည်း မိမိတို့ အင်အားနည်းနေသည့် အခြေအနေတွင် NLD နှင့် ပူးပေါင်း လိုက်ခြင်းက ပို၍ကောင်းမည်၊ အနိုင်ရနိုင်ရန် သေချာမည်ဟု ယူဆကြသည်။ ထို့ပြင် လက်ရှိ အချိန်တွင် NLD အား မဲပုံပေး၍ ကြံ့ခိုင်ရေးပါတီအား ဖယ်ရှားပစ်ရန် လိုသည် ဟု အများစုက တညီတညွတ်တည်း သဘောထားခဲ့သည် ကလည်း အရေးပါသော အကြောင်းအချက် ဖြစ်ခဲ့သည်။ ထိုအကြောင်း အချက်များအောက်တွင် NLD ပါတီ အနိုင်ရခဲ့သည်ဟု ဆိုရမည်။
သို့သော် တိုင်းရင်းသား ပါတီများ အားကောင်းသော ရခိုင်နှင့် ရှမ်း ပြည်နယ်များတွင် NLD အများစု အနိုင် မရခဲ့ချေ။ ရခိုင်ပြည်နယ် လွှတ်တော်တွင် ANP ပါတီက ၂၃ နေရာ၊ NLD က ၉ နေရာနှင့် ကြံ့ခိုင်ရေးက ၃ နေရာ အနိုင်ရခဲ့သည်။ ရှမ်းပြည်နယ် လွှတ်တော်တွင် ကြံ့ခိုင်ရေးက ၃၅ ဦး၊ SNLD က ၂၄ ဦး၊ NLD က ၂၂ ဦး၊ TNP က ၇ ဦး၊ PNO က ၆ ဦး၊ WDP ဝ ဒီမိုကရက်တစ် ပါတီက ၂ ဦး၊ LNDP လားဟူအမျိုးသားဖွံ့ဖြို းတိုးတက်ရေးပါတီက ၂ ဦး၊ ရှမ်းတိုင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP က ၁ ဦး၊ WNUP ဝ အမျိုးသားညီ ညွတ်ရေးပါတီက ၁ ဦး၊ LNPP လီဆူးအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီက ၁ ဦး၊ ANDP အခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ၁ ဦး နှင့် တသီးပုဂ္ဂလ ၁ ဦးတို့ ဖြစ်သည်။ (မဲဆန္ဒနယ် ၁၄ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သေးပါ။) ထို့ကြောင့် SNLD အပါအဝင် တိုင်းရင်းသား ပါတီများ၏ အနိုင်ရရှိမှု မှာ စုစုပေါင်း ၄၅ ဦး အထိရှိခဲ့ပြီး စုစုပေါင်း အရွေးခံအမတ် ဦးရေ၏ တဝက်နီးပါးခန့်ရှိခဲ့ သည်ကို တွေ့ရသည်။
(ဆက်လက်ဖေါ်ပြပါမည်)
(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာသုတေသီတဦးဖြစ်သည်)