ပထမမြန်မာ့စိတ်ထားများနဲ့ မင်းဘာလဲ ငါဘာလဲ

မောင်ဆွေဝင်း (ပဲခူး)
ကာတွန်း - ညီပုချေ

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို လေ့လာသုံးသပ်ပါက ပထမ မြန်မာ့စိတ်ထားများ ရှားပါးကာ မင်းဘာလဲ၊ ငါဘာလဲ စိတ်ဓာတ်များ ပေါများနေသည်ကို တွေ့နေရသည်။ “ပထမမြန်မာ့စိတ်ထား” ဆိုသည်ကို အနည်းငယ် ရှင်းပြပါမည်။

မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက “စိတ်ကောင်း ရှိဖို့ပထမ” ဖြစ်ကြောင်း သြဝါဒစကား မြွက်ကြားထားသည်။ ယင်း မိန့်ဆိုချက်သည် ပထမမြန်မာ့စိတ်ထား ပါပဲ။ လူတိုင်း လူတိုင်းသည် စိတ်ကောင်း ထားရမည်။ အတ္တ လွန်ကဲမှုကို စွန့်လွှတ်နိုင်ရမည်။ မိမိရဲ့ ပတ်ဝန်းကျင် ကောင်းကျိုးကို သယ်ပိုးထမ်းဆောင် ရမည်။ ကိုယ့်ရဲ့ စိတ်ထားကို ထာဝရ လှပဖြူစင်နေအောင် ပထမဆုံး မြန်မာ့စိတ်ထားကို မွေးမြူကြရမည် ဖြစ်သည်။

စိတ်ထားကို ဖြူစင်အောင် မွေးမြူလို့ ရပါသည်။ ခက်ခက်ခဲခဲကြီး မဟုတ်။ တခုတော့ရှိသည်။ လူတို့၏ စိတ်သည် ကောင်းမှုထက် မကောင်းမှုကို ပိုပြီး လွယ်လွယ်ကူကူ ခုံမင်တတ်ကြခြင်းပင် ဖြစ်သည်။ မြန်မာတိုင်းရင်းသား အားလုံး၏ စိတ်သည် သူတပါးကို သနားကြင်နာစိတ် ကြီးမားကြသည်။

ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ အတွင်း မြန်မာပြည်မှ ဆုတ်ခွာ ပြေးကြရသည့် ဂျပန်များသည် မြန်မာတို့၏ စိတ်ကောင်းရှိမှုကို ကောင်းကောင်းကြီး ကျေးဇူးတင် အသိအမှတ် ပြုကြသည်။ ပထမမြန်မာ့ စိတ်ထား ရှိသူများသည် အင်မတန် ရိုးစင်းပြီး ဖြူစင်သော နှလုံးသား ပိုင်ရှင်များလည်း ဖြစ်ကြပါသည်။ သူတို့သည် မည်သို့သော ရာထူးကြီးကြီး၊ မည်မျှပင် ချမ်းသာ ချမ်းသာ လူမှုဘ၀ ဝန်းကျင်တွင် အဖြူရောင် နှလုံးသား စိတ်ထားများဖြင့် ရှင်သန်လှုပ်ရှားသွားခဲ့ကြသည်။

ပထမမြန်မာ့ စိတ်ထား အကြောင်းနှင့် ပတ်သက်၍ ဆရာအောင်မြင့်ဦး (မဟာဝိဇ္ဇာ)၏ “တက္ကသိုလ်နယ်မြေက ပထမမြန်မာ့ စိတ်ထားများ” ဆောင်းပါး ဖော်ပြချက်အချို့ကို ကောက်နုတ်တင်ပြချင်ပါသည်။

ကျောင်းစဖွင့်ရက် တရက်မှာ ဆရာဦးအေးချမ်းက ကျနော့်ကို ဘောလုံးသမားတွေကို ခေါ်ခဲ့ဖို့ ပြောခဲ့တယ်၊ လာမယ့် တနင်္ဂနွေနေ့ နံနက် ၈ နာရီအရောက် သမိုင်းဌာနကို လာခဲ့ကြ၊ အမရဆောင် သန့်ရှင်းရေး လုပ်မယ် တဲ့။ အဲဒီတုန်းက သမိုင်းဌာနဟာ အမရဆောင်မှာ ရှိပါတယ်။ ချိန်းထားတဲ့ တနင်္ဂနွေနေ့ ရောက်တော့ နံနက် ၈ နာရီ မထိုးခင် ကျနော် အမရဆောင်ကို ရောက်သွားခဲ့တယ်။ တယောက်မှ ရောက်မလာသေးတာ တွေ့ရတယ်။

အဲဒီ အချိန်မှာ ကျနော် ဆီးသွားချင်တာနဲ့ အမရဆောင် အောက်ဆုံးထပ်မှာ ရှိတဲ့ ယောက်ျားလေး အိမ်သာထဲ ဝင်သွားခဲ့တယ်။ အိမ်သာထဲ ရောက်တော့ အသားဖြူဖြူ ဆံပင်ဖြူကျဲကျဲနဲ့ ကရင်အမျိုးသားကြီး တယောက်က ရေပုံးကြီး ကိုင်ပြီး အိမ်သာတွေကို အားရပါးရ ဆေးကြောနေတာ တွေ့ရပါတယ်။

ကျနော်လည်း ကျနော့်ကိစ္စ ပြီးတာနဲ့ အမရဆောင် အပေါက်ဝကို ပြန်ထွက်ခဲ့ပါတယ်။ အပေါက်ဝရောက်တော့ ဆရာဦးအေးချမ်းနဲ့ တွေ့ခဲ့ပါတယ်၊ ဆရာက ဘယ်သူမှ မရောက်သေး ဘူးလား လို့ မေးတော့…၊ ကျနော်က ဘယ်သူမှ မရောက် သေးဘူးဆရာ၊ ယောက်ျားလေး အိမ်သာထဲမှာတော့ အသားဖြူဖြူ ကရင်အမျိုးသားကြီး တယောက် အိမ်သာဆေးနေတာ တွေ့ရတယ် ဆရာ” လို့ ပြောတော့ ဆရာဦးအေးချမ်းက ပျာပျာသလဲနဲ့ အိမ်သာဘက်ကို ထွက်သွားတယ်၊ ကျနော် နောက်က လိုက်သွားတယ်၊ ကျနော်တို့ နှစ်ယောက်စလုံး ယောက်ျားလေး အိမ်သာကနေ ထွက်လာတဲ့ ကရင်အမျိုးသားကြီးကို တွေ့ရတယ်။

ဆရာဦးအေးချမ်းက “အဲ့ဒါမှ ဒုက္ခပဲ၊ အဲဒါ စတန်းဖို့ဒ်ပဲ” လို့ပြောတော့ ကျနော်က “စတန်းဖို့ဒ်က ဘယ်သူလဲ” လို့ မေးခဲ့တယ်။  ဆရာက “ဘယ်သူ ဖြစ်ရမှာလဲ…၊ ငါတို့ သမိုင်းဌာန ပါမောက္ခဆရာကြီး ထွန်းအောင်ချိန်” တဲ့။ ကျနော် ဘာပြောရမှန်းတောင် မသိ ဖြစ်သွားတယ်။ ကိုယ့်ပါမောက္ခမှန်းတောင် ကျနော် မသိခဲ့ရဘူး၊ သူက အားရပါးရ အိမ်သာ ဆေးနေတဲ့ အချိန်မှာ ကျနော်က ဆီးတောင် သွားလိုက်သေးတယ်။

တကယ်တော့ ကျနော်တွေ့ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ စတန်းဖို့ဒ်လည်း မဟုတ်ဘူး။ ပါမောက္ခဆရာကြီး ဦးထွန်းအောင်ချိန်လည်း မဟုတ်ဘူး။ ပထမ မြန်မာ့စိတ်ထား ရှိနေတဲ့…၊ ပထမမြန်မာ့စိတ်ထား ပိုင်ဆိုင်ထားတဲ့…၊ အလွန်လေးစားဖို့ ကောင်းတဲ့ ကရင်အမျိုးသား လူရိုးတယောက် ပါပဲ။ သူဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမမြန်မာ့စိတ်ထားကို ပြသခဲ့သူ တဦး ဖြစ်ပါတယ်။

အထက်တွင် ဖော်ပြခဲ့သည် မှာ တက္ကသိုလ်နယ်မြေက ပထမမြန်မာ့စိတ်ထား ပိုင်ရှင်အကြောင်း ဖြစ်သည်။ အခြား အခြားသော နယ်ပယ် အသီးသီးတွင်လည်း ဆရာဦးထွန်းအောင်ချိန်လို ပုဂ္ဂိုလ်များစွာ ရှိခဲ့ဖူး ကြုံခဲ့ဖူးပါသည်။ ဤသို့သော စိတ်ထားပိုင်ရှင် များလေလေ…၊ လူမှုအဖွဲ့အစည်းအတွင်း လူကြီးနှင့် လူငယ်ဆက်ဆံရေး အဆင့်မြင့်မား လေလေ ဖြစ်မည် ထင်ပါသည်။

လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လေးစားမှု၊ ဂုဏ်သိက္ခာရှိမှုတို့နှင့် အတူ အောင်မြင်မှုများ ရမည်မှာ သေချာသည်။ ပထမမြန်မာ စိတ်ထားကို လူကြီးများသာ ရှိရမည်ဟု မဆိုလိုပါ။ လူငယ်များတွင်လည်း ပထမ မြန်မာ့ စိတ်ထား ရှိနေသည်မှာ အားရစရာ ကောင်းပါသည်။ မွန်မြတ်စိတ်ထားများနှင့် ပရဟိတ လုပ်ငန်းများတွင် ပါဝင်လှုပ်ရှား နေကြသည်ကို တွေ့မြင် ကြားသိနေရသောကြောင့် ဖြစ်သည်။ ဒီထက် တိုးပွား များပြားလာအောင် အားပေးကြရမည် ဖြစ်ပါသည်။

သို့ရာတွင် တခြား တဖက်တွင် ဂုဏ်ထူးရာထူး လုပ်ပိုင်ခွင့် အာဏာများကို ဖက်တွယ်ကာ မင်းဘာလဲ၊ ငါဘာလဲ စိတ်ဓာတ်ပိုင်ရှင်တွေ ရှိနေကြတာကလည်း စိတ်ပျက်စရာ ကောင်းလှပါသည်။

တလောက ရပ်ကွက်ထဲက ရာအိမ်မှူး တယောက်နှင့် လူငယ်နှစ်ဦး စကားအချေအတင် ဖြစ်ကြသည်။ လက်ဖက် ရည်ဆိုင်တွင် လက်ဖက်ရည် သောက်နေသည့် ကုမ္ပဏီဝန်ထမ်း လူငယ်နှစ်ဦးက ဆိုက်ကယ်စီးပြီး ရောက်လာသော ရာအိမ်မှူး၏ ဆိုင်ကယ်ကို ကြည့်ပြီး ဝေဖန်ရာမှ ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်။ လူငယ်တဦးက “ရပ်ကွက်ထဲမှာ ဆိုင်ကယ်တွေ ဖမ်းတယ် ဆိုပြီး ဒီဆိုင်ကယ်ကျ တော့ ဘာလို့ မဖမ်းတာလဲ” လို့မေးရာ၊ ကျန်လူငယ် တဦးက “သူက ရာအိမ်မှူးလေကွာ” ဟု ပြန်ပြောသည်။

ပထမလူငယ်က မကျေနပ်သေးဘဲ “မင်းကြည့်ပါလား၊ သူ့ဆိုင်ကယ်မှာ ဘာနံပါတ်မှလည်း မပါဘူး၊ ဝစ်သောက်ကြီး” လို့ အထွန့်တက်ပါရော။ လူငယ်ရဲ့ စကားကို ကြားသွားတဲ့ ရာအိမ်မှူးက ဝင်ချဲတော့သည်။ “ဟေ့ကောင်၊ ငါက ဒီရပ်ကွက်က ရာအိမ်မှူးကွ၊ မင်းက ဘာလဲ၊ ငါက ဘာလဲ မသိဘူးလား” ဟု မာန်တက်ပြတော့သည်။ မခံချင်စိတ် ရှိသည့် လူငယ်များနှင့် ပြဿနာ ဖြစ်မည်စိုး၍ ဘေးလူတွေက တောင်းပန်ဖျန်ဖြေ လိုက်ရသည်။

ပြဿနာက ငြိမ်းသွားသော်လည်း ကျနော့် ခေါင်းထဲတွင် “မင်းဘာလဲ၊ ငါဘာလဲ” ဆိုသည့် စကားလုံးက တဝဲဝဲလည်နေတော့သည်။ ကျနော်တို့ မြန်မာ့လူမျိုးများသည် ရာထူးနှင့် လုပ်ပိုင်ခွင့်လေး ဆီးရွက်လောက် ရသည်နှင့် အမြီးအမောက် မတည့်သည့် မာန်မာနတွေတက် ပြလေ့ရှိသည်။ ထိုသို့ ရာထူး အဆင့်ဆင့်နှင့် နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသော လူများသည် မင်းဘာလဲ၊ ငါဘာလဲ စိတ်မျိုး ရှိနေသည့် အပြင် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှု မရှိသောအခါ လုပ်ငန်းတိုးတက် အောင်မြင်မှု နည်းပါးနေခြင်း ဖြစ်သည်။
ဒီမိုကရေစီလမ်းပေါ်တွင် တိုးပွားရမည့် အချက်မှာ ပထမမြန်မာ့စိတ်ထားများ ဖြစ်ပြီး၊ ပယ်ဖျောက်ရမည့် အချက်မှာ မင်းဘာလဲ၊ ငါဘာလဲ ဟူသည့် မာန်စိတ် ဖြစ်ပါသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မင်းဘာလဲ၊ ငါဘာလဲ စိတ် အလျဉ်းမရှိသူ ဖြစ်သည်။ ရုပ်ရှင် ကြိုက်သော ဗိုလ်ချုပ်သည် ရုပ်ရှင်ကားများကို မည်သည့်နေရာ ရောက်ရောက် ကြည့်လေ့ ရှိသော်လည်း ဗိုလ်ချုပ် ဆိုသည့် ဟိတ်ဟန်တွေကို မည်သည့် အခါမျှ မသုံးခဲ့၊ မပြုလုပ်ခဲ့။ ယင်းကြောင့်ပင် ရိုးသားဖြူစင် စိတ်ထားရှိသူ ခေါင်းဆောင်တဦး အဖြစ် လေးစား အသိအမှတ်ပြု ခံရခြင်း ဖြစ်ပါသည်။

ထို့ကြောင့် လူသာ သေသွားသော်လည်း ဗိုလ်ချုပ်၏ ဂုဏ်သတင်းသည် ပြည်သူလူထုရဲ့ အသည်းနှလုံးတွင် ထင်ရှား စွဲမြဲနေခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် မင်းသား မောင်တင်မောင် ပါဝင်သရုပ်ဆောင်ခဲ့သော “မင်းဘာလဲ… ငါဘာလဲ” ရုပ်ရှင်ကားကို “ငါဟာ ဘာပဲ” ဆိုသည့် မောက်မာမှုနှင့် သွားရောက် ကြည့်ရှုခဲ့ခြင်း မရှိကြောင်း မှတ်တမ်းများ ရှိပါသည်။

(မောင်ဆွေဝင်း (ပဲခူး) သည် ရန်ကုန်အခြေစိုက် ဆောင်းပါးရှင်တဦးဖြစ်ပြီး နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များတွင် ပုံမှန်ရေးသားနေသည်)

Loading